ဆုကောင်းကောင်း တောင်းတတ်သူ

Thursday, 21 November 2013 14:21
Written by ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်)
ကျွန်မသည် ၁၉၆၅ သြဂုတ်လထုတ် ရီးဒါးစ်ဒိုင်ဂျက် စာအုပ်ကလေးကို အမြတ်တနိုး သိမ်းထားပါ သည်။ ထိုစာအုပ်ထဲတွင် ဗိုလ်ချုပ်ကြီး ဒေါက်ကလပ်မက်အာသာ၏ ဆုတောင်းပါသောကြောင့် ဖြစ်ပါသည်။ ခရစ်ယာန်ဗိုလ်ချုပ်ကြီးက သားအတွက်လိုချင်သော အရည်အချင်းများကို ဖော်ပြကာ ဘုရား သခင်ထံမှာ ဆုတောင်းထားခြင်းဖြစ်ပါသည်။ တိုက်ရိုက်ဘာသာပြန်ရမှာ ဝန်လေးပါသည်။ ဘာသာရပ် မကျွမ်း၍မူလဆုတောင်း၏ ရသပျက်မည်စိုးသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် မက်အာသာလိုချင်သော လူတစ်ဦး၏အရည်အသွေးနှင့် ပတ်သက်၍ တွေးတောခံစားမိသလို တင်ပြလိုပါသည်။
မက်အာသာလိုချင်သောသားမှာ မိမိအားနည်းချက်ကို မိမိသိမြင်နိုင်အောင် စိတ်ဓာတ်အင်အားကောင်းသောသား၊ မိမိကြောက်ရွံ့သည့်အခါတွင် မိမိကိုယ်ကို မိမိရင်ဆိုင်နိုင်သောသား၊ရိုးရိုးသားသား ရှုံးနိမ့်သောအချိန်တွင်ဦးမညွှတ်စတမ်း မာန်ရှိသောသား၊ အောင်မြင်သောအချိန်တွင် နှိမ့်ချသော၊ နူးညံ့သောစိတ်ထားရှိသည့်သားမျိုး ဖြစ်ပါသည်။
မက်အာသာသည် လူကောင်းသူကောင်းတို့တွင် ရှိအပ်သောစိတ်ကို ကောင်းစွာသိသူဖြစ်ပါသည်။ ရုပ်အင်အားထက် စိတ်အင်အားကို ပို၍တန်ဖိုးထားသူ ဖြစ်ပါသည်။ လူတိုင်းတွင် အားနည်းချက်များ၊ ပျော့ကွက်များ ရှိကြပါသည်။ ထိုအားနည်းချက်များ၊ ပျော့ကွက်များတွင် အချိန်အခါအလျောက် ပေါ်ပေါက်တတ်သော အားနည်းချက်များရှိသကဲ့သို့ အစဉ်ပင်မိမိစိတ်သန္တာန်ဝယ် တည်နေတတ်သော အားနည်းချက်များလည်း ရှိပါသည်။ထိုအားနည်းချက်များကို မိမိဘာသာ မြင်နိုင်၊ သိနိုင်ခြင်းသည် ထိုသူအဖို့ အကောင်းဆုံးအခြေအနေ ဖြစ်ပါသည်။ သို့မဟုတ်က အခြားသူတစ်ဦးဦးက မြင်သော်လည်း ထောက်ပြချင်မှ ထောက်ပြမည်။ ထောက်ပြပါကလည်း မိမိအားနည်းချက်ကို မိမိမြင်လာလျှင် ကောင်း သည်။ မမြင်ပါက ထောက်ပြသည့်သူကို မုန်းတီးသွားနိုင်သေးသည်။
