Monday, August 13, 2012

ဘာလို့ ပညာသင်ချင်လဲ


by Ye Min Tun on Monday, August 13, 2012 at 1:48am 

ညီလေးတယောက်က ကျနော်ကို အကိုပညာသင်ဖြစ်သွားတဲ့ အကြောင်းရေးပေးပါဆိုလို့ ညီလေး ညီမလေး များ အတွက် ရည်ရွယ်ပြီး ရေးပေးလိုက်ပါသည်။ အမေရိကန်ပြည်ထာင်စု Land of Opportunity ကိုရောက်လာရင် မိမိကြိုးစားရင် ကြိုးစား သလိုရမည်။ မိမိဘာလိုလဲ စည်းစိမ်ဥစ္စာလား ပညာလား ဒါမှမဟုတ် ရာဇ၀တ်မှုလား ဒုက္ခလား ကြိုတ်တာကို ရွေးချယ်ရုံပါ။ ဒီလိုပြောရတာက အမေရိကန်ပြည်ထောင်စုမှာ လုပ်ချင်တာ အကုန်ဖြစ်နိုင်သည်။ မိမိ၏ တီထွင်ဖန်တီးမှု ကြိုစား အားထုက်မှုသည် မိမိသာ ပိုင်ဆိုင်ရမည်။
အခြားတဖက်မှာလဲ မူးယစ်ဆေးဝါးလား အပျော်အပါးလား။ ဆေးခြောက်ကို သဘာဝထွက်ကုန် အနေဖြင့် လက်ခံပြီး ပြည်နယ်အချို့မှာ တရားဝင် ဆိုင်ခန်းနှင့် ရောင်းဝယ် ဖေါက်ကားသည် စိုက်ပျိုးသည် သုံးဆွဲနိုင်သည်။ ပြည့်တန်ဆာသည် တရားမ၀င် ဖြစ်သော်လည်း တကိုယ်လုံး ချွတ်ပြီး ကပြ ဖျော်ဖြေ တင်ဆက်မှုသည် တရားဝင် ဖြစ်သည်။ ရေသန့်ထက် ဘီယာဈေးပေါသည်။ မိမိရွေးချယ် ရမည် ကြိုတ်တာကို ရွေးစမ်း ကိုယ့်လူ ဆိုတဲ့ နေရပါပဲ။ ပျော်စရာရှာသူ ပျော်ရမည်၊ ငိုစရာရှာသူ ငိုရမည်ပေါ့ဗျာ။

ကျနော့အတွေး

ကျနော်ဘာလို့ ပညာသင်ချင်တာလဲ တချိန်က ကျနော်တို့ "အ" ခဲ့သည်။ အဲဒီလို အ ခဲ့လို့ အလှည့်အပြောင်းတွေမှာ အခွင့်လမ်းကောင်းတွေ လမ်းမှန်တွေကို မသိခဲ့ကြဘူး။ ကျနော်တို့ ခေါင်းဆောင်တွေဆိုတာလဲ ကျနော်တို့ထက် ဆယ်နှစ်ခန့်သာကြီးကြသူများသာ။ နိုင်ငံတကာရောက်တော့ ပညာတက်သူနှင့် မတက်သူ လုပ်ပိုင်ခွင့်က သိပ်ကွာသည်။ နည်းနည်း မဟုတ် မိုးနှင့်မြေလို ကွာလှသည်။ ဒီတော့ ကျနော်ဆုံးဖြတ်ချက် တခုချလိုက်သည်။ ကျနော်တို့လို မအ ရအောင်လို့ နောင်လူငယ်တွေကို ပေးခဲ့လိုသည်။ သူတို့ကို ပေးနိုင်ဖို့ အတွက် ကိုယ်က အရင် သင်ရမည်။ ဝေလံခေါင်းပါးက လူငယ်တွေဘ၀ ၀ါးလုံးခေါင်းထဲ လသာတဲ့ ဘ၀မျိုးနှင့် မပြီးသွားစေချင်ဘူး။ ကျနော် ယုံကြည်တာက လူငယ်တရာယောက် ပညာရှိရင် သေချာတာက လူဆိုး တရာတော့ ဖြစ်လာတော့မှာ မဟုတ်လောက်ပါ။ အနည်းဆုံး မိမိလူမှု ပတ်ဝန်းကျင်ကို အကောင်းဆုံးဖြစ်အောင် လုပ်မည့် သူများဖြစ်လာမှာ သေချာသည်။ ဒီလိုအတွေးသည် အခုလို အဖိုးကြီးပေါက်စ ဖြစ်ချိန်မှ ရလာတဲ့ အခွင့်လမ်းကို အသုံးပြုကာ ပညာသင်ရခြင်းဖြစ်သည်။

