Monday, December 30, 2013

ကိုယ်ကျင့်သိက္ခာ အတုအယောင် (Fake Morality)

ငယ်တုန်းကသိပ်လေးစားတဲ့ ဆရာမတစ်ယောက်ပြောနေကြ စကားလေးရှိတယ်။ အလို့ရိုးနေတာမဟုတ်ဘူး၊ လှည့်ပါတ်တတ်တယ်၊ မရိုးမဖြောင့်နေတတ်တယ်၊ ရိုးဂုဏ်ကို သဘောကျလွန်းလို့ ရိုးရိုးသားသားနေတာတဲ့။ ဘ၀မှာ အလွှာမျိုးစုံက လူမျိုးစုံကို နေရာအမျိုးမျိုး၊ ဒေသအမျိုးမျိုးမှာ တွေ့ကြုံဖူးပြီးနောက် ဆရာမပြောခဲ့တာလေးကို ပိုပိုသဘောပေါက်ပြီး၊ ကိုယ့်ဆရာမရဲ့ တပြည့်ဖြစ်ခဲ့ဖူးတာလေးကို ဂုဏ်ယူဝမ်းသာမိတယ်။


တစ်နေ့ကဆယ်တန်းတက်နေတဲ့ ညီငယ်တစ်ယောက် ရှစ်တန်းနဲ့ကျောင်းထွက်ပြီး ရပ်ကွက်ထဲမှာ ဂိမ်းဆိုင်တစ်နေကုန်ထိုင်၊ ဟိုယောင်ယောင်ဒီယောင်ယောင်လုပ်နေတဲ့ အသက်ကြီးကြီးကောင်လေးတစ်ယောက်နဲ့ တတွဲတွဲလုပ်နေလို့ သူ့အမေဆုံးမနေတယ်။ ဒီကောင်လေးနဲ့တွဲတွဲပြီး ညထွက်ထွက်လည်တတ်တာ၊ ခဏခဏပျောက်ပျောက်သွားတာ ညီငယ်လေးရဲ့ အမေက မကြိုက်ဘူး၊ ဒါကြောင့် အပေါင်းအသင်းမလုပ်ဖို့တားတယ်။

ညီငယ်ကတောဘာမှတော့ပြန်မပြောရှာဘူး။ သူ့အမေစကားကို တုံတိဘာဝေနားထောင်နေတယ်။ ခဏတော့ နင့်ညီပြောဦးဆိုပြီး ကျွန်တော့အဒေါ်က သူ့ပြဿနာကိုယ့်ပြဿနာလုပ်ထားခဲ့တယ်။

ဖတ်လက်စစာအုပ်ခဏချ ကိုယ့်ညီကိုအကဲခတ်ကြည့်ရတယ်။ ညီတော်မောင်ကြည့်ရတာ သူ့သူငယ်ချင်းကိုမကောင်းပြောထားလို့ သိပ်တော့ကျေလည်ပုံမပေါက်ဘူး။ ဆရာတစ်ယောက်အနေနဲ့ကော၊ လူငယ်တစ်ယောက်ရဲ့ စိတ်ဓါတ်ခံယူချက်အနေအရကော ညီငယ်ကိုနားလည်မိတော့ ဆုံးမတာဘာညာ မလုပ်ချင်ဘူးဆိုပေမယ့် သူ့နဲ့ဆွေးနွေးချင်စိတ်ပေါ်လာတယ်။

ကိုယ့်ညီငယ်ကို သူ့သူငယ်ချင်းအပေါ်သူ့အမြင်ကို လှည့်ပါတ်မေးပြီးတော့ ကိုယ်သဘောပေါက်လိုက်တာက သူ့သူငယ်ချင်းက သူ့အတွက် သူရဲကောင်းဆန်နေတယ်။ ခေတ်မှီမှီသပ်သပ်ရပ်ရပ်ကျော့ကျော့မော့မော့ နေတတ်တယ်၊ ရည်းစားထည်လည်းထားနိုင်တယ်၊ အပေါင်းသင်းတွေအပေါ်ကောင်းတယ်ပေါ့။ အဓိကသူ့သူငယ်ချင်းနဲ့ပါတ်သက်တဲ့ Highlight က သူ့သူငယ်ချင်းဟာ စိတ်ဓါတ်ကောင်းတယ်။

