Sunday, February 17, 2013

စကားပုံများကို ကျော်ခွခြင်း။ (သို့) (အင်္ဂလိပ်လိုရေးပေး)


မှတ်မှတ်ရရ
နိုင်ငံခြားသားသင်္ဘောသား အလုပ်သင်ကလေးတစ်ဦးကပြောဘူးပါသည်။
သူကြုံဘူးသောမြန်မာအရာရှိများက စကားပြောရင် စကားပုံတွေကို အင်္ဂလိပ်လိုတွေ ဘာသာပြန်ပြီး
အရမ်း ညှပ်သုံးသဖြင့် သူအလွန်ဦးနှောက် ခြောက်ရကြောင်း ..ကြားရသောအခါ
ကျနော့်အတွက် ရယ်စရာဗေးရှင်းတစ်ခုရလေ၏။

ကျနော်တို့ မြန်မာတွေများ....
စကားရည်လုရင်တောင် စကားပုံ ဥပမာ ဥပမေယျ များနှင့်သာသုံးစွဲတတ်ကြလေသည်။

ကဲ ...ပြောကြည့်ရအောင်ဗျာ ......
Rapper တွေလို တစ်ထိုင်ထဲ ဆိုရမှာ ပြီးရင် ဘာသာ ပြန်ပေး

ကျနော်သည် အကြံကုန် ဂဠုန်ဆားချက်ဟု မစွပ်စွဲသာသော်လည်း
အရင်းမစိုက်ပဲလှေထိုးလိုက်ရင်း သင်္ဘောသား ဖြစ်ခဲ့မိရာ ..
တစ်လှေထဲ စီးတစ်ခရီးထဲသွားများနှင့် မတွေ့ရဘဲ
ဘုန်းကြီးရူးနဲ့ လှေလူးများသာတွေ့ခဲ့ပါသဖြင့်
နေမြင့်လေ အရူးရင့်လေ ဖြစ်ရလေတော့၏။

သို့နှင့်
အရူးချီးပန်းသလို လျှောက်လုပ်ရင်း
ပလိုင်းပေါက်နဲ့ ဖားကောက်ရုံသာမက၊
ကောက်ရိုး ပုံ ထဲ အပ်ရှာ သလို မျှော်လင့်ချက် မဲ့ရင်း
မီးဇာကုန် ဆီခန်း၊ ပိုးသာကုန် မောင်ပုံစောင်းမတတ်၊ ကျွဲပါးစောင်းတီး သကဲ့သို့ ဖြစ် ရကာ..
ဘ၀ မှာ...ကံမရှိဥာဏ် ရှိတိုင်း မွဲနေခဲ့ရပြန်သော်....

ရေငတ်တုန်းရေတွင်းထဲ မကျ ပင်လယ်ထဲ ကျ သူအား
ရေ နှစ်သူဝါးကူ ထိုးကြသဖြင့် ...
ဖောင်စီးရင်းရေငတ်...
တွေ့ မိသော ကောက်ရိုးတစ်မျှင်အဖြစ်
မိန်းကလေးတစ်ဦး(ကျနော့်မိန်းမ)ကို သာ အားကိုးတစ်ကြီး
အတင်းတွယ်ဖက်ထား ခဲ့ရတော့သည်။

သို့သော်
တစ်ရွာမပြောင်း သူကောင်းမဖြစ် ဟုထင်လာကာ ..
ချောင်းကိုပစ် မြစ်ကိုရှာပြီး
သင်္ဘောသားအလုပ် ကို ထွက်
ငါ့လှေငါထိုး ပဲခူးရောက်ရောက် လှော် ခတ်
ငါ့မြင်းငါဆိုင်း စစ်ကိုင်းရောက်ရောက် ဒုန်းစီး
တစ်နေတစ်လံ ပုဂံဘယ်ပြေးမလဲ အတွေးဖြင့်
ဖိနပ် မပါ နွေ အခါ ကြီး
အဆိုရှော် ဘ၀ သို့
ဆင် ကမ်းတောတိုး ထွက်လာ မိပါတော့သည်။

