Sunday, August 12, 2012

“Myanmar Youth Conference 2012” (စိမ်းခက်စိုး)


by Sein Khat Soe on Sunday, August 12, 2012 at 7:09pm 

                                                                                  
                                             “လူငယ်များနေ့ စုံညီပွဲတော်”

 ကျွန်တော်နဲ့ ကျွန်တော့်တူတော်မောင် ၂ ယောက် ခန်းမထဲ ၀င်သွားတော့ အခမ်းအနားက စနေပြီ..။တကယ်တော့ ဒီအခမ်းအနားလေး မှာ ဆွေးနွေးသူတစ်ယောက်အဖြစ်ပါဝင်ခွင့်ရခဲ့တာတောင် ဟုတ်ရဲ့လားလို့တွေးနေတာ အဲဒီရောက်တဲ့အထိဘဲ။
ထူးခြားတာက ဦးဆောင် နေသူရော၊ အခမ်းအနားတက်ရောက်လာသူအများစုရော ကိုယ့်ထက်အသက်ကြီးတဲ့သူက လက်ချိုးရေလို့ရမယ်ထင်တယ်။ ဒါပေမယ့် အခမ်းအနားလေးက တည်တည်ငြိမ်ငြိမ်၊ ဟာမိုနီကျကျ မြောနေတယ်။ 

ဦးဆောင်သွားတဲ့သူတွေကိုယ်တိုင်လည်း တက်ရောက်လာသူတွေကြားမှာ ပေါ့ပေါ့ပါးပါးနဲ့ ပျောက်ဆုံးနေတယ်။ တချို့ပွဲတွေမှာဆို အခမ်းအနား ဦးဆောင်သူတွေဆိုတာ ခန်းမထဲဝင်လိုက်တာနဲ့ ပြိုးပြိုးလက်နေတတ်တာမဟုတ်လား။ အဲဒါလေး က တော်တော်လေး လေးစားစရာကောင်းတဲ့ ပွဲထွက်ပုံစံပေါ့။ ထူးထူးခြားခြားသတိထားမိတာက ဒီပွဲမှာ အထူးခုံတန်းမရှိဘဲ၊ တသားတည်းခင်းကျင်းထားတာရယ်၊ ကော်ဖီတိုက်ချိန်မှာ ပွဲတက်လာသူတွေအားလုံးက ဘယ်သူကမှမပြောရ၊ မတိုက်တွန်းရဘဲ တန်းစီပြီးအေးအေးဆေးဆေးစားသောက်ကြတာရယ်၊ အဆိုးမြင်ဆန်တဲ့ မေးခွန်းတွေ၊ တင်ပြပုံတွေမရှိဘဲ အခမ်းအနားကို သက်ဝင် စေခဲ့တဲ့ ဆွေးနွေးသူနဲ့ ထပ်ဆင့်ဆွေးနွေးသူတွေရဲ့ ပွဲအပေါ်အလေးထားမှုလေးတွေဟာ ပွဲပြီးတဲ့အထိ တက်ရောက်ခွင့်မရ ခဲ့ပေမယ့် တက်ရောက်ခွင့်ရခဲ့တဲ့ အချိန်အထိ စိတ်ကျေနပ်မိတယ်။ တချို့အားနည်းချက်လေးတွေလည်းရှိပါတယ်။ ဒါပေမယ့် ခပ်ချောချောကောင်မလေးပါးပေါ်က ၀က်ခြံဖုလေးသာသာပေါ့။

အခမ်းအနားအစီအစဉ်တလျောက်လုံးမှာ အမှတ်တရဖြစ်စေခဲ့တဲ့ မှတ်သားဖွယ်စကားလေးကို (ကျွန်တော်တစ်ယောက်တည်း မှတ်သား မိတာကိုပြောတာပါ) ကြောင်ကို ကြိုးချည်တဲ့ ပုံပြင်လေးပါ။ Interfaith ခေါင်းစဉ်အောက်က လူမျိုးရေးအခြေပြု ပြသနာကို ရှုမြင်ပုံ အသစ်နဲ့ ၀င်ရောက်ဆွေးနွေးသွားတာဖြစ်ပြီး အလွန်လှတဲ့၊ ထိရောက်တဲ့ ပုံဥပမာလေးတစ်ခုအဖြစ် မှတ်သားလိုက်မိတယ်။ တင်ပြ ဆွေးနွေးသွားသူလူငယ်က ပုံပြောသူများအဖွဲ့က လူငယ်တစ်ယောက်ပါ။

