အခုတလော
ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ နိုင်ငံရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး၊
ဖွံ့ဖြိုးရေးစတဲ့ ပညာရပ်ဆိုင်ရာ စာအမျိုအစားတွေ တော်တော်လေး
ထည့်သွင်းဖော်ပြလာကြတာ တွေ့ရတယ်။ အများစု က နိုင်ငံခြားစာအုပ်တွေကို
ဘာသာပြန်တာ၊ တစ်ဆင့် ပြန်ပြောတာတွေ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ
အခြေအနေကို သုံးသပ်ဝေဖန်ပြီး ကိုယ်တိုင်ပြုစု ရေးသားထားတာမျိုး
မတွေ့ရသလောက် ဖြစ်တယ်။ အဲဒါ ကြောင့် မြန်မာစာဖတ်ပရိတ်သတ်အတွက်
အကျိုးရှိသင့်သလောက် မရှိဘူးလို့ ယူဆမိတယ်။
* ရေးသူ သုံးမျိုးသုံးစား *
ပညာရပ်ဆိုင်ရာ
စာတွေရေးတဲ့အထဲမှာ သက်ဆိုင်ရာ ပညာရပ်ကို အထူးပြုလေ့လာခဲ့သူတွေ ရှိသလို
အထူးပြုလေ့လာခဲ့သူ မဟုတ်ပေမယ့် ၀ါသနာအလျောက် ဖတ်ရှုခဲ့ရတဲ့
အကြောင်းအရာများကို အခြားသူများလည်း သိစေချင်တဲ့ စေတနာနဲ့ ဘာသာပြန်တာ
ဒါမှမဟုတ် တစ်ဆင့်ပြန်ဖောက်သည် ချတာမျိုး လုပ်တတ်ကြတယ်။
အထူးပြုလေ့လာခဲ့သူတွေလို စာဖတ်သူရဲ့ ခေါင်းထဲလျှောကနဲ လျှောကနဲ
ဝင်သွားအောင် ရှင်းရှင်းလင်းလင်း ချောချောမောမော မရေးနိုင်ပေမယ့်
ဝါသနာအလျောက် ဖတ်ရှုလေ့လာ မှုအခံရှိထားတာကြောင့် နားမလည်နိုင်လောက်အောင်တော့
ရှုပ်ရှုပ်ထွေးထွေး မရှိလှပါဘူး။ ကြိုးစားဖတ်ရင် နားလည်ပါတယ်။ တချို့ကျတော့
လေ့လာမှုအခံ လုံးလုံးရှိခဲ့တာမဟုတ်ဘဲ ကိုယ်တိုင်က ခေတ်ရေစီးကြောင်းအတိုင်း
လူတွင်ကျယ် လုပ်ချင်တဲ့ မြို့ကြီးသားလူလည် “အီလစ်”ခေါ်တဲ့ ရေပေါ်ဆီ
လူတန်းစားများရဲ့ ဗီဇအတိုင်း တတ်ယောင်ကား ဝင်လုပ်တာဖြစ်တယ်။ ဒါမှမဟုတ်
ဂျာနယ် မဂ္ဂဇင်းတွေက အင်တာနက်က ဆွဲချကူးယူထားတာကို “အဆိုင်းမင့်”ပေးလို့
ရေးကြတာ ဖြစ်တယ်။
* ရေပေါ်ဆီလူတန်းစား အီလစ်များ *
အဲဒီ
တတိယအမျိုးအစားက ရေးတဲ့ စာတွေကျတော့ ဘယ်နှခေါက်ဖတ်ဖတ် နားမလည်နိုင်တာ တွေက
များပါတယ်။ တကယ်သိ တကယ်တတ်လို့ ရေးတာမဟုတ်တဲ့အတွက် ပညာရပ်ဆိုင်ရာဝေါဟာရ
အသုံးအနှုန်းတွေကို မြန်မာလိုရှိနေတာကိုတောင် ရှိမှန်းသိတာ မဟုတ်ပါဘူး။
