Wednesday, April 3, 2013

ဘုရင်မနဲ့ စံပ

by Myo Tha Htet (Notes) on Monday, April 1, 2013 at 2:43pm

အစည်းအဝေးခန်းမသည် လူတဖြည်းဖြည်းများလာလေသည်၊ ခန်းမများ အတွင်းတွင် နိုင်ငံတကာမှ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များချည်း ဖြစ်နေသည်။ တော်ဝင်နန်းသွေး ဘုရင်၊ ဘုရင်မများကချည်း တကျိပ်ကျော်လေသည်၊ ပြီးတော့ နိုင်ငံ့အကြီးအကဲအဆင့် ပုဂ္ဂိုလ်များ၊ ကမ္ဘာကျော်ပုဂ္ဂိုလ်များ၊ အနုပညာရှင်များ၊ စာပေနယ်မှ ပုဂ္ဂိုလ်ကျော်များ၊ သိပ္ပံပညာရှင်များ တော်တော်စုံလင်လှသည်။

ကမ္ဘာ့အနာဂတ်နှင့်ပတ်သက်၍ အရှေ့အနောက်တိုင်းနိုင်ငံများ အမြင်ဖလှယ်ခြင်းနှင့် တစည်းတလုံးတည်း လက်ခံ/အကျိုးရှိသော စည်းနှောင်မှုပါသည့် မူဘောင်တရပ်ချမှတ်ရန် အရှေ့တိုင်းက ဘုရင်က နိုင်ငံတော်အကြီးအကဲဖြစ်သည့် တိုင်းပြည်တခုတွင် ယခု ဆိုခဲ့ပါ အစည်းအဝေးကို ကျင်းပနေခြင်းလည်း ဖြစ်ပါသည်။


စံပသည် (တကယ်တော့ကျန်ဖလိုလို၊ တရုတ်သံလိုလို၊ အရှေ့ဥရောပဘက်က အသံထွက်လိုလို ဖြစ်သော်လည်း မြန်မာ့နားနှင့် ယဉ်စေရန် စံပဟု သုံးစွဲပါသည်) ယဂိုနတိုတိုင်း ဘုရင်မကြီး ထွာဝတ်ရည်နှင့် လိုက်ပါလာခြင်းဖြစ်သည်။ ထွာဝတ်ရည်မှာလည်း အလားတူပင် မြန်မာ့နားနှင့် ၀င်ဆံ့စေရန် အသံဖလှယ်ထားခြင်းသာ ဖြစ်ပါသည်။

အကြောင်းအရာပေါင်းစုံနှင့် ကျင်းပသော အစည်းအဝေးကြီးဖြစ်သည့် အားလျော်စွာ အစည်းအဝေးခန်းမများမှာလည်း များလှလေသည်၊ တခါ နိုင်ငံအကြီးအကဲခြင်း သီးခြားစီ တွေ့ဆုံ ဆွေးနွေးသည့် ဘေးထွက် အစည်းအဝေးများကလည်း ရှိနေသေးရာ ထွာဝတ်ရည်ဘုရင်မရော ဘုရင်မလက်ရုံး တပ်မှူးစံပပါ အလုပ်များနေကြခြင်း ဖြစ်လေသည်။

ထွာဝတ်ရည်သည် အသက်လည်း ထောက်လာပြီ ဖြစ်သည့်အားလျော်စွာ စံပကို အားကိုးလေသည်၊ စံပကလည်း နိုင်ငံတကာပွဲ အတွေ့အကြုံ မရှိပေမယ့် ပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲ ရှိသည်မို့ ထွာဝတ်ရည်က သဘောကျသည်၊ နေရာပေးလေသည်။ ထိုနှင့်ပင် ထွာဝတ်ရည်က သူ့နှင့် အသက်တူ၊ အဆင့်မကွာသည့် မှူးကြီးမတ်ရာများ၊ အကြီးတန်းဝန်ကြီးများကို ဘေးချိတ်ဖယ်ပြီး (အကြံယူ အစည်းအဝေးများမှလွဲ၍) ပြည်တွင်းပြည်ပ တွန်းတွန်းတိုက်တိုက် ဆွေးနွေးရမည့် ကိစ္စများတွင် စံပကို ခေါ်လေ့ရှိသည်။