နောက် ၀င်ရောက်ဆွေးနွေးသွားသူတစ်ဦးရဲ့အကြံပြုချက်မှာ လူငယ်တွေအတွက်အစီအစဉ်တွေကို လွှတ်တော်ထဲမှာ လူငယ်ကိုယ်စား လှယ်တွေထားပြီး လူငယ်တွေအရေးဆောင်ရွက်ဖို့အထိ တင်ပြဆွေးနွေးသွားပုံက ဒီပွဲတက်လာတဲ့ လူငယ်တွေဟာ ပွဲအဖြစ်တက်လာ တာမဟုတ်ဘဲ။ သူတို့ရဲ့ အဝေးပြေးအမြင်တွေကို တွေးပြီးအံ့သြရပါတယ်။

အဲဒီနေ့အခမ်းအနားမှာ လူမသိလိုက်တဲ့ ရယ်စရာလေးတစ်ခုလည်းပြောချင်ပါတယ်။ အဲဒီပွဲကို ကျွန်တော့်တူလေး ၂ ယောက်ကို ခေါ်လာ ခဲ့တာပါ။ ဘာလို့လဲဆိုတော့ သူတို့အဖိုး၊ ကျွန်တော့်အဖေက လွန်ခဲ့တဲ့ ၂ ရက်က အရေးပေါ်ဆေးရုံတင်လိုက်ရလို့ အိမ်မှာဘယ်သူမှ မရှိ တာရယ်၊ ဆေးရုံမှာထားခဲ့ရင်လည်း အဖေ့ကိုနှောင့်အယှက်ဖြစ်မှာစိုးတာရယ်ကြောင့် ဦးစိုးပြောတာလိုက်နားထောင်၊ ပွဲပြီးရင် မုန့်ဝယ် ကျွေးမယ်ဆိုပြီးချော့ခေါ်လာခဲ့တာပါ။ ဖြစ်ချင်တော့ ကျွန်တော့်အစီအစဉ်မှာ ငြိမ်းချမ်းရေးနဲ့သက်ဆိုင်တဲ့ မေးခွန်းတစ်ခု အတွက် တက်ရောက်လာတဲ့ ညီအကိုမောင်နှမတွေကို လက်ညှိုးထောင်ပြီး ထောက်ခံဆန္ဒပြုခိုင်းတဲ့အစီအစဉ်လည်းရောက်ရော ကျွန် တော်ဆွေးနွေးနေတာကို နားထောင်နေတဲ့တူအကြီးကောင်က ဖုန်းနဲ့ဂိမ်းဆော့နေတဲ့သူ့ညီကို ဟေ့ရောင် လက်ညှိုးထောင်ကွ၊ ဦးစိုး ထောင်ခိုင်းနေတာ။ မင်းတော့ မုန့်မစားရဘဲနေတော့မယ်ဆိုပြီးပြောတယ်တဲ့။ တော်သေးတာပေါ့ ပွဲထဲမှာသာထအော်ရင် ကျွန်တော့် အရှက်တော့ကွဲရချည်ရဲ့ ဘေးမှာထိုင်နေတဲ့သူငယ်ချင်းတွေပြန်ပြောလို့သိရတာပါ။


