by Lwin Aung Soe on Tuesday, April 3, 2012 at 6:18pm
အရွယ်မရောက်သေးတဲ့ ကလေးတွေကို နှိပ်စက်ညှင်းပမ်း အနိုင်ကျင့်မခံရအောင် ကာကွယ်ပေးနိုင်မယ့် အလားအလာ
မီးပူနဲ့ ကပ်ခံရပြီး နှိပ်စက်ညှင်းပမ်းတာကို ခံရချိန်ဟာ ည ၁၂ နာရီ ဖြစ်ပါတယ်။ အဲဒီအချိန်ထိ မအိပ်ရသေးတဲ့ သဘော ရှိနေပါတယ်။
- အိမ်ဖော် ဆိုတာ အလုပ်သမားတဦး ဖြစ်ပြီး အလုပ်သမားတဦးရဲ့ တနေ့အလုပ်နိုင်တဲ့ အချိန် (၈) နာရီထက် ကျော်ပြီး လုပ်နေရမယ့်သဘောလည်း ရှိကောင်းရှိနိုင်ပါတယ်။ လုပ်ခ ဘယ်လောက်ရပြီး အလုပ်သမား ခံစားခွင့် ဘယ်လောက်ရှိသလဲ မသိနိုင်သေးပါ။
- အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တဦးကို အလုပ်ခိုင်းစေတာကိုက အဓမ္မ လုပ်အားခိုင်းစေမှု ဖြစ်ပါတယ်။
- နှိပ်စက်ညှင်းပမ်းတာကို အခြားသူတွေမသိအောင် ဖုံးဖိထားတာကလည်း ပြစ်မှုတခု ဖြစ်နေပါတယ်။
- ခြိမ်းခြောက်ပြောဆိုတာလည်း ပြစ်မှုမြောက်ပါတယ်။
- နှိပ်စက်ညှင်းပမ်းမှုဟာ လူမဆန်ဘဲ ပြင်းထန်လှတဲ့ အပြုအမူဖြစ်ပြီး ခံရသူအတွက် အရုပ်ဆိုး အကျည်းတန်စေတဲ့ ဒဏ်ရာကို နာကျင်အောင် ခံစားရတာဖြစ်လို့ ရာဇဝတ်မှု မြောက်ပါတယ်။
- ဒီလိုအခြေအနေမှာ ခံရသူ ကာယကံရှင်ဘက်က အကြောင်းကြောင်းကြောင့် တရားစွဲဆိုနိုင်တာ မရှိရင်တောင်မှ ရာဇဝတ်မှုမှန်း ထင်ရှားနေချိန်မှာ အစိုးရဘက်က တရားလိုလုပ်ပြီး ရဲစခန်းမှာ အမှုဖွင့်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ပြည်သူလူထုကို ဥပဒေကြောင်းအရ ကာကွယ်ပေးတာ ဖြစ်ပါတယ်။
ဒါကတော့ သတင်းအပေါ် ကျနော့်ရဲ့ သုံးသပ်ချက်တချို့သာ ဖြစ်ပါတယ်။
အခမဲ့ ကူညီပေးမယ့် တရားရေး ဝန်ဆောင်မှုအဖွဲ့ ရှိလာပါပြီ
တကယ်လို့ တရားရုံးနဲ့ ဥပဒေရေးရာကိစ္စတွေမှာ မသိနားမလည်လို့ဖြစ်ဖြစ်၊ တရားရုံးစရိတ်နဲ့ ရှေ့နေငှားရမ်းခ မတတ်နိုင်လို့ပဲဖြစ်ဖြစ်၊ မိမိနစ်နာတဲ့အမှုကို တိုင်တန်းဖို့ (သို့) စွပ်စွဲခံရတဲ့ အမှုကို ရင်ဆိုင်ဖြေရှင်းဖို့ အခက်အခဲ ရှိသူတွေအတွက် ဥပဒေအကြောင်းအရ အခမဲ့ လိုက်ပါဆောင်ရွက်ပေးမယ့် အဖွဲတဖွဲ့ ရှိပါတယ်။ အဖွဲ့နာမည်က Legal Aid Project ဖြစ်ပါတယ်။ (လင့်ခ်ကိုနှိပ်ပြီး ပိုမိုပြည့်စုံစွာ ဖတ်ရှုနိုင်ပါတယ်။)