အချို့သူဟု ယေဘုယျပြောသည်ထက် မိမိသိသောသူ တစ်ယောက်အကြောင်းကို ထောက်ပြလိုပါသည်။ ဦးကကြီးဟု ဆိုကြပါစို့။ဦးကကြီးသည် မျိုးရိုးအားဖြင့် အခြေကြီးမြင့်သူ ဖြစ်သည်။ သို့သော်သူသည် မိသားစုတွင် နေရာကောင်းစွာရသူမဟုတ်။ ထို့အတူ လူမှုဝန်းကျင်တွင်လည်း သာမန်အဆင့်မျှသာ ရှိသူဖြစ်သည်။ ဤအခြေအနေကို ကောင်းစွာသုံးသပ်ပြီးလျှင် မိမိအားနည်းချက်ကို မိမိပြင်ဆင်ရန် သူ့ဘဝတွင် အချိန်ကောင်းစွာ၊ အခြေအနေကောင်းစွာ ရခဲ့ပါသည်။ သို့သော်သူသည် သူ့အားနည်းချက်ကို သူမြင်နိုင်လောက်အောင် စိတ်အင်အားလည်း မရှိ။ ပျင်းလည်း ပျင်းရိသေးသည်။ ထို့ကြောင့် မာနစကားကို အမြဲဆိုပါသည်။ 'ငါတို့က ဂုဏ်ပကာသနကို မမက်ဘူးကွ၊ ကျရာမှာနေတတ်တယ်။ ဘယ်သူ့အကူအညီကိုမှ မယူဘဲ နေတတ်တယ်' ထိုစကားကို အမြဲလိုလိုပြောတတ်သော်လည်း သူ့ကိုမသိတသိ ဝန်းကျင်တွင်လည်းကောင်း၊ လုံးဝမသိသော ဝန်းကျင်တွင်လည်းကောင်း အခြေကြီးမြင့်သောဘဝမှ လာသူဖြစ်ကြောင်း သိသာအောင် ကြွားတတ်ပါသည်။ မသိခင်က အထင်ကြီးကြသည်။သိသောအခါတွင်မူ ရှိသည့်အခြေအနေထက် အထင်သေးသွားတတ်ကြသည်။ သူသည် စိတ်အင်အား နည်းပါးသူပီပီ သူ့ထက်နိမ့်သည်ဟု ထင်ရသောသူများက သူ့ကိုအထင်ကြီးမြှောက်စားနေအောင် ကောင်းကျိုးဆောင်ပြတတ်ပါသည်။ သူ့အကြောင်းကိုသိလာလျှင်မူကား ရမ်းကားတတ်ပါသည်။ သူ့ဘဝသည် သူမထိန်းသောကြောင့် ကျသည့်ဘက်သို့သာ ဦးတည်နေသည်။
အမှန်ဆိုလျှင် အတ္တာဟိ အတ္တနောနာထော၊ မိမိကိုယ်သည်သာ မိမိကိုးကွယ်ရာအစစ်ဖြစ်သည်ဆိုသော မြတ်ဗုဒ္ဓ၏အဆုံးအမကို ရထားသောမြန်မာတို့အဖို့မက်အာသာ၏ ဆုတောင်းထဲမှသူမျိုးဖြစ်ရန် မဝေးးပါ။ လူတိုင်းလူတိုင်း၏ဘဝသည် ပြည့်စုံနိုင်ခဲ့သည်။ ပြည့်စုံရန် လိုအပ်သောအချက်တို့ကို မိမိအင် အားမိမိကိုးစား၍ ဖြည့်ဆည်းသင့်သည်ဟုသိလျှင် မိမိကိုယ်မှအပ အခြားသူတို့ထံမှ ဂုဏ်ပကာသနတို့ကို ငှားရမ်းထုတ်ဖော်ပြောရန်လည်းမလို။ မိမိကို မလိုတမာပြုသူများအပေါ် ရမ်းကားပြရန်လည်း မလိုပေ။