ကျွန်တော် ငြိမ်းချမ်းရေးအခြေပြု ခေါင်းစဉ်အောက်ကနေ တင်ပြဆွေးနွေးခွင့်ရခဲ့တယ်။ ကျွန်တော် ဆွေးနွေးခဲ့တဲ့ ခေါင်းစဉ်ကတော့ “ကကစ- ငြိမ်းချမ်းရေး”ပဲဖြစ်ပါတယ်။ ကျွန်တော်နဲ့အတူ ၀ါဝါလို့ ကျွန်တော်တို့တွေ ချစ်စနိုးခေါ်တဲ့ လူငယ်ကဗျာဆရာ၊ စာရေးဆရာနဲ့ လူရွှင်တော် သူရဿဝါပါ။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးနယ်ပယ်က အခြားလူငယ် နှစ်ဦးပါ။ ကျွန်တော့်ထက်အသက်ငယ်ကြပေမယ့် ကျွန်တော့် ထက် တော်တာ၊ ပွဲအပေါ်ထားတဲ့ စေတနာက သူတို့တင်ပြဆွေးနွေးမှုတွေမှာ အထင်းသားမြင်ရ၊ ကြားရပါတယ်။

အောက်မှာဖော်ပြမယ့် စာတွေကတော့ အဲဒီပွဲလေးမှာ ကျွန်တော်ပြောခဲ့တာတချို့နဲ့  ပွဲအပေါ်မှာလေးစားစိတ်နဲ့ မပြောဘဲချန်ခဲ့တဲ့ စကား တွေကိုပြန်ရေးချထားတာပါ။

“ကကစ ငြိမ်း-အကြောင်းကိုမပြောခင် လွန်ခဲ့သော ၇နှစ်ကျော်က သင်တန်းလေးတစ်ခုအကြောင်းပြောပြချင်ပါတယ်။ ကက် သလစ်ဘုန်းကြီးတစ်ပါးနဲ့ နိုင်ငံခြားသူအမျိုးသမီးကြီးတစ်ယောက် ဦးဆောင်လုပ်ခဲ့တဲ့သင်တန်းလေးတစ်ခုပေါ့။ အဲဒီသင် တန်းမှာ ဘယ်လိုလူတွေပါလဲဆိုတော့ ကချင်၊ ကယား၊ ကရင်၊ ဗမာ၊ ရှမ်း၊ ကုလား၊ ပအို့ဝ်၊ မွန် လူမျိုးလူငယ် ၃၅ ယောက်ပါ တယ်။ အားလုံးဟာ ဗုဒ္ဓဘာသာနဲ့ ကက်သလစ်လူငယ်တွေဖြစ်တယ်။ အဲဒီလူငယ်တွေကို သင်တန်းပေးတဲ့နေရာ ကတော့ ဗမာလူမျိုးတွေနေ တဲ့ ကျေးလက်ရွာလေးတစ်ရွာမှာပါ။
  

သင်တန်းသားတွေကို အဆောင်တွေ၊ အခန်းတွေမှာမထားဘူး။ အဲဒီရွာကအိမ်တိုင်းမှာ တစ်အိမ်တစ်ယောက်စီနေခိုင်း တယ်။ အဲဒီအိမ်က ကျွေးတာနဲ့ဘဲ စားခိုင်းပြီး အဲဒီအိမ်အလုပ်ကိုလည်း အဲဒီသင်တန်းသားလူငယ်က ၀ိုင်းလုပ်ပေးရတယ်။ ဖုန်းမရှိဘူး၊ အင်တာနက်မသိဘူး၊ တီဗီကြည့်ချင်ရင် ရွာမှာတစ်ရုံတည်းရှိတဲ့ တစ်ရွာလုံးကြည့်တဲ့ ရုံလေးမှာ ရွာသားများ နည်းတူ သွားကြည့်ရတယ်။ သင်တန်းသားတွေအားလုံးဟာ ရွာသားအတိုင်းဘဲသင်တန်းကာလ တစ်လျောက်လုံးနေ ထိုင် ပြုမူ စားသောက်ကျင့်ကြံရတယ်။

