တရုတ်စကားပင် နွားတင်းကုပ် နားမှာ ရှိသည်
by Zay Ya on Friday, May 25, 2012 at 5:10am
တရုတ်စကားပင်
နွားတင်းကုပ် နားမှာ ရှိသည်။
......................
အခုတော့ တရုတ်စကားပင်လေး ရှိနေသေးလား ကျနော် မသိတော့ ပါ။ နွား တင်းကုပ်လေး လည်း ဆွေးမြည့် ပျက်စီး နေလောက်ပြီ ။ ရွာမှာ နကို က မောင်ညိုကြီး ရှိသေး သည်။ ကျနော့ ကို တွေ့ တိုင်း ပြုံးယောင်ယောင် သန်းပြနေ တတ်သည့် သူ့ကိုတော့ သတိတရ ရှိနေ ပါသည်။ ချစ်မြတ်နိုး စိတ် ဖြင့် ခေါင်းလေး ပွတ်ပေးသည့် အခါမျိုးများတွင် သူက ငြိမ်နေ တတ်သည်။
သူ့ အတွက် ချထားပေး သည့် အဲ့နေရာလေး က မိုးလုံလေလုံ ရှိခဲ့ဖူးပါသည်။ သက်ကယ် ကောက် ရိုး နှော အမိုး နှင့် ဝါးကြဲ ယက် ကာပေး ထား သည်။
နေ့ခင်း နေ့လည်များ တွင်တော့ မောင်ညို့နားတွင် ကလေးများ အစုံအညီ ရှိနေ တတ်ကြသည်။ ထို ကလေး များ ထဲတွင် ကျနော်တို့ လည်း ပါသည်။ ကလေး တစ်ယောက် က ဒိုင်းကနဲ သေနတ် ပစ်သံပြု သဖြင့် မောင်ညို လန့် ၍ တုန်သွား လျင် အားလုံး ဟားတိုက် ရယ်မော ကြသည်။ ခြောက်လန့်မှု၏ အပြစ် မည်မျှ ကြီးသည် ကို ဘာသာတရားအရ ကျနော်တို့ နား မလည်ပါ။ ပျော်ကြသည်။
အစာစားပြီးတိုင်း ပွစိပွစိ တပျတ်ပျတ် လုပ်နေတတ်သော သူ့နှုတ်ခမ်း နှင့် ကျနော် ကျောင်း က ပြန်လာ တိုင်း စောင်းငန်း စောင်းငန်း လှည့်ကြည့် နေ တတ်သော သူ့ကို အခုတော့ လွမ်းလှ ပါသည်။ ကျောင်း လွယ်အိတ် ပစ်ချ၍ ကျက်စရာ စာအုပ် ထုတ်ပြီး သူ့အနား သွားထိုင်နေရသည့် ခံစားချက် ကို ယခု ထက်တိုင် သတိရနေတုန်း ဖြစ်သည်။
အမေ တစ်ခါက ပြောဖူးသည်။ "မောင်ညိုမွေးချိန် က တရုတ် စံကားပင် တစ်ပင်လုံး ပွင့်နေကြတယ် ကွယ့်၊ ဖွေးဖွေး လှုပ်ပေါ့" ဒါဆို ( မပြောကောင်း- ပြောကောင်း ) တရုတ် စကားပင်လေး သည် မောင်ညို ၏ ဖွားဖက်တော် ဖြစ် ရမည်။ ဖြစ်နိုင် သည်- မောင်ညို နေ မကောင်း ဖြစ် တတ် သော အချိန် တိုင်း တွင် စကားပင် ကလေးက မလန်းမဆန်း ညှိုးရော် နေသလိုလို ရှိသည်။ ပင်ယံ အောက် တွင် မောင်ညို နှင့် ကျနော် ဆော့ ကစား နေသော အချိန် မျိုး တွင်တော့ ထို စကား ပင် လေး က ကျနော်တို့ အပေါ် တစ်ပွင့် နှစ်ပွင့် ခြွေချပေး တတ်သည်။
