September 27, 2013 at 3:47pm
အတိတ်ကာလက လွတ်မြောက်နယ်မြေတွင် အရပ်ဘက် ကျောင်းဆရာ၊ စစ်ဘက်သင်တန်းတွင် နိုင်ငံရေး သဘောတရား ပို့ချသူ ဆရာ အဖြစ်ကျင်လည်ခဲ့ဖူးသည့် ကျနော်သည် အနောက်ကမ္ဘာခြမ်း၏ တခုသော စက်တင်ဘာလ ညနေဆည်းဆာအချိန်တွင် မမျှော်လင့်ဘဲ (ဆရာကြီး မြသန်းတင့် ) တင်စားခဲ့သည့် ဧကရာဇ်တို့၏ ဘဏ္ဍာတိုက်ကြီးထဲတွင် ဂီတသံစဉ်များဖြင့် ယစ်မူးခဲ့မိသည်။
ပညာရှာသူတို့ မွေ့ပျော်ရာ ဧကရာဇ်တို့၏ ဘဏ္ဍာတိုက်တိုက်သို့ နေ၀င်ဆည်းဆာ အချိန်တွင် ရောက်ရှိသွားခဲ့သည်။ စာကြည့်တိုက်အထဲသို့ ၀င်လိုက်သည်နဲ့ ခါတိုင်းနဲ့ မတူ တမူထူးခြားနေသည်ကို တွေ့ခဲ့ရလေသည်။ ငြိမ့်ညောင်းသော သံစုံတီးဝိုင်းသံသည် စာရေးသူ၏ နားတွင်းသို့ ရိုက်ခတ်လာခဲ့သည်။ စာကြည့်တိုက်၏ ဒုတိယ တံခါးကို တွန်းဖယ်ပြီး အထဲကို ၀င်လိုက်သည်နဲ့ ခန်းမလုံး အပြည့် ပရိသတ်များကို ဆယ်ကျော်သက်အရွယ် ကျောင်းသားကျောင်းသူ ဆယ်ဦးလောက်က တယောအပါအ၀င် သံစုံတီးဝိုင်း တခုဖြင့် ဖြေဖျော်နေသည်ကို အမှတ်မထင် တွေ့ခဲ့ရလေသည်။
တိတ်ဆိတ်နေသော စာကြည့်တိုက် ခန်းမထဲသို့ စူးစမ်းလိုက်သောအခါ စာကြည့်တိုက်တခုလုံး ဆက်သွယ်ရေးကရိယာ အင်တာနက်၊ မိတ္တူကူးစက်၊ ဖုန်း လုပ်ငန်းဆောင်တာ အားလုံးအား ရပ်နားထားသည့်အပြင် ဆလိုက်မီး မှိန်မှိန်လေး အောက်တွင် အသက် ၁၂-၁၃ ခန့်ရှိမည်ဟုထင်ရသော ကျောင်းသားကျောင်းသူဆယ်ဦး၏ သံစုံဝိုင်းလေးက နေရာယူလျက်၊ စာကြည့်တိုက်အတွင်း လာရောက်တတ်ကြသည့် ပညာရှင်များ၊ ကျောင်းသားများ အားလုံးသည် ကြမ်းပြင်ပေါ်တွင် ထိုင်သူကထိုင် ပညာရှင် သက်ကြီးရွယ်အိုများက ထိုင်ခုံပေါ်တွင် ထိုင်လျက် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ဂီတ၏ အရသာကို ခံစားနေကြသော သူတို့၏ လူနေမှု ဘ၀ကို တွေ့မြင်လိုက်ရသောအခါ အရပ်ဘက် ကျောင်းဆရာ၊ သူပုန်တို့၏ ကျောင်းဆရာ အဖြစ် တာဝန်ယူခဲ့ဘူးသော ကျနော်၏ နှလုံးအိမ်တွင် မဖေါ်ပြတတ်သော ဝေဒနာ တခုကို ခံစားခဲ့ရသည်။
အဆိုပါ သံစုံတီးဝိုင်းတွင် အာရှအနွယ်ဝင် ကျောင်းသူက နှစ်ဦး၊ အာဖရိက အနွယ်ဝင် ကျောင်းသားကတဦး၊ ကျောင်းသူကတဦး၊ အရှေ့အလယ်ပိုင်း၊ တောင်အမေရိက စသည့် အရောင်အသွေး စုံလင်စွာဖြင့် ဖွဲ့စည်းထားသည့် သူတို့၏ သံစုံတီးဝိုင်းကလည်း သူတို့၏ လူ့အဖွဲ့အစည်းကို ထင်ဟတ်နေသည်ဟုပင် ပြောရမည်ဖြစ်သည်။