မိမိအားနည်းချက်ကိုမိမိသိ၍ ပြုပြင်နိုင်သောသူသည် အမှားနည်းသူဖြစ်နိုင်ပါသည်။
ကြောက်ရွံ့သည့်အခါတွင် မိမိကိုယ်ကို မိမိရင်ဆိုင်နိုင်အောင်၊ သတ္တိရှိသောသူဆိုသည်မှာ မိမိဘာကိုကြောက်တတ်သည်ဆိုသည့်အချက်ကို မိမိဘာသာသိသောသူဟု ဆိုရမည်ထင်သည်။ ဆင်းရဲမှာ ကြောက်သလား။ လူ့အောက်သူ့အောက်ကျမှာ ကြောက်သလား။ သိမ်ငယ်မှာကြောက်သလား။ ဘယ်သို့သော အကြောက်တရားတွေ မိမိမှာရှိသည်ဆိုသည်ကို မိမိဘာသာမကြောက်မရွံ့ရင်ဆိုင်ကာ ဆန်းစစ်ဖို့လိုပေလိမ့်မည်။ 'ကြောက်လိုက်တာ၊ ကြောက်တာနဲ့ ဒါကိုမတွေးဘူး' ဆိုသည်မှာ ကောင်းသည့်လက္ခဏာ မဟုတ်ပေ။
သေမှာကြောက်သလား၊ ဘာလို့ကြောက်တာလဲ၊ မသေဘဲ နေလို့မရမှမရတာ။ ဘာကြောင့်ကြောက်နေတာလဲ။ စွန့်လွှတ်ရမှာတွေကိုလား၊ ဝတ္တရားမကျေခဲ့မှာတွေကိုလား။ ရှေ့မှာရင်ဆိုင်ရမည့် မသိသည့်အရာတွေကိုလား၊ စေ့စေ့တွေး၍ ကြောက်သည့်ကိစ္စ၏အကြောင်းအရင်းကို ဆန်းစစ်သင့်သည်။ ကြောက်တာဘာလဲဆိုတာ စေ့စေ့တွေးဖို့တော့ သတ္တိရှိရမည်။ သတ္တိမရှိလျှင် ဘာကိုကြောက်မှန်မသိ ကြောက်ကာ ကြောက်ကန်ကန်နေတတ်သည်။ ကြောက်ကန်ကန်သူများမှာ မကြောက်ဘဲအန္တရာယ်ကို ရင်ဆိုင်သူများထက် ရမ်းကားတတ်ကြသည်။ ကြောက်သည်ကိုမှ အဆင်သင့်ပြင်ဆင်ခြင်းမရှိဘဲ ဝင်တိုးတတ်ကာ အဖြစ်ဆိုးနှင့်ကြုံရတတ်သေးသည်။ ကြောက်သည့်ကိစ္စကို စေ့စေ့ကြည့်ကာ ရင်ဆိုင်လျှင် ထင်သလောက်မဆိုးပါ။
ဘဝတွင်အကြောက်သည်းသူများမှာ အပြစ်ရှိသူများ ဖြစ်တတ်ကြပါသည်။ ထိုအဖြစ်ကိုသိကာ အပြစ်ကိုရှောင်လျှင် ကြောက်စရာအဖြစ်နှင့်ကင်း၍ စိတ်တည်ငြိမ်သူ ဖြစ်နိုင်ပါသည်။
သာမန်လူတို့သည် သူတို့ဘာဖြစ်နေကြသည်ကို မြင်သာအောင် နေထိုင်ပြုမူပြောဆိုတတ်ကြပါသည်။ ငယ်ရွယ်သောသူများလည်း ထိုနည်းတိုင်းပင်။ တစ်နည်းဆိုသော် လူကြီးသည့်တိုင် စိတ်သက်နုသူတို့မှာ အောင်မြင်ချိန်တွင် ငါတကောကော၊ ငါလိုလူ ဇမ္ဗူရှိသေးရဲ့လားဆိုသော အချိုးမျိုးနှင့် နေထိုင်ပြောဆိုတတ်ကြပါသည်။ ထိုအချိန်တွင် မည်သူ့ကိုမျှလည်း မထောက်ထားနိုင်။ မည်သူ့ကိုမျှလည်း သူနှင့်တန်းတူဟု မထင်နိုင်ဘဲ လူမြင်လျှင် နိုင်ချင်နေတတ်သည်။ အခြေအနေမကောင်းသူတို့ကို အထင် သေးနေတတ်သည်။ မိမိထက်သာသူတွေ့လျှင်တောင်မှ မိမိကသာသည်ဟု ထင်တတ်ကြသည်။
ထိုသူများနိမ့်ပါးလျှောကျချိန်ကိုရော မြင်ဖူးပါသလား၊ သူကျလျှင်သူများကျစေချင်သောစိတ်ဖြင့် သူတစ်ပါးကိုလည်း မိမိနည်းတူအပြစ်ရှိကြောင်း ဖော်ထုတ်တတ်သည်။ ဟုတ်တာလည်းပါ၊ မဟုတ်တာ လည်းပါကာ အကုသိုလ်အပိုယူတတ်ကြသည်။
မိမိကိုယ်မိမိ အသနားလွန်ကာ ကိုယ်အမူရာ၊ နှုတ်အမူအရာတို့ကို မထိန်းနိုင်ဘဲသနားရမလိုလိုနှင့် စက်ဆုပ်စရာကောင်းသော အနေအထားကို ပြတတ်ကြသေးသည်။ မိမိကိုကယ်မနိုင်မည့်သူဟု ထင်လျှင်မူလက မိမိအနေဖြင့် မည်မျှပင်အထင်သေးခဲ့၊ ကြောခဲ့သည့်သူဖြစ်စေ ယခုလိုကလျှင် ဒူးထောက်ဖို့ ဝန်မလေးတတ်ကြပေ။ ထိုသူများကိုမြင်ရသည်မှာ တရားကျဖွယ်ကောင်းလှသည်။
စိတ်နေသဘောထား မှန်သူများမှာ မိမိအောင်မြင်သည့်အချိန်တွင်လည်း တန်းတူတွေ့လျှင် မေတ္တာဝင်ကာ၊ ကိုယ့်အောက်ကသူများကိုသနားလျက်၊ ကိုယ့်ထက်သာသူများကို မုဒိတာပွားနိုင်သူများ ဖြစ်သည်။ ရိုးသားစွာကြိုးစားသော်လည်း မအောင်မြင်သည့်အခါများ ရှိတတ်သည်။ ထိုကဲ့သို့ မအောင် မမြင်ဖြစ်နေချိန်တွင်လည်းမည်သူ၏အကူအညီ အစောင်အမကိုမျှ တစာစာဒူးထောက်၍ တောင်းခံခြင်းမပြုဘဲ မယိမ်းမယိုင် ကျောက်စာတိုင်ဆိုသကဲ့သို့ တည်ငြိမ်အေးချမ်းစွာ နေတတ်သူများကို တွေ့ရ တတ်ပါသည်။ သို့သော် အဖိုးတန်ပစ္စည်းတို့မည်သည် ရှားပါးတတ်စမြဲဖြစ်သည့်အတိုင်း ရှားရှားပါးပါး မြင်တွေ့ရတတ်သည်။
ရှုံးနိမ့်သည်ဖြစ်စေ၊အောင်မြင်သည်ဖြစ်စေ ထိုထိုသော အခြေအနေတို့သည် မမြဲတတ်ကြပါတကားဟု နှလုံးသွင်းကာ ထိုမမြဲသော အခြေအနေတို့ကို မြဲသည်ထင်ကာ မာနရောက်ခြင်း၊ ထောင်လွှားခြင်း၊ မဆည်နိုင်သော ကြေကွဲခြင်းတို့ဖြင့် မိမိကိုယ်ကိုလည်းကောင်း၊ အခြားသူများကိုလည်းကောင်း အပိုမညှဉ်းဆဲသင့်ကြပေ။