သင်တန်းနောက်ဆုံးနေ့ ရွာကနေပြန်တော့ တစ်ရွာလုံးထွက်နှုတ်ဆက်သလို၊ တစ်ရွာလုံးနီးပါးလည်း ငို၊ သင်တန်းသားတွေ လည်းငိုပေါ့။ အဲဒီသင်တန်းလေးကတော့ Peace Building သင်တန်းပါဘဲ။ အဲဒီသင်တန်းမှာ လာတက်တဲ့ ဗမာမှ အပအ ခြား တိုင်းရင်းသား လူငယ်တွေဟာ အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် ဗမာလူမျိုးကိုမုန်းနေတဲ့ လူ ငယ်တွေဖြစ်ပြီး သင်တန်းနောက်ဆုံးနေ့မှာတော့ ကဲခင်ဗျားတို့ “ဗမာလူမျိုးအပေါ်ကို ထားတဲ့သဘောထားတွေ ပြန်ပြော ပါဦး”ဆိုတော့ တစ်ချို့က ငိုဘဲငိုနိုင်သလို၊ အချို့ကတော့ သူတို့သိထားတဲ့ ဗမာနဲ့ အခုဗမာတွေဟာ အများကြီးကွာခြားတာ ကို သိရှိလာရတယ်၊ ဗမာမှာ လဲ ကောင်းသူ၊ ဆိုးသူဆိုတဲ့ လူအမျိုးမျိုးဘဲရှိတယ်ဆိုတာကို တွေ့ရတယ်။ သူတို့ခံစားခဲ့ရမှုတွေ ပြောင်းလဲသွားပါတယ်ဆိုပြီးပြောကြ တာတွေ့ရတယ်။

အဲဒီလူငယ်တွေဟာ ခုအခါမှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ဒေသများစွာမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေ မှာ တက်တက်ကြွကြွနဲ့ ကျရာ၊ ရောက်ရာနေရာတွေမှာ တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ နက်နက်နဲနဲဝင်ရောက်လုပ် ကိုင် နေပြီး၊ အများစုဟာ ခုချိန်အထိ ပြောမနာဆိုမနာ အပြန်အလှန်အထောက်အကူပြုပြီး ချစ်ချစ်ခင်ခင်ဆက်လက်လုပ် ကိုင် နေခဲ့ကြတယ်ဗျ။  ဘယ်နေရာမှာဖြစ်ဖြစ်၊ ဘယ်လိုဘာသာနဲ့ဖြစ်ဖြစ်၊ ဘယ်လိုလူမျိုးနဲ့ဖြစ်ဖြစ် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးတင် သာမကဘဲ နိုင်ငံရေးဖြစ် စဉ်တွေမှသည် သာရေး၊ နာရေးလိုကိစ္စမျိုးတွေကိုလည်း အတူတူ၊ အပြန်အလှန်ပူးပေါင်းဆောင် ရွက်နေခဲ့ကြပါတယ်။ 

ဒီအကြောင်းကို ဘာလို့ပြောရလဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ပြောဆိုနေတာတွေဟာ စားပွဲ၊ ကုလား ထိုင်ပေါ်ကလူတွေချည်းဘဲဖြစ်နေသလို၊ သူတို့ချင်းချင်း၊ သူတို့မူအချင်းချင်းလွဲတဲ့နေ့ ပြန်လက်နက်ကိုင် တိုက်တဲ့နေ့ ဖြစ်နေတာပါ ဘဲ။ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ လှည်းနေလှေအောင်းမြင်းစောင်းမကျန်ဆိုတဲ့ ရှေးစကားလုံးလို အောက်ခြေမှ သည် ထိပ်ဆုံးအထိပါဝင် ပတ်သတ်ဖြေရှင်းရမယ့် ကိစ္စတွေဖြစ်ပါတယ်။