ကိုယ်တိုင် ဘာသာပြန်ဖို့ လည်း အားထုတ်ကြိုးစား မလုပ်ပါဘူး။
အလွယ်လမ်းလိုက်ပြီး အင်္ဂလိပ်စာလုံးတွေ အတိုင်း အသံထွက်ပြီး
ရေးလိုက်ကြတော့တာပါပဲ။ “မီးရထား”လို့ မြန်မာတိုင်းသိနေတာကို သူတို့က
“ထရိန်း”လို့ ရေးချင်ကြတာ။ “နိုင်ငံရေး”ဆိုတဲ့ စကားရှိနေတာကို
“ပေါ်လစ်တစ်”လို့ ရေးချင်ကြတာ။ လူအထင်ကြီးအောင် လုပ်ချင်တဲ့ သဘောဖြစ်တယ်။
တချို့များ ကွန်ပျူတာကို ကိုင်တောင်ကြည့်ဖူးတာ မဟုတ်ဘဲနဲ့ အင်တာနက်ခေတ်
အကြောင်းရေးလိုရေး ဒစ်ဂျစ်တယ်ခေတ်အကြောင်း ပြောလိုပြောနဲ့ တော်တော်ကို
လူအထင်ကြီးခံချင် ကြတာ။ ဒီ“အီလစ်”တွေရဲ့ အရေးအသားတွေထဲမှာ မျက်စိအနောက်ဆုံး
အရေးအသားတစ်ခု ရှိပါသေး တယ်။ အဲ့ဒါကတော့ စာတစ်ပိုဒ်ရေးတိုင်း
“ပညာရှင်အမြင်နဲ့ ပြောရရင်တော့”ဆိုတဲ့ စကားနဲ့စပြီး ရေးတာ မျိုးတွေပါပဲ။
အပေါ်စီးက လေသံနဲ့ စာဖတ်ပရိတ်သတ်တွေကို “နလပိန်းတုံး”လို့ သဘောထားပြီး
ပြောနေ တာဖြစ်တယ်။ ကြည့်လိုက်တော့ အဲဒီလို ရေးသူတွေဟာ ပညာရပ်တစ်ခုကို
တကယ်တမ်း စူးစူးစိုက်စိုက် လေ့လာဆည်းပူးခဲ့သူတွေ မဟုတ်ဘဲ
နိုင်ငံခြားသံရုံးတွေက လက်သပ်မွေးပြီး ဟိုသင်တန်း ဒီသင်တန်း ဆိုတာမျိုးတွေ
လွှတ်ပေးလို့ ခဏတစ်ဖြုတ် သင်တန်းသွားတက်ဖူးရုံလောက်ပါပဲ။
* မကြွားတတ်တဲ့သူ *
ဒီပြန်ရောက်တော့
ကိုယ့်ရင်ဘတ်မှာ ကိုယ့်ဟာကိုယ် တံဆိပ်ကပ်ပြီး ပညာရှင်ဆိုတဲ့စကား ပါးစပ် က
မချနိုင်အောင် ဖြစ်နေတာပါ။ စာပေ လောကထဲကပဲ မိတ်ဆွေ ကာတွန်းဆရာ
တစ်ယောက်ရှိပါတယ်။ သူက အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်ကြီး
သွားရောက်တက်ပြီး ခုခေတ် ခေတ်စားနေတဲ့ အမ်ပီအေ ဆိုတဲ့ မဟာဘွဲ့ယူပြီး
ပြန်လာခဲ့တာပါ။ ဒါပေမဲ့ သူ့ကိုယ်သူ ဟားဗတ်ပြန်လို့ တစ်ခါမှ ရေးတာ
မတွေ့ဖူးပါဘူး။ သူ့ကိုယ်သူ ပညာရှင်လို့ ပြောတာလည်း မကြားဖူးပါဘူး။ သူ့ဟာသူ
ကာတွန်းဘဲဆွဲတဲ့ အလုပ် ဆက်လုပ်နေတာပါပဲ။ ဘယ်သူ့ကိုမှ ဆရာလုပ်မနေပါဘူး။
နေရာတကာ လူတွင်ကျယ် လုပ်ချင်တဲ့ ရေပေါ်ဆီလူတန်းစား “အီလစ်”တွေကသာ
မျက်စိနောက်စရာ ကောင်းလောက်အောင် ဝင့်ဝါနေကြတာ ဖြစ်ပါတယ်။
“ပညာရှင်”ဆိုတဲ့