နောက်တခုက Annual Salary in U.S. Dollars in 2003 (Education Trust) မှာ အထက်တန်းကျောင်း မအောင်သူ ဒေါ်လာနှစ်သောင်းအောက်။ အထက်တန်းကျောင်းအောင်သူ နှစ်သောင်းအထက် သုံးသောင်းအောက်။ ကောလိပ်တက်ပြီး ဘွဲ့မရသူ သုံးသောင်းအထက်မှ သုံးသောင်းလေးထောင်အောက်၊ ဘွဲ့ရသူ သုံးသောင်းလေးထောင်အထက်မှ ငါးသောင်းအောက် နှင့် ပါရဂူအဆင့် ငါးသောင်းအထက်မှ ခုနှစ်သောင်းနှစ်ထောင်အောက်လို့ သုတေသန လုပ်ထားတာကို ကျောင်းသုံးစာအုပ် တခုမှာ ဖေါ်ပြထားတာတွေ့ရတယ်။ စီးပွါးရေးလုပ်သူကို ပြောတာတော့ မဟုတ်ဘူးပေါ့ လခစား ဆိုရင်တော့ သူတို့ တင်ပြတာက မလွတ်လောက်ဘူး။ ဘာလို့လဲဆိုတော့ လူတယောက် အလုပ်လုပ်နိုင်တဲ့ နာရီကိုပါ ထည့်တွက်ထားတာလေ နေ့ရော ညရော လုပ်မယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ် သို့သော် ဘယ်လောက်ကြာကြာ လုပ်နိုင်မလဲ။ အဲဒါ ပညာရေးက ပိုင်းဖြတ်လိုက်တဲ့ လူနေမှု အဆင့်တန်းပါပဲ။

အခွင့်လမ်းရှိပြီး လုပ်နိုင်ကိုင်နိုင်တဲ့ ညီတွေ ညီမတွေကျတော့လဲ တော်လိုက်တာ မိုးပျံနေရော မှတ်မှတ်ရရ ညီလေးတယောက် သူ့ကောင်မလေးအတွက် ပညာရေး ကိစ္စစုံစမ်းခိုင်းတယ်။ ကျနော်လဲ စုံစမ်းပေးဖို့ အတွက် သူ့ကောင်မလေးကို ညီမရေ မင်းက ဘာနှင့် ကျောင်းပြီးထားတာလဲလို့ မေးလိုက်တာ အကိုကြီး ကျမက ကွန်ပြူတာနှင့် ကျောင်းပြီးထားပြီး အီလက်ထရောနစ်နှင့် မာစတာယူထားပါတယ်တဲ့ မေးလိုက်ရတဲ့ အကိုကြီးတောင် လန့်သွားတယ်။ အားရလိုက်တာ။ ကျနော်တို့ တိုင်းပြည်က လူငယ်တွေ အကုန်လုံးကို ဖြစ်စေချင်တယ်။ ကျနော်တို့ တိုင်းပြည် အလုံးစုံပြောင်းလွဲဖို့ဆိုတာ အစိုးရပြောင်းရုံနှင့် စနစ်ပြောင်းရုံနှင့် မရပါဘူး လူမှုပတ်ဝန်းကျင်၏ အတွေးအခေါ် အဆင့်တန်း မမြင့်မားသေးသရွေ့ သိကြားမင်းကြီး ဆင်းလာပြီး ပြောင်းပေးတောင် မဖြစ်နိုင်ဘူး။