လက်ရှိမြန်မာနိုင်ငံရဲ့ ပွင့်လင်းတဲ့ လူနေမှု အဖွဲ့အစည်းမှာ Legal Aid Project လိုမျိုး အခမဲ့ ဥပဒေ အကျိုးဆောင်အဖွဲ့တွေ နောက်ထပ် ထွက်ပေါ်လာနေဦးမယ်လို့ ဝမ်းသာအားရ မျှော်လင့်ထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာလည်း မြို့နယ်တချို့မှာ ဥပဒေအကျိုးဆောင်အဖွဲ့တွေ ဖွဲ့စည်းထားနိုင်တာ ရှိပါတယ်။ ထူးခြားပြီး အတုယူစရာ ကောင်းတာတခုကတော့ ထိုင်းနိုင်ငံမှာ အခြေခံဥပဒေရေးရာနဲ့ ပတ်သက်ပြီး အခမဲ့ ဝန်ဆောင်နေတဲ့ အဖွဲ့မျိုး ရှိတာ ကြားသိရပါတယ်။ မြန်မာနိုင်ငံမှာလည်း အလားတူ ရှိရင်၊ ပြီးတော့ လွှတ်တော်ရေးရာနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ အဖွဲ့အစည်းမျိုးရှိနေရင် သိပ်ကောင်းမှာ ဖြစ်ပါတယ်။
အမြန်ဆုံး တားဆီးပြီး ကာကွယ်ပေးဖို့ လိုအပ်ပြီ
မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးသူတွေကို ညှင်းပမ်းနှိပ်စက် အနိုင်ကျင့်တာမျိုး (Child abuse) လုံးဝ မဖြစ်စေသင့်ပါဘူး။ ကျူးလွန်သူတွေကို စံနမူနာပြ ထိထိရောက်ရောက် အပြစ်ပေး အရေးယူဖို့ အထူး လိုအပ်ပါတယ်။ ဒါမှလည်း နောင်အခါမှာ အလားတူ ရာဇဝတ်မှုတွေကို ကြိုတင် တားဆီးနိုင်မှာ ဖြစ်ပါတယ်။
ဒီလိုပဲ အရွယ်မရောက်သေးသူ ကလေးတွေကို အဓမ္မ လုပ်အားခိုင်းစေတာတွေကို ရပ်ဆိုင်းပစ်နိုင်ဖို့ အစိုးရက စီမံချက်ချမှတ်ပြီး လုပ်ဆောင်သင့်ပါတယ်။ ဆင်းရဲမွဲတေမှုကို အကြောင်းပြုပြီး အရွယ်မရောက်သေးမီ လုပ်ငန်းခွင် ဝင်ရောက်ရတာမျိုးဟာ တခဏတာ ပြေလည်စေနိုင်ရေးအတွက် ဆေးမြီးတိုနဲ့ ကုသနေခြင်းသာ ဖြစ်ပါတယ်။ ရေရှည်မှာ အဲဒီကလေးသူငယ်အတွက်ရော၊ တိုင်းပြည်အတွက်ပါ ကောင်းတဲ့ အလားအလာ မဖြစ်စေနိုင်ပါဘူး။
ဘယ်သူတွေ ကူညီပေးနိုင်သလဲ
ပြည်သူတွေဘက်က ဒီလိုမျိုး လိုအပ်ချက်တွေအပေါ်မှာ အစိုးရအနေနဲ့ အဓိက တာဝန်ယူရမှာ ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကိုသာမက ကလေးသူငယ်တိုင်း ပညာသင်ကြားနိုင်ရေး၊ ညှင်းပမ်းနှိပ်စက် အနိုင်ကျင့်ခံရမှုများမှ ကင်းဝေးစေရေးတို့အတွက် အမျိုးသားစီမံချက်တွေနဲ့ ထိထိရောက်ရောက် အောင်မြင်အောင် တိုက်ဖျက်သင့်ပါတယ်။ ဒီစီမံချက်တွေမှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO) တွေကလည်း ဝိုင်းဝန်း အားဖြည့်ရင်း လက်တွဲ လုပ်ဆောင်သင့်ပါတယ်။ လိုအပ်တဲ့အခါတိုင်းလည်း ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးနဲ့တကွ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပံ့ပိုးကူညီမှုကိုလည်း အားဖြည့်ပေးသင့်ပါတယ်။
တိုင်းပြည်အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းတွေကို တန်ဖိုးထားကြရပါမယ်