စကားနဲ့ပတ်သက်ပြီး အင်္ဂလိပ်လူမျိုး ဘာသာဗေဒနဲ့ ဒဿနိက ပါမောက္ခ A.C Grayling
ရေးခဲ့တဲ့ အက်ဆေးတစ်ပုဒါကို သတိရမိပါတယ်။ ၂၀၀၇ ခုနှစ်က ထုတ်ခဲ့တဲ့ The Form
of Things ဆိုတဲ့ အက်ဆေးပေါင်းချုပ် စာအုပ်ထဲက The Role of the
Intellectual ဆိုတဲ့ အက်ဆေးပါ။ ဖတ်ကြည့်စေချင်ပါတယ်။
အတွေးအခေါ်ဆိုတာ
သမိုင်းကိုမောင်းနှင်တဲ့ အရာဖြစ်တယ်။ အတွေးအခေါ်များဟာ ပုံသဏ္ဌာန်
အမျိုးမျိုးဆောင်ပြီး ရင်းမြစ်များစွာ ရှိတယ်။ သူတို့ဟာ အကြာခဏ
သူတို့ကိုယ်ပိုင် ဘဝနဲ့သူတို့ နေလေ့ရှိပြီး သူတို့သြဇာလွှမ်းမိုးတဲ့
သမိုင်းခေတ်ထက် ပိုပြီးကြီးကျယ်ကြောင်း သက်သေထူနိုင်ခဲ့ကြတယ်။
ဒါကြောင့်
အတွေးအခေါ်မျာား အလွန့် အလွန် အရေးပါတဲ့ အရာဖြစ်တယ်။ သူတို့ကို သေသေချာချာ
စမ်းသပ် စစ်ဆေးပြီး အခြေအတင်ဆွေးနွေးတာ၊ ရှင်းချက်ထုတ်တာ ဝေဖန် ဆန်းစစ်တာ
ကောင်းရင် လက်ခံပြီး မကောင်းရင် သုတ်သင်ဖယ်ရှားပစ်တာ လုပ်ဖို့လိုအပ်တယ်။
ဒါတွေလုပ်ဖို့
ကိစ္စဟာ ကျွန်တော်တို့အားလုံးနဲ့ သက်ဆိုင်တယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဒီ
တာဝန်က ဒီအလုပ်ကို အမှန်တကယ် စိတ်ပါဝင်စားပြီး ဒီတာဝန်ထမ်းဆောင်ဖို့
အထုံပါရမီရှိသူများ အပေါ်မှာသာ ကျရောက်သွားလေ့ ရှိတယ်။ အဲဒီသူများဟာ
“ပညာရှင်များ” (intellectuals) ဖြစ်ကြတယ်။
ပညာရှင်ဆိုသူများဟာ
အတွေးအခေါ် (အိုင်ဒီယာ) တွေကို စိတ်ပါဝင်စားရုံသာမက ကိုယ်ထိ လက်ရောက်
လုပ်ကိုင်ဆောင်ရွက်သူများ ဖြစ်တယ်။ သူတို့က သူတို့ဟာ သူတို့တာဝန်အဖြစ်
သတ်မှတ် ကြတယ်။ တချို့က ဝတ္တရားတစ်ခု အဖြစ်လို့ကို သဘောထားကြတယ်။ သူတို့မှာ
ရှိတဲ့ စိတ်ဝင်စားမှုနဲ့ ကျွမ်းကျင်မှုများကိုသာ ထိုက်ထိုက်တန်တန်
အသုံးချခွင့်ရမယ်ဆိုရင် သူတို့ဟာ ခွဲခြမ်းစိတ်ဖြာဖို့၊ မေးခွန်း
တွေထုတ်ဖို့၊ ရှင်းလင်းချက်တွေ လုပ်ဖို့၊ အမြင်သစ် ရှုထောင့်သစ်တွေ ရှာဖို့၊
အကြံပေးတင်ပြဖို့၊ ဝေဖန်ဖို့ စိမ်ခေါ်ဖို့၊ စောဒကတက်ဖို့၊ စစ်ဆေးစမ်းသပ်
အဆိုပြုချက် တင်ဖို့၊ အခြေအတင် ငြင်းခံဖို့၊ ပညာပေးဖို့၊ သဘောထား
ပြောကြားဖို့၊ အကြံပြုဖို့၊ ဖြစ်နိုင်ရင် အသစ်ရှာဖွေတွေရှိဖို့ မဆုတ်မနစ်