အတ်ကျသံမျှကိုပင် ကြားရလောက်သည့် ပတ်ဝန်းကျင်တွင် တေးသွားတပုဒ် ပြီးတိုင်း လက်ခုတ်သံတဖျောင်းဖျောင်းတီးလိုက် ကျောင်းသားများမှလည်း နောက်တပုဒ် ဘယ်တေးသွားကို တီးမှုတ်ပေးမည် စသည်ဖြင့် ဖြေဖျော်နေကြသည့် တနာရီခွဲ အချိန်သည် မည်သည့်အချိန်တွင် ကုန်ဆုံးသွားသည်ကို မသိလိုက်။ ဖြေဖျော်တင်ဆက်မှု ပြီးသွားသည့်အချိန်တွင် ဂီတပညာရှင် ကျောင်းသားလေးများမှ တင်ဆက်မှု၏ အဓိကရည်ရွယ်ချက်ကို ပြောဆိုသွားခဲ့သည်။
ပွဲပိတ် နောက်ဆုံးသံစဉ် အဖြစ် Proud to be American ကိုတီးချိန်တွင် တက်ရောက်လာသူ အားလုံးမတ်တပ်ရပ်ကာ အရိုအသေပေး၊ ပရိုဂျက်တာပိတ်ကားပေါ်တွင် ၉/၁၁ တုန်းက အသက်ပေးခဲ့ရသူများ၊ ကမ္ဘာကျော် ဝေါထရိတ် စင်တာကို ပြည်လန် တည်ဆောက်ခဲ့ပုံ၊ မီးသတ်သမားများ တဦးကိုတဦးကူညီခဲ့ပုံ စသည့် အရှုံးမပေးသည့် အပြင် ပို၍ ကြံ့ခိုင်သော၊ သာမန်သော လူ့အဖွဲ့အစည်းအဖြစ် ပြည်လည်တည်ဆောက်ခဲ့သည့် ဓါတ်ပုံများကို ဖေါ်ပြရင်း၊ သံစုံတီးဝိုင်း ရပ်လိုက်ချိန်တွင် ဂီတ တီးခတ်သူကျောင်းသားများ၊ တက်ရောက်လာသည့် အရွယ်ကြီးရင့်သူ အမျိုးသမီးကြီးများနှင့် အမျိုးသားတို့၏ မျက်လုံးအိမ်တွင် မျက်ရည်များစို့ကာ တဦးကိုတဦး ပွေ့ဖက် အားပေးနေကြသည့်ကို သတိထားမိခဲ့သည်အပြင် ကျောင်းသားလူငယ်တို့၏ နူးညံ့သောစိတ်နဲ့ လူကြီးတို့၏ ထူးဆန်းသော မျိုးချစ်စိတ်ကိုလည်း လေ့လာမိခဲ့သည်။ ….. ထူးဆန်းလေစွ …………….ထူးဆန်းလေစွဟု သူတို့၏ လူ့အဖွဲ့အစည်းအား တည်ဆောက်ထားသည့် အခြေခံ အုတ်မြစ် ခံမာမှုကို ကျနော် ကျောင်းဆရာဟောင်းတဦး သဘောပေါက်လာသည်။ ကျောင်းသားလေးများ၏ တင်ဆက်ပု၊ံ အနုပညာဖန်တီးမှုဖြင့် ပရိတ်သတ်များကို ခေါ်ငင်ယူဆောင် သွားလိုက်သည်မှာ မယုံကြည်နိုင်စရာ။
တချိန်သောအခါက တခုသော ပြောင်းပြန်စီးသော မြစ်နံဘေးတွင် အာဘောင်အာရင်း သန်သန်ဖြင့် မျိုးချစ်စိတ် အခြေခံသည့် နိုင်ငံရေး သင်တန်းမျိုးကို ပေးခဲ့ဖူးသော ကျောင်းဆရာတဦးသည် မိမိဘ၀၏ ဖြစ်တည်ခဲ့မှုကို ပြန်လည် စဉ်းစားမိပြန်သည်။ တမြေတည်းနေ တရေတည်းသောက် ညီနောင်များ အကြားက အပြစ်မကင်းသည့် အမုန်းတရားမျိုးစေ့များကို ကြဲပေးခဲ့လေသလား ဟုတွေးတောရင်း အပြစ်ကင်းပါ့မလားဟု မိမိကိုယ်ကို မချင့်မရဲ တွေးကြည့်မိပြန်သည်။
