ကျွန်တော့်ရဲ့ခင်မင်လှစွာသော သူငယ်ချင်း ပန်းချီဆရာက ကျွန်တော့်ရဲ့ အလုပ်ကြမ်းသမား ခြံသမား ဘ၀မှာ လက်ဆောင်ပေးခဲ့တဲ့ ရော့ဒ်စတူးဝပ်ရဲ့သီချင်းတစ်ပုဒ်ကို ကျွန်တော် စွဲလမ်းမိရာက ဘာသာပြန်ရေးချင်စိတ် ပေါက်လာပါတယ်။
ရက်လအတော်ကြာတော့ သူရှိရာ အညာကမြို့လေးကို ခရီးသွားလည်ပြီးအပြန် အဝေးပြေးကားတစ်စီးရဲ့ ရှေ့ပိုင်းဘေးအစွန်တစ်နေရာကနေ စီးလာရင်း မျက်စိတစ်ဆုံးမြင်နေရတဲ့ နေကြာပန်းစိုက်ခင်းတွေထဲအရောက် “ချစ်ရမ္မက်” ဆိုတဲ့စကားလုံးက ကျွန်တော့်အတွေးထဲ ဖျတ်ခနဲ ၀င်လာပါတယ်။ အိမ်လည်းရောက်ရော နာရီဝက်လောက်အတွင်း ချရေးလိုက်ပါတယ်။
အဲဒါဟာ ခင်ဗျားတို့ ကြားဖူးကြတဲ့ “ချစ်ရမ္မက်” ဆိုတဲ့ သီချင်းပါပဲ။
ကျွန်တော့်ဘ၀မှာ ပထမဆုံးစာသားရေးဖြစ်ခဲ့တဲ့ စတီရီယိုသီချင်းကတော့ “ချစ်ရမ္မက်” ပါပဲ ။
ကျွန်တော်ပေးချင်တာက လှိုက်လှဲနက်ရှိုင်းတဲ့ ရှတတဲ့ ခံစားမှုအသစ်တစ်မျိုးပါပဲ။ အချစ်ကို ဝေ့လည်ကြောင်ပတ်လုပ်မယ့်သူ မဟုတ်ဘူး၊ ခံစားမှုကို ရဲရဲကြေညာချင်တယ်၊ “ချစ်ရမ္မက်” ။
ဘ၀ကို တုန်လှုပ်မိတယ်၊ ကျွန်တော် ဟန်မဆောင်လိုက်ပါဘူး၊ “အားလုံးမှားယွင်း” ။
ကြောက်ခမန်းလိလိ အချစ်မှာ ဆုံးရှုံးခဲ့ဖူးပါတယ်၊ “ချိုမြိန်ဒုက္ခ” ။
ဘ၀ကို ရဲရဲထူထောင်ဖို့ ကြိုးစားခဲ့ပါတယ်၊ “ဆူးနဲ့နှင်းဆီ” ။
အယူအဆအရ လမ်းခွဲခဲ့ရရင်လည်း နောက်တွန့်တွေဝေနေလိမ့်မယ် မဟုတ်ပါဘူး၊ “မင်းလမ်း မင်းလျှောက်” ။
ကျွန်တော့်ဘ၀မှာ ဘယ်တုန်းကမှ ကံကြမ္မာက အသာတကြည် ဆုလာဘ်ကို မပေးခဲ့ဘူး။ ဒါကိုလည်း ကျွန်တော်ဟာ ကြေးမုံပြင်တချပ်လို မှတ်တမ်းတင်နိုင်ခဲ့တယ်၊ “တချို့က ကံကောင်းတယ်” ။
လူကြိုက်များတဲ့ ကြေးစားလက်ရာတွေမှာ လူပြိန်းကြိုက် ဖော်မြူလာတွေရှိတယ်လို့ ပြောကြတဲ့သူတွေ ရှိတယ်၊ ကျွန်တော်ကတော့ လက်မခံဘူး။ လူပြိန်းကြိုက်ဖော်မြူလာနဲ့ ဘယ်တော့မှ လူကြိုက်များအောင် မဖော်စပ်ခဲ့ပါဘူး။ ကျွန်တော့်ဘ၀ရဲ့ အနက်ရှိုင်းဆုံးနဲ့ အလေးနက်ဆုံး အတွေးတစ်ချို့ကို ကျွန်တော်ကိုယ်တိုင် ဘ၀နဲ့အမျှ ခံစားရတာကို ရေးချလိုက်တဲ့အခါ ပရိသတ်က ကျွန်တော့်ကို အမှတ်တရလက်ခုပ်သံတွေ ပြန်ပေးလိုက်ကြပါတယ်၊ “ကိုယ်တိုင်ရေးပုံတူ” ။
ကျွန်တော်ဟာ ဖေမောင်တော့မဟုတ်ပဲ လေးလေးနက်နက်နဲ့ ကိုယ်တိုင်ရင်းခဲ့ရတဲ့ ဘ၀ခံစားမှုစစ်စစ်တွေကို လက်ခံတာ လက်မခံတာက နောက်ထပ်ဆွေးနွေးရမယ့်ကိစ္စဖြစ်လို့ ဒီနေရာမှာ ကျွန်တော်မပြောလိုတော့ပါဘူး။ “ကံကြမ္မာတင်းနစ်” ကို ကျွန်တော် ကစားခဲ့ပြီးပါပြီ။ “လေဟာနယ်ထဲမှာ” ကျွန်တော်တည်ရှိနေပါပြီ။
ဒါပေမယ့် ကျွန်တော့်အနုပညာစိတ်ကူးတွေအားလုံးဟာ သီချင်းနဲ့တင် ဖော်ကျူးလို့ မပြည့်စုံနိုင်သေးဘူးလို့ ယူဆပါတယ်။ အနုပညာစိတ်ကူးကို ဖော်ပြစရာ တခြားနယ်ပယ်တချို့မှာလည်း ကျွန်တော် ဆက်ကြိုးစားနေမှာ ဖြစ်ပါတယ်။
ဝင်းမင်းထွေး (၁၉၈၆၊ ဧပြီ၊ ၃၀)
ကောက်နုတ်ချက် . . .။
(၁၉၈၇ ဇွန် “သပြေတေး”မဂ္ဂဇင်းမှာ ပထမအကြိမ်၊
၂၀၀၃ နိုဝင်ဘာ “ရုပ်ရှင်တေးကဗျာ” မဂ္ဂဇင်းမှာ ဒုတိယအကြိမ် ဖော်ပြခဲ့။)
Credit: #ZinWaiLatt
No comments:
Post a Comment