သူ့သူငယ်ချင်းစိတ်ဓါတ်ကောင်းတယ်ဆိုတာကို ထင်မြင်နေတဲ့ညီငယ်အပြောအဆိုမှာ သူ့သူငယ်ချင်းထက်ကောင်းတဲ့လူ မရှိတော့သလိုပြောနေလို့ ဘ၀မှဆိုးဆိုးဝါးဝါးကို စိတ်ဓါတ်ယုတ်မာလှပါတယ်ဆိုတဲ့ လူတွေကို လက်ချောင်းထောင်ရေတွက်ကြည့်ပါဦး လို့ဆိုတော့ သူတွေဖူးတဲ့ယုတ်မှာသူဆိုတာ တော်တော်စဉ်းစားယူရရှာတယ်။ လက်ချောင်းသုံးချောင်းမပြည့်လိုက်ဘူး။

ပြောချင်တာကတော့ လူတွေဟာအခြားတစ်ပါးသူတွေရဲ့ ကိုယ်ကျင့်သိက္ခာတွေကို အလွယ်တစ်ကူအားကျ ကြည်ညိုလေးစား၊ အလွမ်းမိုးခံတတ်သလို၊ အလွယ်တစ်ကူ အထင်သေးလက်မခံတာမျိုးတွေလည်း ဖြစ်တတ်ကြတယ်။ သေသေချာချာစဉ်းစား သုံးသပ်တာမျိုးမရှိကြဘူး။

ဂျာမာန်တွေးခေါ်ပညာရှင် Friedrich Nietzsche (1844-1900) ရဲ့ အဆိုအရ ကိုယ်ကျင့်သိက္ခာဟာ လူ့အသိုင်းအ၀န်းတစ်ခုထဲက ခပ်ညံ့ညံ့လူတွေ၊ လူတန်းစေ့အားထုတ်ရုန်းကန်မှုမရှိသူတွေ၊ ဘ၀မှာအရှုံးသမားဖြစ်နေသူတွေအတွက် လူတော်တွေ၊ လူတန်းစေ့အားထုတ်ရုန်းကန်နေရသူတွေ၊ ဘ၀ကိုအောင်အောင်မြင်မြင်တည်ဆောက်ထားသူတွေနဲ့ အခွင့်ရေးတူရဖို့ တန်းညှိပေးထားတဲ့ လူမှု့ရေးစံတွေဖြစ်တယ်။ ရှင်းရှင်းပြောရရ သိပ်အားထုတ်စရာမလိုဘဲ လူအထင်ကြီးအောင် ၀တ်ထားလို့ရတဲ့ အပေါ်ယံဝတ်ရုံတွေပေါ့။

အရက်သမားနဲ့ ဝေလေလေတွေနိုင်ငံရေးသမားဆိုတဲ့ ၀တ်ရုံကြီးတွေခြုံပြီး မော့နေကြတာတွေ၊ အလုပ်အကိုင်မဲ့တွေက ပါတ်ဝန်းကျင်ထိမ်းသိမ်းရေးသမားတွေနဲ့၊ လူမှုရေးလုပ်နေတာတွေ၊ မအောင်မြင်သူတွေ လူအသိမှတ်ပြုခံချင်သူတွေက လူ့အခွင့်ရေးတိုက်ပွဲဝင်သူတွေဖြစ်နေကြတာတွေကို ပေါပေါများများမြင်နိုင်တဲ့ ခုချိန်မှာ Nietzsche ရဲ့ အယူအဆကို ပိုနားလည်ရတယ်။

ကျွန်တော်ပညာတွေသင်ရတော့ တက္ကသိုလ်ကဆရာမတစ်ချို့ ၀တ်စားတာ၊ ပြောဆိုပြုမှုနေထိုင်တာကတော့၊ ဆရာသမားကောင်းပီသလွန်းပေမယ့် ပညာအားထုတ်မှုမှာ မရှိသလောက်နည်းပါးလွန်းတာတွေခဏခဏမြင်ရတော့ ကိုယ်ကျင့်သိက္ခာအတုဆိုတာ ပိုပြီးသဘောပေါက်ရတယ်။ ပညာလိုချင်လို့ ဆရာခေါ်ကြတာပါ၊ ဆရာပုံပေါက်ရုံနဲ့ပဲ ဆရာလို့သတ်မှတ်ပြီး ကျောင်းသားက ပညာလိုချင်စိတ်ဆရာထက်တောင်ပိုနေတဲ့ အခြေနေတွေကြုံဖန်များတော့ ကိုယ်ကျင့်သိက္ခာအတုတွေ လက်ခံနေတဲ့ လူ့အသိုင်းဝန်းကြီးမှာ လူတွေဟာ အရည်ခြုံ အဟုတ်ဖြစ်တာပဲလို့။