ယခုလည်း ဘုရင်မကြီးက တူဝပူမျှတိုင်း သမ္မတနှင့် ကမ္ဘာ့အနောက်ခြမ်း ပြဿနာများကို အကြီးအကျယ် ဆွေးနွေးနေရပေရာ စံပကို အိမ်ရှင်နိုင်ငံမှ ဘုရင်ကြီး ဦးစီးကျင်းပသည့် ``အရှေ့တိုင်းယဉ်ကျေးမှုကို ခေတ်သစ်ထဲ ထိုးသွင်းခြင်း`` သမိုင်းချင်းရာ လေ့လာခြင်း ဆွေးနွေးပွဲကို (ဘုရင်မ) သူ့ကိုယ်စား တက်ခိုင်းသဖြင့် လာရောက်ခြင်းဖြစ်သည်။

ဘုရင်မ အမိန့်တော်ကို စံပက ချက်ချင်းသိ ချက်ချင်းရောက်လာသော်လည်း ပွဲခင်းထဲကို နိုင်ငံခေါင်းဆောင်များက စောစောရောက်နေသဖြင့် နောက်နားမှာသာ ထိုင်လိုက်ရသည်။ ခဏကြာသော် အိမ်ရှင်ဘုရင် အဘိုးကြီးကိုယ်တိုင် ရောက်လာပြီး နိုင်ငံခေါင်းဆောင်များကို နှုတ်ဆက်လေသည်။

စံပနှင့် နှုတ်ဆက်ရမည့် အလှည့်ရောက်သောအခါ ဘုရင်ဗွာလထီသည် မျက်နှာပျက်လေသည်၊ စံပ ၀တ်စားပုံကို ထောက်၍ သူ့ကိုယ်ရံတော်လောက်မှ ရာထူးမကြီးမြင့်သူမှန်း သိသောအခါ တခြားခေါင်းဆောင်များလို နှုတ်မဆက်လိုဟန် ရှိလေသည်။ သို့သော် ခေါင်းဆောင်အများ တက်ရောက်နေသည့် ပွဲသဘင်လည်း ဖြစ်သည့်အားလျော်စွာ အရှေ့တိုင်းဘုရင် ရိုင်းသလေလည်း မဖြစ်ရလေအောင် အကြံထုတ်လျက် ရှိလေသည်။

အခြေအနေကို ရိပ်စားမိသော စံပကပင် ဘုရင့်အမျက်တော်နှင့်အရှက်တော် ပေါင်းစပ် အခက်အခဲကို ရိပ်မိလေဟန်နှင့် ယခုလို စကားစရသည်။

``ဗွာလထီရွှေနန်းရှင် မာတော်မူစ၊ ကျွန်ုပ်ဘုရင်မ ထွာဝတ်ရည်မှာ တခြားအစည်းအဝေးများနှင့် ရတက်ပွေ နေပါသည်၊ သတင်း အချက်အလက်များ ပင်းဆက်ရန် ကျွန်ုပ် စံပက လာရောက်ပါသည်၊ ဘုရင်ကြီး နန်းသက်လူသက်ရှည်စေရန် ဆုတောင်းပါသည်``

စံပသည် နန်းသွေး မဟုတ်၊ သို့သော် နန်းထဲနေသူ ဖြစ်သည်။ နန်းထဲ စစ်တပ်ရှိသော်လည်း စံပက ဘုရင်မ တပ်မှူးဖြစ်သဖြင့် အဆင့်ကြီးလေသည်။ ကြာလာသော်အခါ နန်းဆီနန်းသွေး ၀သလို ဖြစ်နေလေသည်။

ဘုရင်ဗွာလထီသည် မာနကြီးသူဖြစ်သည်၊ စံပကို မကြိုက်၊ စံပစကားကြွယ်ပုံကို ကြိုက်သည်။ မျက်မှောင်ကုတ်၊ ခေါင်းတချက်ငုံ့ရင်း စင်မြင့်ဘက်သို့ ပြန်ထွက်သွားခဲ့သည်။ စံပကို စကားမပြော၊ စံပကလည်း ထို့ထက် ဆက်မပြော...။ ဘုရင်နှင့် စံပကြား ဆက်ဆံရေး လှလှပပ မရှိသည်ကတော့ သေချာပါသည်။