အချို့ ငြိမ်းချမ်းရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေဆို ရင်လည်း ငြိမ်းချမ်းရေးထက် ကိုယ့်ကိုယ်ကို နာမည်ကြီးရေး၊ ကိုယ့်အဖွဲ့ project support တစ်ခုခုရရေးဦးတည်နေတာ များနေတာကို တွေ့လာရလို့ပါ။  ကမ္ဘာအ၀ှမ်းမှာ အောင်မြင်ဖြစ်ထွန်းခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ် စဉ်တိုင်းကို ပြန်ကြည့်ရင် အလွှာအသီးသီးက လူတန်းစားပေါင်း စုံပါဝင်ပြီး ဆောင်ရွက်မှသာ ပိုမိုထိရောက်သလို၊ မြန်မြန်ဆန်ဆန် အကောင်အထည်ပေါ်တာတွေ့လာရပါတယ်။ နောက် လူအများစုက ငြိမ်းချမ်းရေးကို အဆောက်အဦတစ်ခုလို တည်ဆောက် ဖို့တွေးတောနေတာလည်း စဉ်းစားစရာတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ တကယ်တော့ ငြိမ်းချမ်းရေးဆိုတာ ရင်ထဲကနေလာရတဲ့ ဆက်သွယ်ချက်တစ်ခု၊ အဲဒီကနေပြီးမှ အပြုအမူတွေ၊ အပြောအဆိုတွေဆီရောက်သွားရတဲ့ အကျင့်တစ်ခုလို့ ထင်တယ်။ 

အဲဒိထက် ပိုစဉ်းစားခွဲခြမ်းစိတ်ဖြာရမှာက “ငြိမ်းချမ်းရေး”ဆိုတဲ့ စကားလုံးမှသည် ဖြစ်စဉ်အရပ်ရပ်တိုင်း၊ အဆင့်တိုင်းမှာ အ ရေးအကြီးဆုံး ပါဝင်ရမယ့်သူဟာ ခင်ဗျားကိုယ်တိုင်ဘဲဖြစ်တယ်။ ကျွန်တော့်ခေါင်းစဉ်ရဲ့ “ကကစ ငြိမ်းချမ်းရေး” ဆိုတာ ကိုယ်ကစရမယ့် ငြိမ်းချမ်းရေး ကို ဆိုလိုခြင်းဖြစ်ပါတယ်။ 

ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ဘာကြောင့်မအောင်မြင်ရသလဲဆိုရင် ငြိမ်းချမ်းရေးဆိုတဲ့ စကားရပ်ရဲ့၊ ဖြစ်စဉ်ရဲ့ အနှစ်သာရကို သေချာမသိ၊ မယုံဘဲ တာဝန်ပေးလိုက်လို့ စားပွဲတွေဆီရောက်လာ၊ သင်တန်းတွေဆီရောက်လာ၊ တွေ့ဆုံဆွေးနွေးပွဲတွေ ဆီရောက်လာပြီး ကိုယ့်အတွက်၊ ငြိမ်းချမ်းရေးလိုအပ်နေတဲ့ လူထုအတွက်မပြောနဲ့၊ ကိုယ့်ကိုယ်အတွက်တောင် ငြိမ်းချမ်းရေးမှာ ကိုယ်စားမပြုနိုင်ဘဲ ကိုယ့်အဖွဲ့အစည်းအတွက် လိုချင်တာတွေပြောသွားတာမျိုးကြောင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဖြစ်စဉ်တွေဟာ တည်ငြိမ်သေချာမှုမရှိဘဲ အကြိမ်ကြိမ်ပြန်ပျက်ရတာပါ။

ကျွန်တော်တို့ဆီက “ငြိမ်းချမ်းရေး”ဆိုတဲ့ စကားရပ်ဟာ “ငြိမ်းချမ်းရေး”ဖော်ဆောင်နေပါတယ်ဆိုတဲ့ သူတွေရဲ့ အဓမ္မပြုကျင့် တာခံနေရတယ်လို့တောင်ပြောချင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လူငယ်များဟာ ငြိမ်းချမ်းရေးဆိုတဲ့ အနှစ်သာရတစ်ခု ကို တကယ်အကောင်အထည်ဖော်ကြမယ်လို့ ဆုံးဖြတ်ထားတယ်..စဉ်းစားထားတယ်ဆိုရင် ခုခင်ဗျားဘေးဘယ်ညာမှာထိုင် နေခဲ့တဲ့ ဒီပွဲတက်သူကို ပြုံးပြပြီးပြီလား၊ ခေါ်ပြောနုတ်ဆက်ပြီးပြီလားဆိုတာ အလျင်သတိထားလိုက်ပါ။ 