တရုတ် စကားပင် ဆိုသည်ကလည်း အပွင့်လှလှ ဝေသလောက် အကြွေ လွယ်သော အပင် ဖြစ် သည်။ ထို့ကြောင့် တစ်ပင်လုံး အဆုပ် အဆုပ် လိုက် ဖွေးဖွေး လှုပ်မျှ ဝေနေချိန်တွင် ပင်ယံ အောက် မြေပြင် တွင် လည်း အပွင့်ကြွေ တို့က ဖွေးဖွေး လှုပ်နေ တတ် သည်။ ထိုအခါ မျိုး တွင်တော့ မောင်ညို အိပ်ပျော်နေ လျင် လည်း အတင်းနိုး သည်။ အပင်အောက် မှာ ပန်းမနင်းကြေး လမ်းလျောက် ကြ သည်။ တစ်ခါ - အကောင်း ပကတိ လှနေဆဲ အကြွေ ပန်းလေး တစ်ပွင့်တွေ့ တော့ ကျနော် ပြေးကောက် သည်။ သို့သော် မမှီ လိုက်။ မောင်ညို တက်နင်း မိသွား သည်။ ထိုအချိန် က ကျနော် ဒေါသ တကြီး အော်ငို သည် ကို ယောင်နန မျက်လုံးလေး ကလယ် ကလယ် နှင့် မောင်ညို- ကျနော့ ကို ကြည့်နေဖူး သည်။
ဤအကြည့်မျိုး ကို နောက်တစ်ကြိမ် ကျနော် တွေ့ခဲ့ရသည်က ရွာမှ ထွက်ရန် ပြင်သော အချိန် တွင် ဖြစ် ပါသည်။ မနက် ရွာမှ ထွက်မည်ဆိုတော့ ကျနော် ညဘက် အိပ်မပျော်တော့။ မနက် ဆိုလျင် မောင်ညို့ ကို ခွဲရတော့ မည် ၊ ဘယ်လောက်ကြာ မည်မှန်းမသိ၊ ဘယ် အချိန် ပြန်တွေ့ကြ ရမည် မှန်း မသိ၊ မနေနိုင် ၍ မောင်ညို ရှိရာ ထသွားတော့။ မောင်ညို ကျနော် ရှိရာ မော့ကြည့် သည် ကို ဝါးတားတား မြင်ရသည်။ ငါ မျက်ရည် ကျနေပြန်ပြီကော။
မောင်ညို့ကို ဖက်ပြီး စကားတွေ တတွတ်တွတ် မှာမိသည်။ ကိုယ် မှာနေသော စကားသံတွေက ကိုယ် နှင့် အဝေး မှ လိုလို။ တိတိ ကျကျ မရှိတော့။ မှတ်မိသည့် နောက်ဆုံး စကားက ရွာပြန်လာ လျင် အတူတူ ပန်း မနင်းကြေး လျောက်ကြဦးမည် ဟုသာ ဖြစ်သည်။
အခုတော့ မောင်ညို၊ တရုတ်စကားပင်လေးနှင့် ကျနော်တို့ တစ်နေရာ ထည်းတွင် ရှိမနေနိုင် ကြတော့ ပါ။ ပန်း မနင်းကြေး လည်း နောက် တစ်ခါ မလျောက် ဖြစ်ခဲ့ ကြတော့ပါ။ သည်လောက က ကျနော် ချစ်သော မောင်ညို ထွက်ခွာ သွားသည် မှာ ကြာပြီ။ တရုတ် စကားပင်လေး သာ ငွားငွား စွင့်ပြီး ကျန်ရစ် ခဲ့ လိမ့်မည်။ ဤသည် မှာလည်း အထင်သာ ဖြစ်သည်။ ကျနော် ရွာ ကို ပြန်မကြည့် နိုင်တော့။
သို့သော် မောင်ညိုဟူသော စကားလုံး နှင့် မောင်ညို့ပုံရိပ် များ၊ မောင်ညို့ မျက်လုံး များ သည် တရုတ် စကားပွင့် များ နှင့် တွဲဖက်၍ ကျနော့ ရင်ထဲ တွင် ယခုတိုင် ရိုက်ခတ်နေ ဆဲ ဖြစ်သည်။ ဘယ်သော အခါ မှ ဟောင်းနွမ်း မေ့ပျောက် သွားမည် ကို တော့ ကျနော်မသိ။ ဤ လွမ်းမော တသမှု မှန်သမျှကို ကျနော့ အနေဖြင့် ဝါကျ မစီနိုင်ပေ။ စီနိုင်လျင် လည်း အောက်ပါ အတိုင်း တစ်ကြောင်း တည်း သာ ဖြစ်ပါ လိမ့်မည်။
"မောင်ညို့ တင်းကုပ်ကလေး
တရုတ် စကားပင် နားမှာ ရှိသည်။"
......................
Jan 21st 2011
......................
အကို Bo Han ရဲ့ ဓာတ်ပုံလေး ကို မြင်ရင်း -
တစ်ချိန်က အတိုအစလေး တစ်ခုသို့ - သတိတရ -
......................
0 comments:
Post a Comment