ကိုယ်လမ်းကိုယ်ရှာ

အမေရိကန်ပြည်ထောင်စုကို ရာက်လာတော့ ကျနော်ရောက်လာတဲ့ မြို့မှာ ပညာသင်ဖို့ကို စိတ်ဝင်တစား လိုက်စုံစမ်းမိတယ်။ အဆင်မပြေပါဘူး။ ကျနော့မြို့မှာ အရင်ရောက်တဲ့ လူတွေထဲက ကျောင်းတက်နေတဲ့ လူနှစ်ယောက်သုံးယောက်တော့ ရှိသည်။ ကျနော် စိတ်ဝင်တစား မေးမြန်းတော့ ဘာကိုမှ သေသေချာချာ မပြောပြဘူး။ မြန်မာနိုင်ငံမှာ ဘွဲ့ရခဲ့သလား ဘာလားညာလားနှင့် ထင်ယောင်ထင်မှားတွေ ပြောတယ်။ ကိုယ့်လူမျိုးတွေ လုပ်နေကျ နောက်လူကို လမ်းမပြပေးချင်တဲ့ စရိုတ်ပေါ့ဗျာ။ ဒီလိုနှင့် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုမောင်ဘုန်း ( NY မှာ စောစောက ရောက်နှင့်နေသူ အကိုကြီးက) ကျောင်းတက်ဖူးတဲ့ သူ့မိတ်ဆွေ တဦးနှင့် ဆက်ပေးတယ်။ ဖုန်းဆက်ပြီး အချက်လက်မေးပေါ့ဗျာ အဲဒီမှာလဲ သူက ဘွဲ့ရ ကျောင်းသားဘ၀နှင့် ကျောင်းဆက်တက်တာ ဆိုတော့ ကိုယ်နှင့် မတူဘူးလေ သူသိသမျှက ကျနော်နှင့် အဆင်ပြေမပြေ သူလဲမသေချာဘူး။ ဘာပဲပြောပြော အခြားသူတွေထက်စာရင်တော့ နည်းနည်းသာတာက College ကိုလိုက် စုံစမ်းကြည့်ဖို့ သူက အကြံပြုတာနှင့် စတင်ပြီး စုံစမ်းပါတယ်။

ရယ်စရာတော့ ကောင်းသား ရောက်ခါစ ၆ လအတွင်းမှာ လိုက်မေးမြန်းတာဆိုတော့ သူတို့ စကား ပြောအထာတွေ မနပ်သေးတော့ နည်းနည်းတော့ ပင်ပန်းတာပေါ့။ အဲဒီမှာ Community College တွေမှာ ၀င်ခွင့်ဖြေနိုင်ရင် ကျောင်းတက်လို့ ရတယ်ဆိုတဲ့ အချက် ကို ကောင်းကောင်း သိလိုက်ရတော့ အလွန်အားတက်မိသည်။ ၀င်ခွင့်ဖြေရမည့် ဘာသာတွေက College Level Math, College Level English Reading and Writing ပါပဲ။ အဲဒါတွေကို ဖြေလို့ College level ရတယ်ဆိုရင် Academic အဆင့်မှီအောင် ဆက်တက်ပြီး သတ်မှတ်ထားတဲ့ Grade ရရင် မိမိဘာသာရပ်ကို တက်ခွင့်ပေးမယ်ဆိုတာပါပဲ။ 