ကျွန်တော် တင်ပြဆွေးနွေးချင်တဲ့ ကကစ ငြိမ်းချမ်းရေးဆိုတဲ့ ကိုယ်ကနေစတင်ရမယ့် ငြိမ်းချမ်းရေးဆိုတာ အဲဒါကိုပြောခြင်း ဖြစ်ပါတယ်။ အဲဒိထက် ပိုစဉ်းစားခွဲခြမ်းစိတ်ဖြာရမှာက “ငြိမ်းချမ်းရေး”ဆိုတဲ့ စကားလုံးမှသည် ဖြစ်စဉ်အရပ်ရပ်တိုင်း၊ အ ဆင့်တိုင်းမှာ အရေးအကြီးဆုံး ပါဝင်ရမယ့်သူဟာ ခင်ဗျားကိုယ်တိုင်ဘဲဖြစ်တယ်။ ကျွန်တော့်ခေါင်းစဉ်ရဲ့ “ကကစ ငြိမ်းချမ်း ရေး” ဆိုတာ ကိုယ်ကစရမယ့် ငြိမ်းချမ်းရေးကို ဆိုလိုခြင်းဖြစ်ပါတယ်။ 

ငြိမ်းချမ်းရေးဆိုတဲ့ စကားရပ်ကိုကြားလိုက်တာနဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့လေးစားတဲ့ လူတစ်ယောက်ယောက် ၊ သိ စိတ်ထဲကရော၊ မသိစိတ်ထဲကပါ အားကိုးနေတဲ့သူတစ်ယောက်ယောက် ဘာလုပ်မလဲ၊ ဘာပြောမလဲ။ ဘာလို့မလုပ်တာ ၊ ဘာလို့မပြောတာလဲဆိုတာ အရင်တွေးတယ်။ ကျွန်တော်တို့ လေးစားအားကိုးလို့ မရတဲ့ လူကြီးတစ်ချို့ကို ပြစ်တင်မောင်း မဲမယ်။ သူတို့တွေ ပေါက်ကလုပ်လို့ဆိုပြီး စွတ်ဆွဲမယ်။ ဒါပေမယ့် “ငြိမ်းချမ်းရေး”နဲ့ ပတ်သတ်တဲ့ အပြုအမူတစ်ခု၊ အပြော အဆိုတစ်ခုကို ကျွန်တော်တို့ကိုယ်တိုင်ရော လုပ်ပြီးပြီလား၊ ကျန်ခဲ့တဲ့ရက်တွေ နေ့တွေလတွေထဲမှာ လုပ်ခဲ့လားမလုပ်ခဲ့ လား မမေးတော့ပါဘူး။ အခု ဒီနေ့၊ ဒီခန်းမထဲမှာ ဆုံနေကြသူချင်း ခင်ဗျားမသိတဲ့သူတစ်ယောက်ယောက်ကို ခေါ်ပြော နှုတ် ဆက်ပြီးပြီလား။ 

အဲဒီတော့ ကျွန်တော်တင်ပြချင်တာက ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ရင် ကျွဲခိုးပေါ်သလို တိုးတိုးကျိတ်ကျိတ် အခန်းအနားတွေ ကျင်းပကြ၊ တူညီဝတ်စုံတွေဝတ်ပြီး လူထုလှုပ်ရှားမှုတွေလုပ်ကြ၊ အစိုးရကို ပြစ်တင်ဝေဖန်ကြ၊ လက်နက်ကိုင်အဖွဲ့အစည်း တွေကို အပြစ်ဖို့ကြ၊ လူထုခေါင်းဆောင်နဲ့ လေးစားရတဲ့ အကိုအမတွေ တစ်ခုခုလုပ်ဖို့ လိုလားကြနဲ့ ကျွန်တော်တို့ အားလုံး ဟာ ကိုယ်မှာတာဝန်ရှိတယ်။ ကိုယ်တိုင်စလုပ်ရမယ်ဆိုတာကို မေ့လျော့နေကြပြီး သူများကိုဘဲ စဉ်းစားနေကြသလားလို့။