ဗိုလ်ချုပ်ကြီးသည်သူ၏သားအတွက် ဆက်လက်ဆုတောင်းပါသည်။ သူ၏သားသည် စိတ်ဆန္ဒရှိတိုင်း ထ၍ုလုပ်တတ်သောသူ အဖြစ်ပါစေနှင့်။ ဘုရားကိုသိသောသူ ဖြစ်ပါစေ။ မိမိကိုယ်ကို နားလည်သောသူဖြစ်ပါစေ။ မိမိကိုယ်ကို နားလည်ခြင်းသည် အသိပညာ၏ အခြေခံဖြစ်ပါသည်ဟု ဗိုလ်ချုပ်ကြီးက ဆိုပါသည်။
လူတို့သည် လုပ်ချင်ရာကို လုပ်လိုက်ရမှဆိုသည့်စိတ်မျိုး ရှိတတ်ကြသည်။ ငယ်ရွယ်စဉ်တွင် ထိုကဲ့သို့ သောစိတ်မျိုး ပိုမိုရှိတတ်၊ ထားတတ်ကြသည်။ နောက်မှသာ မိမိလုပ်မိ၊ ကိုင်မိ၊ ပြောမိသည့်ကိစ္စများအ တွက် နောင်တရချင်ရမည်။ အသက်အရွယ် ကြီးရင့်လာသည့်အခါတွင် နောင်တရသည့်အခါ ပိုများ လာသည်။ ထိုအချိန်တွင်မူ လုပ်ချင်ရာထက် လုပ်သင့်ရာကိုရွေးတတ်ကြသည်။ ဗိုလ်ချုပ်ကြီး ဆုတောင်းသည့်အတိုင်း စိတ်ဆန္ဒရှိတိုင်း ထ၍မလုပ်ဘဲ ထိန်းနိုင်သူသည်လူတော်တစ်ယောက်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
မည်သည့် ကိုးကွယ်ယုံကြည်မှုကို လက်ခံသည်ဖြစ်စေ၊ မိမိကိုးကွယ်သည့်ဘုရားကို သိသူသည် ထိုဘုရား၏အဆုံးအမကိုလက်ခံကျင့်ကြံနိုင်သောသူ ဖြစ်လာနိုင်သည်။ ဘုရားတရားမြဲဖို့ကိစ္စကို ကိုးကွယ်ယုံကြည်မှုတိုင်းတွင် အလေးထားကြပါသည်။
မိမိကိုယ်ကိုသိအောင် ကြိုးစားခြင်းသည် ပညာဉာဏ်ကြီးရင့်ရန် လမ်းကြောင်းအဖြစ် ဘာသာတရားကို လက်ခံသူများရော၊ ယခုခေတ်အသိပညာရှင်များရော လက်ခံကြပါသည်။ စိတ်ကိုတည်ငြိမ်အောင်ထား ကာ မိမိကိုယ်စိတ်နှစ်ပါးတွင် ဖြစ်ပွားပေါ်ပေါက်နေသော အပြောင်းအလဲတို့ကို လေ့လာခြင်းသည် အမြင့်ဆုံးသောဉာဏ်ကို ရနိုင်သောနည်းလမ်းဖြစ်ကြောင်း လက်ခံကြသူများသည်ထက် များလာကြပါပြီ။ ထို့ကြောင့်ပင် ကမ္ဘာတစ်ခွင်တွင် တစ်နေ့တခြား ယောဂအလေ့အကျင့်၊ သမထဝိပဿနအလေ့အကျင့်များခေတ်စားလာကြသည်ကို တွေ့ရပေမည်။ မိမိကိုယ်ကိုသိမှ အခြားအရာဝတ္ထုနှင့် ကိစ္စဝိစ္စ များကို ထိုးထွင်း၍ သိမြင်နိုင်ပေလိမ့်မည်။