ပထမဆုံး ပြဿနာက ငွေပါပဲ အမေရိကန်ပြည်ထောင်စုမှာ ပညာရေးက ဈေးသိပ်ကြီးပါတယ်။ ဒီတော့ ငွေအတွက်ကို အစိုးရက ထောက်ပံ့တယ်တဲ့ Financial Aid ရှိပါတယ်။ အဲဒါကို လျှောက်ရတယ်။ သူကပေးတာကတော့ ကျောင်းစရိတ်လောက်ပါပဲ။ ကိုယ့်ဘ၀ရပ်တည်ရေးနှင့် အခြားစရိတ်တွေ အတွက်ကို ကြိုးစားရတယ်။ ခြိုးခြုံ ချွေတာရင်တောင် ဒေါ်လာ တထောင်လောက်က အသာလေး ကုန်တယ်။ ကားဆီဖိုး ကားအာမခံ အိမ်လခ စားစရိတ်နှင့် ဖုန်းခ အင်တာနက်ခ ကျနော်နေတာက တောမှာဆိုတော့ ကားမရှိလို့ မဖြစ်ပါဘူး မြို့ကြီးပြကြီးဆိုရင်တော့ ကားမလိုပါ။ တောမှာက တနေရာနှင့် အနည်းဆုံး တနေရာက ၅-၆ မိုင်လောက် ဝေးတာဆိုတော့ ကားမရှိရင် ခွေသွားပါမည်။ ဒီတော့ အချိန်ပိုင်း အလုပ်အနေဖြင့်  ပြည်နယ်တရားရုံး ရဲစခန်းနှင့် ပြည်နယ်အကျဉ်းထောင်တွင် ဘာသာပြန်လုပ်ခြင်း၊ နယ်ဝေးသို့ ပြောင်းရွှေ့သူများ အတွက် ကားမောင်းပေးခြင်းကို လုပ်ရသည်။ ဒီမှာ မိသားစုတွေက များကြတော့ ပြည်နယ်ဝေးတွေကို အလည်သွားချင်တဲ့ အခါ လေယဉ်ခနှင့်ဆိုရင် မကိုက်ဘူးလေ ၅ ယောက် ၆ ယောက်လောက်ဆို ကားကောင်းကောင်း ကိုဌားလိုက်ပြီး ကျနော်ကမောင်းပေးတဲ့ အခါ ကျနော်လဲ အဆင်ပြေ သူတို့လဲ လေယဉ်ခနှင့် တွက်ရင် သုံးယောက်စာလောက်ပဲ ကုန်တော့ အဆင်ပြေတာပေါ့။ ကျနော် တနှစ်အတွင်းမှာ ခရီးစဉ် နှစ်ဆယ်လောက် မောင်းရသည်။ ဒီတော့ အခက်ခဲ သိပ်မရှိဘူးပေါ့ဗျာ။

ကျောင်း ကိစ္စကို ဆက်ရရင် ကျနော် ၀င်ခွင့်ဖြေတော့ College level ၃ ရပါတယ်။ ဒီလိုရတာကိုလဲ ကိုယ်တိုင်းပြည်မှာ ၁၉ နှစ်နှင့် ထောင်ကျခဲ့သူ တယောက်အနေနှင့် ၀မ်းသာစရာပေါ့ဗျာ။ ဘာလို့လဲဆိုတော့ Transfer လုပ်မရတဲ့ မူလနိုင်ငံအချို့က ဘွဲ့ရ အာရှကျောင်းသား တရုတ် ကျောင်းသားတွေဆို College level ၂ ကနေ စတာတွေ တပုံကြီး။  Academic's classes က  College level ၅ မှာမှ စတာဆိုတော့ ၀င်ခွင့်ဖြေပြီးနောက် လိုအပ်တဲ့ College level အတန်း တွေထပ်တက်ရသေးတယ်။ ၄- ၅ ကို အပူတပြင်း လုပ်လိုက်ရတယ်။ ၅ ရောက်လာတဲ့ အခါ သူတို့ဆီက အထက်တန်းကျောင်းပြီးလာတဲ့ လူငယ်တွေ အသက်ကြီးမှ ပညာရေး  ပြန်လိုက်တာတဲ့ လူတွေ စတဲ့ English speaker တွေနှင့် ရောတိုးရတယ်။ အပြိုင်ကြဲရတာပေါ့။ အတန်းတွေက အချိန်တိုတိုနှင့် သူတို့ ရည်မှန်းချက်တွေ ရအောင်ကို ဖိသင်တော့  ကျနော်လို အခြေခံကောင်း မရှိခဲ့သူ အဖို့ သိပ်ပင်ပန်း ခက်ခဲသည်။ ဒါပေမည့် ကျနော်အတွက်တော့ ဒီအခက်ခဲဆိုတာ ပန်းခင်းလမ်းထဲ လျှောက်ရသလိုပါပဲ။ လိုချင်တော့ ကြိုးစားတာပေါ့ အဲဒီတုန်းက မသိရင် နောက်ဆုံး လိုင်းပေါ်က မိတ်ဆွေတွေကို မေးမြန်း အပူကပ်ပြီး သင်ကြားခိုင်းတာမျိုးလဲ လုပ်ရတာပါပဲ။ ဂျပန်ကမဟေသီကိုလဲ အပူကပ်တာပါပဲ။