မူအရ...
လမ်းဆုံးရင်ရွာတစ်ရွာ ရောက်ရမည်ဆိုသော်လည်း
လမ်းမသိ၍ခွေးနောက်လိုက် ခဲ့သောကျနော့်မှာ
အသွားမတော်တစ်လှမ်း
သေခြင်တဲ့ကျား တောပြောင်းဘ၀ ရောက်ပြီး
ရေ နည်းငါး ကျနော်
ကွဲထွက်လာသော နွား .....ကျားဆွဲ ခဲ့ရ သည့် အပြင်
ကံဆိုးထီးသွားရာ မိုး ထစ်ချုံး လိုက်ရွာပြီး
အတိဒုက္ခရောက်ရရှာသည်။

မိုးကြိုးပစ် ထန်း လျက် နဲ့ ကာ မရ
ဆီ လို အပေါက် ရှာသူများ ၏
တံထွေး ခွက်မှာပက်လက်မျော ခံလိုက်ရပြန်၏။

ဟယ်...
ဝက်ဖြစ်မှတော့ မစင်မကြောက်
ငှက်ဖြစ်မှတော့ ကျီးဖြစ်ဖြစ် လဒ ဖြစ်ဖြစ်
ရောမရောက်မှတော့ ရောမ လိုကျင့်ကြံရင်း....
ပတ္တမြားမှန် နွံ မနစ် ဟု
ဘုရင့်နောင်လို ဖောင်ဖျက်
သန်းခေါင်ထက်တော့ ညဉ့်မနက် ဟု
ဇနက္က ထုံး နှလုံးမူ ပြီး ဆက်လက် ချီ တက် ပြန်ပါသည်။

ဘုံလုံတစ်လှည့် ငါးပျံတစ်လှည့်၊
ပေဖြစ်ရင်ခံ တူဖြစ်တော့ နှံ ၊
သစ်ငုတ်မြင့်တုံ မြက်မြင့်တုံပါကွယ်
တံလျပ် ကို ရေထင်တာ မဟုတ်၊
အကျိုး လိုလို့ညောင်ရေ လဲ မလောင်းဘူး၊
ပညာရွှေ အိုး လူမခိုးတဲ့
သတိ ကိုတမာန်
ဥာဏ်မြေ ကတုတ် ..
ဆောင်ပုဒ်များစွာ အရင်းပြု
အများအကျိုးဆောင် ကိုယ့် ပုဆိုးပါပေါင် ခဲ့ သော်ငြား
ကျနော် ထမ်းသောလှံသည်
မသမာအာဇီဝ ထမ်းသော ကံ ကို ကား
မယှဉ်နိုင်ခြေ တကား....

တစ်ယောက်ကောင်းသော် တစ်သောင်းဗိုလ်ခြေ ညက်ညက်ကျေ ဆိုသော်လည်း
ဘဲအုပ်ကတစ်ရာနှစ်ရာမောင်ဗေဒါ လေးကတစ်ကောင်ထဲ..
ခါချဉ်ကောင် မာန် ကြီး ခါးက မသန် ဖြစ်ကာ

အရူးမီးဝိုင်းသလို ၊
သောင်ပြင်လွှတ်တဲ့ ခွေးလို ၊
ဖာတန်း မီးလောင်သလို ၊
ကုလားတိုက် ကျားဝင်ကိုက် သလို၊
ဘင်္ဂလားသင်္ဘောဆိုက် သလို
အပျက်အပျက် နှခေါင်းသွေး ထွက် လေ သောကြောင့်

လဒမှိုင် မှိုင်ကာ
ကုလားမူ ပင် မမူ နိုင်တော့ဘဲ

အသက်ကိုဥာဏ်စောင့် သလို
ခြေထောက် များက လဲစောင့်လေ သဖြင့်
တတ်သည့်ပညာမနေသာ
ဖိနောက် နဲ့ တင်ပါး တစ်သားထဲ ကျ အောင်

ပြေးခဲ့သော်ညားလည်း
ကရွတ်ပေါ်မှာ ကင်းလျှောက် သလို
အ၀ိုင်းပတ်မှာခြာခြာ လည်
ပင်လယ်ပြာကမ်းမမြင်လမ်းမမြင်ကြီးထဲမှာ

သောက်လေသောက်လေ ငတ်မပြေ
ဝမရှိဝိ လုပ်ကာ
FB သုံး နေရလေတော့ သတည်း။

(အဟီးမောလိုက်ထှာ.....ကဲ English လို ပြန်ရေးပေး )။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...