ဗိုလ်ချုပ်ကြီးက သူ၏သားကို လိုတရဘဝ၌ မဖြစ်စေလိုပါ။ အခက်အခဲများ၊ အကျဉ်းအကျပ်များကို ရင်ဆိုင်ရသောဘဝ၌ ဖြစ်စေလိုပါသည်။ဘဝမုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံကာ မတ်မတ်ရပ်တည်နိုင်သော သူတစ်ယောက် ဖြစ်စေလိုပါသည်။ သို့မှသာ လူ့ဘဝတွင် ကျရှုံးသွားသူများကို စာနာနိုင်သောသူ တစ်ဦးဖြစ်လာမည်ကို ဗိုလ်ချုပ်ကြီးသိပါသည်။
အချို့သူများသည် စိတ်သွားတိုင်းကိုယ်ပါ၍ လိုရာရနေသောဘဝတွင် လူလာဖြစ်ရသောကြောင့် ကံဆိုး ကြရှာပါသည်။ ဆိုလိုသည်မှာ အတိတ်ကံကောင်းသဖြင့် စိတ်သွားတိုင်းကိုယ်ပါနိုင်သောဘဝကိုရသည်။ ဤအချိန်အထိ ကံကောင်းပါသည်။ သို့သော် စိတ်ဓာတ်အနေဖြင့် ရင့်ကျက်ခြင်းမရှိပါက မိမိကဲ့သို့ အခြေအနေမကောင်းသောသူများကို မညှာနိုင်ခြင်း၊ အထင်အမြင်သေးခြင်း၊ နိုင်ထက်စီးနင်းပြုခြင်းစသည့်မကောင်းမှုကံများကို ပြုတတ်ကြပါသည်။ ဘဝဆိုသည်မှာလည်း တစ်သမတ်တည်း နေတတ် လှသည်မဟုတ်ရာ စိတ်သွားတိုင်းကိုယ်ပါသည့် အခြေအနေမျိုးတွင် မိမိကိုယ်ကိုကြိုတင်ကာ ပြင်ဆင် လေ့ကျင့်ထားခြင်း မရှိသည့်အတွက် အခြေအနေဆိုးနှင့်တိုးသည့်အခါတွင် ဒုက္ခရောက်သင့်သည်ထက် ရောက်ကြရပါသည်။ မစားတတ်၊ မသောက်တတ်၊ မနေမထိုင်တတ်သောကြောင့် ကိုယ်၏ ဆင်းရဲခြင်းခံရသည်ထက် အမြဲအသာစီးနေခဲ့ရသည့် စိတ်အထာကိုချရသည့် သိမ်ငယ်မှုကြောင့် စိတ်ဆင်းရဲရသည့်ဒဏ်က အခံရပိုခက်တတ်ပါသည်။ ထိုသို့ဖြစ်လေ မကောင်းသောကံများများကို ကျူးလွန်မိတတ်လေဖြစ်ကာ ဘဝနာတတ်ပါသည်။
ဗိုလ်ချုပ်ကြီး၏ဆုတောင်းမှာ မဆုံးသေးပါ။ စိတ်နှလုံးကြည်လင်သူ၊ မြင့်မြင့်ကြံတတ်သူ၊ သူတစ်ပါးကို မအုပ်စိုးခင် မိမိကိုယ်ကိုအုပ်စိုးထိန်းချုပ်နိုင်သူ၊ အနာဂတ်ကိုကြိုတင်စီမံတတ်သူဖြစ်သည့်တိုင် အတိတ်ကိုမမေ့သူ၊ ထိုသို့သောသူကို သားအဖြစ်ရလိုပါသည်ဟု ဗိုလ်ချုပ်ကြီးက ဆိုပါသည်။ ပိုမိုပြည့်စုံစေလို သောကြောင့် သူ၏သားတွင် ဟာသဉာဏ်ရှိပါစေ၊ သို့မှသာ မိမိလေးနက်စွာ ကြံစည်ပြောဆိုတတ်သော်လည်း မိမိကိုယ်ကို