ဆောင်ရွက်ကြမှာ ဖြစ်တယ်။
ဒီအလုပ်တွေကို သူတို့က
လူ့အဖွဲ့အစည်းကြီးအတွင်း စာရိတ္တရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှုရေး စတဲ့
အရေးကိစ္စများကို ပြောဆိုဆွေးနွေး လုပ်နေကြမှာ သူတို့ရဲ့ ပါဝင်အကျိုးပြုမှု
အဖြစ် သဘောထားကြတယ်။ ဒါတင်မက လူ့အဖွဲ့အစည်းကို သမိုင်းက သင်ကြားပေးလိုက်တဲ့
သင်ခန်းစာများ အကြောင်း သတိပေးနှိုးဆော်ဖို့ အနာဂတ်အတွက် ပြုခဲ့တဲ့ ကတိကဝတ်
ပြဋ္ဌာန်းချက်များကို မမေ့မလျော့ ရှိစေဖို့ နှိုးဆော်မှုအဖြစ်လည်း သဘောထား
ခဲ့ကြတယ်။ အဲဒါကြောင့် ပညာရှင်ဆိုသူများဟာ “ဆိုကရေး တီး”က သူ့ကိုယ်သူ
ခိုင်းနှိုင်းပြောခဲ့တဲ့ စကားအတိုင်း ပြောရရင် “တိုင်းနိုင်ငံတစ်ခုကို
အစဉ်အမြဲ နိုးကြား နေအောင် ထိုးဆွပေးတဲ့ မှက်ကောင်များ ဖြစ်တယ်”လို့
ဆိုရပေလိမ့်မယ်။
ပညာရှင်များ ကြုံတွေ့ရလေ့ရှိတဲ့
အန္တရာယ်များဟာ အရာရာကို အကောင်းဆုံးကိုချည်း လိုချင် ခြင်း၊ မိုက်မဲခြင်း၊
လေကြီးမိုးကြီး ပြောတတ်ခြင်း၊ ကိုယ့်ဂုဏ်ကိုယ် ဖော်လေ့ရှိပြီး၊ အရေးမပါ
အရာမရောက် တဲ့ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ကိစ္စများကို စကားကြီး စကားကျယ်များ
သုံးပြီး ဟောင်ဖွာဟောင်ဖွာ လုပ်ခြင်းများ ဖြစ်တယ်။
တကယ်တမ်းလည်း
သူတို့ဟာ ခဏခဏ အဲဒီ အန္တရာယ်ထဲ ကျရောက်ခဲ့တာကြောင့်၊ အင်္ဂလို ဆက်ဇွန်တို့
ကြားမှာ နာမည်ဆိုး ရခဲ့ကြတယ်။ အင်္ဂလိုဆက်ဇွန်တွေက လူသာမန်တွေရဲ့
ပွင့်ပွင့်လင်းလင်း တဲ့တိုးပြောတာမျိုးကို ဂေါလစ် စကားတန်ဆာတွေနဲ့
မွမ်းမံထားတဲ့ ကျင့်ဝတ်သီလအကြောင်း အတင်းအဖျင်း စကားတွေထက်ပိုပြီး
တန်ဖိုးထားပြီး ရှိကြတယ်။
ဒါပေမဲ့လို့ ပညာရှင်များရဲ့ တက်ကြွတဲ့
ဆောင်ရွက်မှုတွေကြောင့် လူ့အဖွဲ့အစည်းအတွက် အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။
လူ့အဖွဲ့အစည်း ကိုယ့်အကြောင်းကိုယ် သိရှိစေမှု၊ နိုးကြားမှု၊ ရှင်းလင်း
ပြတ်သားမှု၊ လှုံဆော်မှု၊ ဆင်ခြင်တွေးခေါ်နိုင်မှု၊ အသိဥာဏ် ပြည့်ဝမှု၊ ဆွေးနွေး
ငြင်းခံမှု၊ လှုပ်ရှား ဆောင်ရွက်မှုတို့ ဖြစ်တယ်။