တစ်လောကလည်းရင်းနှီးတဲ့ လက္ဘရည်ဆိုင်မှာထိုင်နေတုန်း သင်္ဃန်းရုံထားပေမယ့် မှုးနေပုံပေါက်တဲ့ ဘုန်းကြီးတစ်ပါး အလှူခံတော့ ဆိုင်ရှင်ကလက်အုပ်လေးချီပြီးတော့ အလှူငွေထည့်လိုက်တယ်။ ဒါကိုမကျေလည်တဲ့လူတွေက ဆိုင်ရှင်ကိုဝေဖန်တော့ ဆိုင်ရှင်က ကျွန်တော်က ဘုရားရှင်ရဲ့ သင်္ဃန်းကိုအရိုအသေပေးတာ၊ သင်္ဃန်းကို လှူတာပါတဲ့။

ကျတော်ကတော့ အော်ကိုယ်ကျင့်သိက္ခာအတုဆိုတာ အနေထိုင်၊ အ၀တ်အစား၊ အပြောအဆိုနဲ့ တင်ကို လူတွေရဲ့ စိတ်ခံစားချက်ကို အလွယ်တစ်ကူလှည့်စားနိုင်ပါလားပေါ့နော်။ လိမ်လိုက်ကြစမ်းပေါ့။ ခံလိုက်ကြစမ်းပေါ့။ တောင်းမှာအကွပ်၊ လူမှာအ၀တ် ဆိုတဲ့ဆိုရိုးတွေပဲရှိပြီး၊ အသွင်အပြင်နဲ့တော့ အရည်ချင်းစစ် အကဲဖြတ်ဖို့မဖြစ်နိုင်ဘူးဆိုတာ သတိမချပ်ကြသူတွေကိုးနော်။

ဖွတ်တွေမိကျောင်းဖြစ်နေတဲ့နိုင်ငံမှာ မြစ်လည်းစိတ်မချမ်းသာ၊ မိကျောင်းအစစ်တွေလည်း ဖွတ်နဲ့ပြိုင်မဖြစ်ချင်တာနဲ့ အသံတွေမထွက်ကြ။ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့စည်းတွင်းက ကိုယ်ကျင့်သိက္ခာအရည်ခြုံပြီး ဖွံ့ဖြိုးမှုတွေ၊ တိုးတက်မှုတွေနည်းပါးစေနေတဲ့သူတွေ၊ လူ့အဖွဲ့အစည်းအကျိုးကို ယုတ်လျော့စေသူတွေကို ဆန်းစစ်မြင်တတ်ကြဖို့လိုလာပြီလားလို့နော်။

Nietzsche ကတော့ နှစ်ဆယ့်တစ်ရာစုမှာ အလွယ်တစ်ကူခြုံပြီး လူလေးစားအောင်လုပ်လို့ရတဲ့ ကိုယ်ကျင့်သိက္ခာအတု ၀တ်ရုံတွေကိုဒီလိုပြောတယ်။
ပျော့ညံ့မှုတွေကို စိတ်နှလုံးသားနူးညံ့မှုနဲ့ အရေခြုံခြင်း၊ ရုပ်ဝတ္ထုတွေကို မတတ်နိုင်ခြိုးခြံရခြင်းကို လူသားဆန်မှု၊ ကိုယ်မဘာမှမတတ်နိုင်လို့ စောင့်စားရတာကို စိတ်ရှည်မှု၊ ကိုယ့်ကို်ကျူးလွန်မှုကို လက်တုံ့ပြန်နိုင်စွမ်းမရှိခြင်းကြောင့် ငြိမ်ခံရခြင်းကို ခွင့်လွတ်မှု၊ ရိုင်းစိုင်းကြမ်းကြုတ်မှုကို ရဲ့ ရင့်ခိုင်မာမှု၊ ပျော့ညံ့မှုကို ကြင်နာမှု၊ အနိုင်ကျင့်ဗိုလ်ကျတာကို ရဲ့ ၀ံ့မှု၊ တွန့်ဆုတ်မှုကို၊ ရှက်ရွံ့ မှုကို နှိမ့်ချမှု၊ မောက်မာမှုကို ဂုဏ်သိက္ခာ စတာတွေနဲ့ အရေခြုံ လိုက်လို့ရတယ်။

~AMM~
GREENHILL

No comments:

Post a Comment