အထင်ရောက်ကာ စိတ်ကြီးဝင်သူမဖြစ်နိုင်ဟု ဖြည့်စွက်ဆုတောင်းပြန်ပါသည်။ နှိမ့်ချခြင်း၊ ရိုးသားသိမ်မွေ့ခြင်း၏ မြင့်မြတ်မှု၊ပွင့်လင်းသော ပညာရှိစိတ်ဓာတ်နှင့် အင်အား အစစ်အမှန်၏ သိမ်မွေ့မှုစသည်တို့ကိုလည်း သူ့သားတွင်ရှိစေချင်သည်ဟု ဗိုလ်ချုပ်ကြီးက ဆိုပါသည်။
ဗိုလ်ချုပ်ကြီးသည် သူကိုယ်တိုင် အလွန်ပညာတတ်သော စိတ်ရင်းမှန်သောသူဖြစ်၍သာ ဤမျှထောင့်စေ့သော ဆုတောင်းကောင်းကောင်းကို တောင်းနိုင်သည့်ဟု ဆိုချင်ပါသည်။
ဗိုလ်ချုပ်ကြီး၏သားသည် ဆုတောင်းအတိုင်းသာ ပြည့်စုံခဲ့ပါလျှင် ဗြဟ္မာစိုရ်တရားလေးပါးနှင့် ပြည့်စုံသူ ဖြစ်မည်မှာ သေချာပါသည်။ စိတ်ထားကြည်လင်သူ၊ မြင့်မြတ်သူတို့သည် မိမိအခြေအနေမြင့်သောကြောင့်လည်း သူတစ်ပါးကို မညှဉ်းဆဲ၊ မိမိအခြေနိမ့်ကျနေသော်လည်း သူတစ်ပါးကို မနာလိုဝန်တို ခြင်းမရှိဘဲ မိမိဘဝကိုရောသူတစ်ပါး၏ဘဝကိုရော ပြေပြစ်သင့်တင့်သော အခြေအနေသို့ရောက်အောင် ဦးဆောင်ခေါင်းရွက်ပြုနိုင်မည်မှာ သေချာလှပါသည်။
ကျွန်မတင်ပြခဲ့သော ဗိုလ်ချုပ်ကြီး၏ဆုတောင်းမှာ ဘာသာပြန်ဆိုရာတွင် ပြေပြစ်ခြင်း ရှိချင်မှရှိပေလိမ့်မည်။ သို့သော် ဗိုလ်ချုပ်ကြီး၏ လူကောင်းတစ်ယောက်မှာ ရှိသင့်သောအရည်အချင်းများနှင့် ပတ်သက် သည့်အယူအဆကိုမူ အနည်းနှင့်အများ ထင်ဟပ်နိုင်မည်ဟု မျှော်လင့်ပါသည်။
ထိုဆုတောင်းထဲက လူဖြစ်အောင်ကြိုးစားရသည်မှာ လွယ်မည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော ထိုအရည်အချင်းမျိုးကို ဘယ်ဘုရားကမှ အလိုအလျောက် ပေးသနားမည်မဟုတ်ပါ။ကြိုးစားကျင့်ကြံကာ ဆည်းပူးဖြည့်ဆည်းမှ ရနိုင်လောက်ပါသည်။ မည်သို့ပင်ဖြစ်စေ ထိုအရည်အသွေးမျိုးနှင့် ပြည့်စုံရန် ကြံစည်ကြိုးစားရင်း စိတ်၏ချမ်းသာခြင်း တည်ကြည်ငြိမ်သက်အေးချမ်းစသော အကျိုးကိုရမည်မျာ သေချာပါသည်။
ကျမ်းကိုး
Douglas Mac Aurthers, A Soldier's Prayers
For His Son.
Readers' Digest, August, 1965.
No comments:
Post a Comment