ဘုရင်ကြီးနှင့် တခြားနိုင်ငံ့ခေါင်းဆောင်များ ပြောသောအချက်များကို စံပ သေချာနားထောင်သည်၊ လိုအပ်က လိုက်မှတ်သားသည်၊ သည့်ထက်လိုအပ်က ပြန်လှန်မေးမြန်းသည်။ သို့နှင့်ပင် ဘုရင်က ကြည်ပုံမရသော စံပသည် ဘုရင်ဦးဆောင်သော ဆွေးနွေးပွဲတွင် ဇာတ်လိုက်ဖြစ်လာလေသည်။

ညနေတိုင်သော် စည်းဝေးပွဲမှာ အောင်မြင်ပြီး အထမြောက်သဖြင့် အဆုံးသတ်သည်၊ ဘုရင်မသည်လည်း အစည်းအဝေးများ ပွဲဆက်သဖြင့် ပန်းရာမှ လမ်းမှာပါ လဲသဖြင့် နားရာနန်းသို့ စောစောပြန်ကြွလာသည်။ အနားဝသော် စံပလည်း အခစားဝင်၍ အမိန့်တော်အတိုင်း တနေကုန် လုပ်ဆောင်ထားသမျှကို သံတော်ဦးတင်လေသည်။

ဘုရင်မကြီးသည် စံပ၏ သွက်သွက်လက်လက် လျှောက်ထားချက်များ၊ ကွန့်ညွှန့် ရှင်းလင်းချက်များကို ပြုံးတော်မူ၍ နားနားနေနေ နာတော်မူလေသည်။ အားအရကြီး အားရလျှက်လည်း ရှိတော်ပုံပေါက်လေသည်။

ဘုရင်မကြီး အတွေး၌ကား စံပကို ၀န်ကြီးအဆင့် တင်တိုးပေးက သင့်လှပေ၏ဟု ဖြစ်မိလေသည်၊ တခြားတဘက်၌မူကား စံပမှာ အသက် ၂၀ ကျော် အစိတ်ပိုင်းသာ ရှိနေပေသေးရာ အခြေခံတော် ဥပဒေတော်ကြီးနှင့် လားလားမှ မကိုက်သောကြောင့် စံပ ၀န်ဖြစ်မည့်အရေးမှာ မစီးခင် ဆို့ထားခံရသလို ဖြစ်ချေတော့သည်။ အတွေးတို့ကား အတွေးထဲမှာပင် အတွေး ရေတိမ်နစ်ရှာတော့သည်။

စံပသည်ကား ဘုရင်ကြီးနှင့် လျှောက်ထားပြောဆိုရသည့်အချက်နှင့် ဘုရင်ကြီး၏ မျက်နှာတော် ဆင့်ကဲ ပြောင်းလဲချက်များကိုသော် လည်းကောင်း၊ ဘုရင့် ရွှေစိတ်တော် အညိုကို အရောင်လျှော့နိုင်ခဲ့သည် အဖြစ်ကိုသော် လည်းကောင်း၊ ဘုရင်မကြီးကို ရှင်းလင်း လျှောက်ထားချက်နှင့် ဘုရင်မကြီး၏ အတွင်းစိတ်တော်ကို လှစ်ပြနေသလို ဖြစ်သော အပြုံးချိုများကိုသော် လည်းကောင်း ပြန်လည် မြင်ယောင်နေရင်း ကောင်းသော ခံစားမှုကို ရယူလျက် ရှိပေသည်။

စံပသည် မူလချိုသောမျက်နှာကို ရွှင်သထက်ရွှင်သောဟန် စွက်စေရန် အပြုံးပန်းများ ဆင့်ကာဆင့်ကာ ပန်ဆင်လိုက်လေသည်။ သူ့စိတ်အလျဉ်သည် ဘုရင်၊ ဘုရင်မများပါသည့် စည်းဝေးခန်းများ၊ ဘုရင်မနှင့်သူတို့ အချီအချ ပြောဆို မေးလျှောက်ခန်းများ၊ ကိုယ်တိုင် ဖာသာခံစားကျေနပ်မှုများဆီကို ဗီဒီယို နောက်ပြန်ရစ်ကြည့်သလို တကွက်ချင်း ခုန်ပျံကျော်လွှားလျက် ရှိပေသည်။

ထို့နောက်တွင်တော့ စံပသည် ထထွက်သွားတော့သည်။

၂၀၁၃ ဧပြီ ၁၊ လန်ဒန်။
ည ၁၀ နာရီခွဲ။

No comments:

Post a Comment