တိုက်ရဲသူသာ အောင်မြင်မည်၊ စစ်သူရဲကောင်းတို့ဖြင့် အဖနိုင်ငံတော်ကို ပြန်လည် တည်ဆောက်မည် ဟု ပြောခဲ့သော စာရေးသူတို့၏ ဘ၀နဲ့ မိုးနဲ့မြေကဲ့သို့ ကွာနေသော လူ့အဖွဲ့အစည်းကို ကိုယ်တိုင် မြင်တွေ့ခဲ့ရလေသည်။
အဆိုပါ ဂီတဆည်းဆာ ပြီးသွားတော့မှ ပညာရှင်များ၊ ဖိတ်ကြားထားသည်ဟု ထင်ရသည့် ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ၊ ဂီတပညာရှင် ကျောင်းသား ကျောင်းသူတို့၏ မိဘများကိုယ်တိုင် လာရောက် အားပေးနေကြသည်ကို တွေ့ခဲ့ရလေသည်။ အခမ်းအနားပြီးသွားသောအချိန်တွင် မိဘများနဲ့ ပရိတ်သတ်တို့၏ ချီးကျူးထောပနာပြုမှုကို ခံနေရသော ကျောင်းသားလေးများ၏ မျက်နှာတွင် ယုံကြည်အပြည့်ဖြင့် ပြုံးပျော်နေကြသည်ကို မြင်ရသောအခါ စာရေးသူသည် မိမိနိုင်ငံအတွင်းမှ မရေမတွက်နိုင်သော အပစ်ပယ်ခံ လူငယ်များ၊ အမေ့ခံ တောတွင်းနဲ့ ဒုက္ခသည် စခန်းက လူငယ်များ၏ အနာဂါတ်အတွက် စဉ်းစားရင်း ရင်မောခဲ့ရသည်။
အကြောင်းတိုက်ဆိုင်စွာပင် မိုးလင်းသည်နဲ့ အမျိုးသမီးထံမှ ဖုန်းဆက်လာသည်။ မိမိ၏ ကျန်းမာရေးကို စိုးရိမ်သည့်အတွက် တပတ်တကြိမ် ဖုန်းပြောသောအခါ အခြားသော အကြောင်းအရာကို မပြောဖြစ်ဘဲ သားတော်မောင်၏ အကြောင်းအရာကိုသာ ပြောဖြစ်ခဲ့သည်။ အခါအားလျော်စွာ ကျနော်သည် နယ်စပ်တွင် နေထိုင်စဉ်ကလည်း သားတော်မောင်၏ နောင်ရေးနဲ့ ပတ်သက်၍ ဆောင်းပါးများ ရေးသားခဲ့သည်။ မိမိအလှည့်တွင် တာဝန်မကျေနိုင်မည်ကို စိုးရိမ်သည့်အတွက် မောက္ခပညာရေးမဂ္ဂဇင်းတွင် “ဖခင်တဦး၏ မပီပြင်သော ပန်းချီကားချပ်” ဖြင့် ဆောင်းပါးတပုဒ် ရေးသားခဲ့သည်။ “ဖခင်တဦး၏ မပီပြင်သော ဘ၀ပန်းချီ” အမည်ဖြင့် စာအုပ်ထုတ်ဝေရန် စဉ်းစားဆဲ စိတ်ကူးယဉ်ဆဲ။ မိသားစုဘ၀၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘ၀အဖုံဖုံကို ခြေမှုန်းထားသည့် ဖခင်တဦး၏ ဘ၀ဖြတ်သန်းမှု အထွေထွေ စာအုပ်မျိုး ဖြစ်ပေလိမ့်မည်။
အကြောင်းတိုက်ဆိုင်သည်ဟုပင် ပြောရပေမည်။ ကျနော့်သားက အသက် ၃ နှစ်နဲ့ ၃ လ။ မူကြိုကျောင်းကို သွားအပ်လိုက်သည်ဟု အမျိုးသမီးက ပြောသည်။ နောက်တပတ် အကြာ ကလေးအခြေအနေကို မေးကြည့်သောအခါ ကလေးသည် မူကြိုမပြောနဲ့ အိမ်ပေါ်ကနေ အောက်ကိုမဆင်းတော့ဘူးဟု အမျိုးသမီးထံမှ သိရသည်။ သတင်းကြားရပြီးသည့် အချိန်မှစ ၍ ကျောင်းနေလိုစိတ် မရှိသည့် သားလေး၏ အခြေအနေကို တွေးရင်း စိတ်မကောင်း ဖြစ်မိသည်။
