ဒီနေရာမှာ ဝေါဟာရတွေကို ပြန်စဉ်းစားကြည့်စေချင်တယ်။
နိုင်ငံရေးသပ္ပံစာသင်ခန်းတခုမှာ ဥရောပ ဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်သလဲ၊ ကိုယ်မြင်တဲ့အမြင်တွေကို စကားလုံးအဖြစ်တက်ရေးကြပါ ဆိုတော့ ကျောင်းသားတွေက အများကြီး ရွတ်ပြကြတာပေါ့။
အရင်းရှင်၊
အဖြူတွေကြီးစိုးတဲ့နေရာ၊
နယ်ချဲ့၊
ဈေးကွက်စီးပွားရေး၊
လစ်ဘရယ်အိုက်ဒီရော်လော်ဂျီ၊ ----- အစုံပါပဲ။
ဟို အရင်တုံးကတော့ ကိုယ်က လက်ဝဲစာပေတွေ နဲ့ ကြီးခဲ့တာဆိုတော့ အမေရိကန်နဲ့ဥရောပနိုင်ငံတွေကို ယန်ကီးနဲ့နယ်ချဲ့၊ အရင်းရှင် ဆိုတာ မကောင်းဘူး ---- စတာတွေနဲ့ပဲ ချည်းကပ်ခဲ့တာကိုး။
တကယ့်တကယ်လဲ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်တွေကို ကျင်လည်လိုက်ရတော့
ကြွေးကြော်သံတွေက သိတ်အလုပ်မဖြစ်ဘူးဆိုတာ သိလာခဲ့တယ်။
အလုပ်သမားလယ်သမား လူတန်းစားအတွက် လုပ်ပါတယ် ပြောနေတဲ့ ကွန်မြူနစ်နိုင်ငံတွေမှာ တကယ့်တကယ်တော့ လူတန်းစားသစ်တရပ်ပေါ်လာတာပဲ မို့လား။
၂၀ ရာစုမှာ Karl Marx ပြောခဲ့တဲ့ ကွန်မြူနစ်နိုင်ငံဆိုတာ တနိုင်ငံမှ မပေါ်ပေါက်ခဲ့ပါဘူး။
ငယ်ငယ်တုံးက လူကြီးတွေ ပြောလေ့ရှိတဲ့ " မင်းတို့နော် လူတွေအကြောင်းတွေကို မသိပဲနဲ့ နိုင်ငံရေးထဲမှာချည်း ဘဝတွေကို စွန့်လွှတ်မပစ်နဲ့ " ဆိုတာတွေလည်း နားမထောင်ခဲ့ဘူး။ သွေးသိတ်တက်နေတဲ့ အရွယ်ကိုး။
လက်တွေ့ဘဝထဲကိုလည်း ဝင်လိုက်ရော
လူဆိုတာ ငွေ၊ အခွင့်အာဏာ၊ ဆန့်ကျင်ဘက် လိင် ----- ဒီ သုံးခုနဲ့တွေ့လိုက်တဲ့အခါ
အန္တရာယ်များတဲ့လောင်းကစားပွဲတွေ
လူတန်းစားတိုက်ပွဲထက်
စိတ်ဝိညာဉ်တိုက်ပွဲ
ကိုယ်ကျင့်သိက္ခာတိုက်ပွဲဟာ ပိုမိုထင်ရှားစွာ မြင်နေရတယ်။
ခုတော့ အရှင်းရှင် ဆိုတဲ့စကားလုံးကို အကောင်းဘက်က တွေးနေတယ်။
အရင်းရှင် ဆိုတာ အရင်းကို ရှင်အောင် လုပ်တဲ့သူ
ကိုယ့်မှာ ဘာအရင်းရှိသလဲ။
ငွေလား၊ ပညာလား၊ အဆက်အသွယ်လား၊ ဥပဓိရုပ် နဲ့ ချောမောလှပမှုလား။
ကိုယ့်မှာရှိတဲ့အရင်းကိုသာ ရှင်သန်အောင်လုပ်ပါလေ။
နိုင်ငံရေး၊ လူမှုရေး နဲ့ နယ်ပယ်အသီးသီးမှာ နောက်ဆုံး ဆုံးဖြတ်သွားတဲ့ အရာက ပါဝါ ပဲမို့လား။
အရင်းရှင်ဖြစ်မှာကို ဂုဏ်ယူလိုက်စမ်းပါ
No comments:
Post a Comment