ကလေးတိုင်းဟာ အနာဂတ်ရဲ့ တိုင်းပြည်ကို တည်ဆောက်ပေးနိုင်တဲ့ အင်အားတွေ ဖြစ်ပါတယ်။ ကလေးတွေရဲ့ ဘဝဟာ အချိန်မတန်မီ နွမ်းကြေ ပျက်စီးသွားရမယ်ဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေဟာ မှန်းဆလို့ မဖြစ်နိုင်လောက်အောင် ကြီးမားသွားတတ်ပါတယ်။ လူတိုင်းဟာ တိုင်းပြည်ကို အနည်းနဲ့ အများ ချစ်ကြပါတယ်။ တိုင်းပြည်ကို ကြီးပွား တိုးတက်စေချင်ကြပါတယ်။ အခြားနိုင်ငံတွေနဲ့ နင်လားငါလား ယှဉ်ပြိုင်နိုင်စွမ်း ရှိချင်ကြပါတယ်။ လူတဦးချင်းကအစ ဒီလိုခံစားချက်နဲ့ ဆန္ဒတွေ ရှိနေတယ်ဆိုရင် ကလေးတွေအပေါ်မှာ တတ်နိုင်သလောက် လက်တွေ့ကျကျ အမြော်အမြင်ရှိရှိ ကူညီပေးလိုက်ဖို့ အခြေအနေ သိပ်ကောင်းသွားမှာ ဖြစ်ပါတယ်။
မိုးရွာတုန်း ရေခံ
ကနေ့ နိုင်ငံရေး အခင်းအကျင်းဟာ ဒီမိုကရေစီ ဖြစ်ထွန်းစေဖို့ လမ်းစတွေ မြင်သာထင်သာ ရှိလာနေပါပြီ။ ဒီမိုကရေစီကို ခံစားချင်ကြတဲ့ ပြည်သူလူထု၊ အစိုးရနဲ့ နိုင်ငံရေးပါတီတွေရဲ့ ဆန္ဒဟာလည်း ပြည့်ဝလာနိုင်ဖို့ အခြေအနေကောင်းနေသလို နိုးကြားမှုနဲ့ မြော်မြင်ဆင်ခြင်နိုင်စွမ်းဟာလည်း အံ့မခန်း တိုးတက် ပြောင်းလဲလာနေပါတယ်။
ဒီလိုအခွင့်ကောင်းကို အမိအရ အသုံးချနိုင်ရင် မြန်မာနိုင်ငံမှာ အရေးတကြီး အပူတပြင်း လုပ်ဆောင်ရမယ့် အမျိုးသားကိစ္စတွေ အတော်များများကို အခက်အခဲ သိပ်မရှိဘဲ ဖြေရှင်းနိုင်စရာ ရှိပါလိမ့်မယ်။ အမျိုးသားရေး ကိစ္စကြီးတွေကတော့ တရားဥပဒေ စိုးမိုးရေး (Rule of Law)၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့အတူ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ခေတ်စနစ်နဲ့ လျော်ညီတဲ့ အခြေခံဥပဒေဖြစ်လာအောင် ပြင်ဆင်ရေး၊ စီးပွားဖွံ့ဖြိုး တိုးတက်ရေးတို့ ဖြစ်ကြပါတယ်။
တရားဥပဒေ စိုးမိုးရေးက တနိုင်ငံလုံးရဲ့ ကိစ္စအဝဝကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်ထားတာဖြစ်လို့ အောင်မြင်သွားရင် ဥပမာအားဖြင့် ဒီဆောင်းပါးရဲ့ လိုရင်းတခုဖြစ်တဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေကို ညှင်းပမ်းနှိပ်စက် အနိုင်ကျင့်တာတွေကို လုံးဝ တားဆီး ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ Rule of Law အားကောင်းတဲ့ အတွက်ကြောင့်လည်း စီးပွားဖွံ့ဖြိုး တိုးတက်ရေးတွေကို အာမခံချက် အပြည့်အဝနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်တာကြောင့် ဒါဟာ ဆင်းရဲမွဲတေနေကြတာတွေကိုလည်း အောင်မြင်အောင် တိုက်ဖျက်ပေးနိုင်မှာ ဖြစ်ပါတယ်။
လွင်အောင်စိုး
ဧပြီ ၃ ရက် ၂ဝ၁၂ ခုနှစ်
.................
No comments:
Post a Comment