နောက်ပိုင်း ကျနော်လမ်းသိသွားတာနှင့် အခြားလူငယ်တွေကို ပညာရေးအတွက် ကျနော်သိသလောက် ကူညီ ဆောင်ရွတ်ပေးသည်။ စည်းရုံးသိမ်းသွင်းတာ အခုဆို ကောလိပ်အဆင့် တက်လာနိုင်သူ သုံးဦး ရှိသွားပြီ။ သူတို့ ကျောင်းတက်တာကို တွေ့တိုင်း အမြဲတမ်း ပီတိဖြစ်ရသည်။ သူတို့ထဲက နှစ်ဦးဆိုရင် ၂၀၁၀ နှင်းတွေကျနေချိန်မှာ ကျနော်ကျောင်းက အပြန် တကူးတက သွားသင်ပေးရတာ။ တောသူတောင်သား မိဘကလည်း အားမပေးဘူး အလုပ်လုပ်စေချင်ကြတယ်။ သူတို့ ခမြာ သားသမီးက များတာကိုး  ၀င်ငွေက အဆင်မပြေဘူးလေ။ ကျနော့်မှာ တော်တော်လေး စည်းရုံး လုပ်ကိုင်လိုက်ရသည်။ အခုတော့ သူတို့မိဘတွေလည်း ကျနော့ကို ကျေးဇူးတွေတင်လို့ မဆုံးဘူး။ ဘာလို့လဲဆိုတော့ သူတို့ကလေးတွေက သူတို့ အသိုင်းဝိုင်းမှာ အားကိုးရတဲ့ လူတွေ ဖြစ်စပြုနေပြီလေ။ တချိန်က ကျနော်ကို လမ်းမပြလိုသူ နှစ်ဦးက စေတနာအကျိုးပေး Academic အဆင့် မရောက်ခင်မှာ ပြုတ်ပြီး ရှက်လို့ထင်ပါရဲ့ တဦးက အလုပ်ကိုင်ကောင်းနေပြီး မယ်မယ်ရရ အကြောင်းပြချက် မရှိဘဲ တခြား ပြည်နယ်ပြောင်းသွားတယ်။ တဦးကတော့ လမ်းမှာတွေ့ရင် ရှောင်နေလေရဲ့ မျက်နှာပူလို့ ထင်ပါ့ရဲ့။

အဲဒါပါပဲ ညီလေးမေးတဲ့ အကိုဘာကြောင့် ပညာသင်ဖြစ်သွားလဲ ဆိုတာရယ် အကိုလုပ်ခဲ့ရပုံ ကြုံခဲ့ရပုံလေး အတိုချုံးပြီး ရေးပေးလိုက်တာပါ။ သိတဲ့ အတိုင်း မင်းတို့ အကို အတိုချုံးထားလို့ တော်သေးတာပေါ့ အရှည်သာဆိုရင် ကိုရီးယား ဇာတ်လမ်းတွဲ ဖြစ်သွားမယ်။ ဒီရက်ထဲမှာ ဒီက ပညာသင်ကြားပုံကို အလျှင်းသင့်ရင် ရေးပေးအုန်းမယ်။

ချစ်ခင်စွာဖြင့်
ရဲမင်းထွန်း

No comments:

Post a Comment