မေးခွန်းထုတ်လေ့မရှိတဲ့
ပတ်ဝန်းကျင် ကမ္ဘာကြီးကို တောက်ပတဲ့မျက်လုံးနဲ့ စုံစမ်းစစ်ဆေးကြည့်
လေ့မရှိတဲ့ အကြောင်းတရား အမျိုးမျိုးကို နားလည်သိရှိဖို့ မတူခြားနားတဲ့
နည်းလမ်းအသွယ်သွယ်နဲ့ ကြိုးစား အားထုတ်လေ့မရှိတဲ့ ခပ်ပျင်းပျင်း
ခပ်ဖျင်းဖျင်း လူ့အဖွဲ့အစည်းမျိုးဟာ ပထမတော့ ထုံထုံထိုင်းထိုင်းဖြစ်ပြီး
နောက်တော့ နောက်ပြန်ဆုတ်သွားမှာ အသေအချာ ဖြစ်တယ်။
ဒီလို နည်းနဲ့ပဲ
ပညာရှင်များက လူ့ဘောင် လူ့အဖွဲ့အစည်းအတွက် တိုးတက်မှု မျှော်လင့်ချက်တွေ
ရှင်သန်စေခြင်း၊ လူ့အဖွဲ့အစည်းရဲ့ သဘာဝတရားနဲ့ ဦးတည်ရာ ပန်းတိုင်နဲ့
ပတ်သက်ပြီး မရပ်မနား စောဒကတက်ခြင်းစတဲ့ တာဝန်များကို ထမ်းဆောင်ရင်း
အကျိုးပြုနေကြပေတယ်။
ပါမောက္ခ ဂရေးလင်းက
“ပညာရှင်ဆိုသူများက အတွေးအခေါ် (အိုင်ဒီယာ) တွေကို စိတ်ပါဝင် စားရုံမက
ကိုယ်ထိလက်ရောက် လုပ်ကိုင်ဆောင်ရွက်သူများ ဖြစ်တယ်” လို့ ဆိုခဲ့သလိုပဲ၊
ကျွန်တော်တို့ ဆီက ကွယ်လွန်သူ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း ကလည်း
“ပညာရှင်ဆို အသစ် အသစ် တွေကို အမြဲတမ်း ရှာဖွေ ဖော်ထုတ်နေရမယ်။
ကိုယ်ရှာဖွေဖော်ထုတ်ဖို့လို့ သိရှိတဲ့ အရာတွေကိုလည်း ကိုယ်သေရာ ယူမသွားဘဲ
နောက်လူတွေကို ဖြန့်ဝေပေးနေရမယ်” လို့ ပြောခဲ့ပါတယ်။ ဆရာဟာ သူ
ပြောတဲ့အတိုင်း သုတေသန အလုပ်တွေကို မရပ်မနား လုပ်နေရုံမက သူ
ရှာဖွေဖော်ထုတ်သိရှိခဲ့ သမျှ တွေကိုလည်း စာအုပ်တွေ၊ စာတမ်းတွေ အဆက်မပြတ်
ရေးသားသွားခဲ့တာ ဖြစ်တယ်။ “အသစ် အသစ် တွေ ရှာဖွေဖော်ထုတ်မနေရင် ပညာရှင်
မဟုတ်ဘူး” လို့တောင် ဆရာက သူဝသီအတိုင်း ရှင်းရှင်းပြတ်ပြတ် ပြောခဲ့တာပါ။
ကိုယ်ပိုင်
အတွေးအခေါ်အသစ်တွေ၊ အမြင်သစ်တွေ၊ ရှာဖွေတွေ့ရှိမှု၊ အသစ်တွေမပြုလုပ်နိုင်ဘဲ
နဲ့ သူများရေးတဲ့စာအုပ်တွေဖတ်ပြီး ပြန်ပြောတတ်ရုံ ကိုးကားရွတ်ဆို
ပြတတ်ရုံနဲ့တော “ပညာရှင်”လို့ ခေါ်နိုင်မယ် မထင်ပါဘူး။ ပညာတတ်သူ၊
စာဖတ်သူလို့ပဲ ခေါ်ရမယ် ထင်ပါတယ် စဉ်းစားကြပါကုန်။
လူထုစိန်ဝင်း
၈.၁၂.၂၀၀၉
Freedom New Group
No comments:
Post a Comment