ကျွန်တော်တို့နိုင်ငံမှာ လ၀ကရဲ့ ၂၀၀၉ခုနှစ်က နောက်ဆုံးထုတ်ပြန်ခဲ့သောစာရင်းအရ လူဦးရေ ၂၀၀၉ ခုနှစ် အကုန်ပိုင်း တွင် ၅၉.၁၂သန်း အထိ ရောက်ရှိလာပြီလို့သိရတယ်။ စုစုပေါင်း လူဦးရေ  ၅၉.၁၂သန်း တွင် အမျိုးသား ဦးရေ ၂၉.၃၇ သန်းနှင့် အမျိုးသမီး ဦးရေ ၂၉.၇၃ သန်း အသီးသီးရှိပြီး ၎င်းတို့အနက် အသက် ၁၈ နှစ်နှင့် အထက် လူဦးရေမှာ သန်း ၃၀ ကျော်ရှိသည်။ နှစ်စဉ် ၂.၀၂ ရာခိုင်နှုန်းတိုးနေတယ်လို့ ဆိုတယ်။

တခြားသူတွေ မယုံကြည်၊ မကျင့်ကြံလျှင်နေ၊ ခုဒီခန်းမထဲမှာရှိနေတဲ့ လူငယ်များနေ့ကို တက်ရောက်လာကြတဲ့ ညီအကို မောင် နှမတွေအားလုံးဟာ သန်းနဲ့ချီသော လူငယ်များကိုယ်စား မိမိကိုယ်မိမိ ငြိမ်းချမ်းရေးအတွက် စတင်လုပ်ကိုင်ကြမယ် ဆိုရင်ကို ဒီနေ့ပွဲဟာ လုပ်ရတာတန်ပါတယ်။ သာမန်ပြစ်မှုမြောက်စေနိုင်တဲ့ အပြုအမူမဟုတ်ဘဲ။ လူမျိုးရေး၊ နိုင်ငံရေး၊ ဘာ သာ ရေးအခြေပြု ဆဲသံဆိုသံ၊ တောက်ခေါက်သံ၊ သေနတ်သံတစ်ချက် လောက်သာမြည်စေဦး အဲဒီတိုင်းပြည်ဟာ ငြိမ်း ချမ်း ရေးရနေတဲ့ တိုင်းပြည်လို့ မဆိုနိုင်ဘူး။ အဲဒါကြောင့် ကကစ-ကိုယ်တိုင်ဘဲ စလုပ်လိုက်ရအောင်လို့ ဖိတ်ခေါ်တောင်း ဆိုချင်ပါတယ်။”

ကျွန်တော်ဟာသလေးတစ်ခုကို ပြောပြ ပါ့မယ်။ တခါက ကလေးတစ်ယောက်ရေနစ်နေတဲ့အချိန် လူတွေကလည်း ဟိုလူဆင်း ကယ်လိုက်လေ၊ ဒီလူဆင်း ကယ် လိုက်လေလို့ ကိုယ်တိုင်မဆင်းဘဲ ဟိုလူ့လက်ညှိုးထိုး၊ ဒီလူ့လက်ညှိုးထိုးနဲ့ တယောက် တစ်ပေါက်ပြောနေတဲ့အချိန်မှာ လူ တစ်ယောက် အဲဒီရေကန်ထဲကို ၀ုန်းခနဲ့ ခုန်ဆင်းသွားပြီး ကလေးကို အောင်မြင်စွာကယ် တင်ခဲ့တယ်တဲ့။   အဲဒီကလေးကို ပွေ့ပြီးတက်လာတဲ့ လူကို ကမ်းပေါ်ကလူတွေက လက်ခုပ်လက်ဝါးတီးချီးမွမ်း ကြိုဆိုပြီး ဘယ်လိုစိတ်ဓာတ် မျိုးနဲ့ ဒီကလေးကို ဆင်းကယ်လိုက်ရတဲ့ အဓိကဆုံးဖြတ်ချက်က ဘာဖြစ်လို့ပါလဲလို့ လူတစ်ယောက်က လှမ်းမေးတယ်တဲ့။ အဲဒီလိုမေးလိုက်တော့ အဲဒီလူက ပြန်ဖြေတယ် ဘယ်ခွေးမသားငါ့ကိုကိုကန်ထဲ ကန်ချလိုက်တာမသိဘူး ဆိုပြီး ဒေါကြီးမော ကြီးပြောပြီးထွက်သွားတယ်တဲ့…။ 