ကလေးခမျာ ကျောင်းကို ကြောက်စိတ် ၀င်သွားသည့် သဘောရှိသည်။ အမေသွားရာနောက် တကောက်ကောက်လိုက်သည့် ကလေး မည်သည့်နေရာကိုမှ ခေါ်၍မရတော့။ ဘ၀၏ အစနေ့ရက်များတွင် ကျောင်းကို ကြောက်စရာ၊ ထိတ်လန့်စရာ အဖြစ် စတင်ခဲ့သည် မိမိရင်သွေး၏ အနာဂါတ် ဘ၀ကို တွေးရင်း အိပ်မပျော်နိုင် ဖြစ်ခဲ့သည်။ အနောက် လူ့အဖွဲ့အစည်းနဲ့ ပြောင်းပြန် ဖြစ်သည့် ကျနော်တို့၏ အယူအဆဟောင်းကို ပြန်လည် တွေးမိပြန်သည်။
ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်၊ စစ်အာဏာရှင် ခေတ်အဆက်ဆက် အကြောက်တရားများဖြင့် ရှင်သန်ခဲ့ရသော ကျနော်တို့ လူ့အဖွဲ့အစည်းတွင် ကလေးများကို မည်ကဲ့သို့ အားပေးပြီး မည်ကဲ့သို့ ပြုစုပျိုးထောင်ရမည်ကိုပင် မသိတော့သည့် အခြေအနေမျိုးကို ဆိုက်ခဲ့လေသည်။ အကြောက်တရားများ ဖြင့်ရှင်သန်ခဲ့ရသော လူ့အဖွဲ့အစည်းဟောင်းသည် မျိုးဆက်သစ်များအပေါ် အကြောက်တရားများကိုပင် လက်ဆင့်ကမ်းပေးနေဆဲ၊ ကလေးများအပေါ် ခြိမ်းခြောက်ပြောဆိုနေဆဲ။
ကျနော်တို့၏ ပညာရေး အစဉ်အလာတွင် ကလေးတို့၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် နည်းနည်းလေးမှ ထည့်သွင်းမစဉ်းစားခဲ့သော ခေတ်အဆက်ဆက် အုပ်ချုပ်သူတို့အား အပြစ်ပုံချရမည်လော။ အစဉ်အလာ ယဉ်ကျေးမှု၊ လူမျိုးကြီးမှ လူမျိုးငယ်အပေါ် ဖိနှိပ်မှု၊ လူမျိုးငယ်တို့မှ တခြားလူမျိုးစုများကို ဖိနှိပ်မှု၊ ဘာသာရေးအရ ခွဲခြားဆက်ခံရမှု စသည့်ရောဂါများဖြင့် ပြည့်နေသော လူ့အဖွဲ့အစည်းမှ ပေါက်ဖွားလာသည့် အနာဂါတ် မျိုးဆက်သစ်များကို စာနာ နားလည်တတ်သော၊ နူးညံ့သော ဂီတ၏ သံစဉ်များကို ဖန်တီးနိုင်သော၊ နားထောင်နိုင်သည့် စွမ်းရည် ပြည့်ဝသော အနာဂါတ်မျိုးဆက်သစ်အဖြစ် တနေ့သော အချိန်တွင် တည်ဆောက်နိုင်ပါစေဟု ဆုတောင်းမိသည်။
Allentown School District Foundation ( www.allentownsd.org
) အဖွဲ့မှThe Foundation For Growing A Stronger, Smarter Community အစီအစဉ်အရ စက်တင်ဘာ (၁၀) ညတွင် ပြုလုပ်ခဲ့သည့် ဂီတဖြေဖျော်ပွဲကို ရည်ရွယ်ရေးသားခြင်း ဖြစ်သည်။
လှရွှေ
No comments:
Post a Comment