တကယ်တော့ အဲဒီပွဲလေးမှာ ဆွေးနွေးဖို့ကျွန်တော့်ကိုနောက်ကနေ ကန်တင်လိုက်တဲ့သူကတော့ ကျွန်တော်နဲ့ အတူ တူ ငြိမ်းချမ်းရေးခေါင်းစဉ်အောက်မှာ ဆွေးနွေးသွားတဲ့ လူငယ်ကဗျာဆရာ သူရဿဝါ ခ ၀ါဝါပေါ့။ ခုနောက်ဆုံးအနေနဲ့ ကျွန်တော့် စာကိုအဆုံးမသတ်ခင်မှာ ကျွန်တော့်ကို လူငယ်များနေ့ပွဲမှာ ဒီစကားတွေပြောဆိုဆွေးနွေးဖို့ အခွင့်အလမ်းပေးခဲ့တဲ့ MYIA က ညီအကိုမောင်နှများအားလုံးကိုအ ထူးကျေးဇူးတင်သလို၊ ဒီမှာစုံဆည်းရတဲ့ ညီအကိုမောင်နှမတွေအားလုံးကိုလည်း အထူးကျေး ဇူးတင်ပါတယ်။ နောင်လည်း ဒီလိုပွဲမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ပြည်နယ်တိုင်းဒေသကြီးအနှံ့ပြုလုပ်နိုင်ကြပါစေလို့လည်း ဆန္ဒပြု ပါတယ်။

နောက်ပြော သွားခဲ့တဲ့အချိန်ကနေစပြီး ခုရောက်တဲ့အထိ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ ယုံကြည်မှုတစ်ခုခုကြောင့် ကျွန်တော့်တင်ပြ မှုတွေဟာ တက်ရောက်ခဲ့သူနဲ့ ခုစာဖတ်နေသူ သူငယ်ချင်းညီအကိုမောင်နှများကို စိတ်အနှောင့် ယှက်ဖြစ်စရာ အဂါရ၀ဖြစ်စရာများရှိခဲ့ ခံစားခဲ့ရစေတယ်ဆိုရင်လည်း ဒီအဆုံးသတ်နှုတ်ဆက်နဲ့အတူ တဆက်တည်းတောင်း လိုက်ပါတယ်။ ခုတလော လုပ်ချင်တာ လုပ်ပြီး ရင် တောင်းပန်တဲ့အကျင့်ကို ကျင့်နေမိတယ်။ လူမှန်းသိတည်းက လုပ်ချင်တာလုပ်ပြီး မတောင်းပန်ဘဲခပ်တည်တည်နေနေကြတဲ့ သူတွေကို အမြင်ကပ်လို့ ကကစ-ကိုယ်ကစပြီးအဲဒီအကျင့်လေးကို ကျင့်နေမိတာဗျ။ 

စိမ်းခက်စိုး
(တနင်္လာနေ့) သြဂုတ်လ ၁၃၊ ၂၀၁၂
 နံနက် - ၀၅း ၃၃ နာရီ
*** ဖော်ပြပါပုံလေးတွေကို https://www.facebook.com/myanmaryouths ကနေ ကူးယူဖော်ပြပါတယ်။


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...