မာမာ
မြန်မြန်လုပ်စမ်းပါ ပူစူးမရယ်… ညည်းကလေ ဘာမဆို အရမ်းကို နှေးကွေးတာပဲ၊ နေရာ
ကောင်းကောင်းမရမှ ဟုတ်ပေ့ဖြစ်နေလိမ့်မယ်…”
ဘွားအေးတင်တစ်ယောက် မြေးဖြစ်သူ ပူစူးမကို
ဗြစ်တောက်ဗြစ်တောက် ပြောနေရင်းက မြေဖြူခဲပိုင်းလေးကို စက္ကူပိုင်းလေးဖြင့်
ထုတ်လိုက်သည်။ အုန်းတံမျက်စည်း အတိုလေးကိုလည် ယူလိုက်၏။ အချိန်က ညနေ(၅)နာရီခန့်။
ကျနေအရှိန်က ကျိုးတိုးကျဲတဲ ရှိနေသေးသော်လည်း သည်အချိန်လောက် သွားကာမှ
အရှေ့ပိုင်းလောက်မှာ နေရာရနိုင်သည်။ တအောင့်နေတော့ မြေးအဖွားနှစ်ယောက် အိမ်ကနေ
ငါးမိနစ်သာသာ လျှောက်လျှင်ရသော ထိုနေရာသို့ ဦးတည်လျှက်သွားနေကြသည်။
ဘွားအေးတင်က အသက် (၇၀)နှစ်ရှိပြီဖြစ်သည်။
ရှည်သည့်အရပ်ကြောင့် ခါးက ကိုင်းချင်နေပြီ။ သွားတွေ မကောင်းလို့ အံကပ်တတ်နေရပြီ။
မျက်လုံးကတော့ မမှုန်သေး။ စာကောင်းကောင်း ဖတ်နိုင်သေးသည်။ ကိုယ်တိုင်ဈေးဝယ်၊
ကိုယ်တိုင်ချက်ပြုတ်ရမှ ကျေနပ်သူဖြစ်သည်။ တစ်ဘက်ခန်းတွင်နေသည့် လေးတန်းကျောင်းသူ
မြေးမ ပူစူးမက ဘွားအေးတင်၏ လက်ကတုံး တောင်ဝှေးဖြစ်သည်။
သူတို့ ရောက်သွားတော့ ပိတ်ကားတောင်
ထောင်ထားပြီးနှင့်လေပြီ။ ထိုနေရာတ၀ိုက်မှာ သူလိုကိုယ်လို နေရာဦးသူတွေရော၊
အထူးသဖြင့် ကလေးများက အချင်းချင်း ဟိုသည် ပြေးလွှား ကစားနေကြသည်ကို တွေ့ရ၏။
ဘွားအေးတင်တစ်ယောက် ပတ်ဝန်းကျင်ကို မျက်လုံးဝေ့ကြည့်လိုက်ပြီး ပိတ်ကားနှင့်
အလည်တည့်တည့်ကျသည့် တတိယလိုင်းလောက်မှာ နေရာယူဖို့ ဆုံးဖြတ်လိုက်သည်။ လက်ထဲတွင်
ပါလာသည့် မြေဖြူခဲဖြင့် ကတ္တရာလမ်းမပေါ်တွင် “ပူစူးမ” ဟု အလောတော် ခပ်ကြီးကြီးလေး
ရေးလိုက်ပြီး ယူလာသည့် တစ်ယောက်အိပ် ဖျာအရွယ်အစားကို မှန်းလို့ လေးထောင့် အကွက်ချကာ
စည်းတားလိုက်သည်။ သည်လို စည်းတားလိုက်တာက နေရာပိုင်ရှင်ရှိသည် ဆိုသည့်သဘောပင်။
“ တော်သေးတယ်နော် အဖွား၊ ပူစူးတို့ နေရာက အနောက်နား
သိပ်မရောက်လို့ ” ဆိုပြီး သူ ရထားသည့် နေရာလေးအတွက် ဂုဏ်ယူသလို ပြောလိုက်သည်။ သူလို
ကိုယ်လိုနေရာဦးနေကြသည့် လူများကို ကြည့်ပြီး ပူစူးပျော်လာမိသည်။
“ ဒါကြောင့် ညည်းကို လောနေရတာပေါ့ အေရယ်၊ မဟုတ်ရင်
ဟိုးအနောက်ရောက်ရင် ကြည့်ရတာ အရသာမရှိတော့ဘူး ”
ပူစူးမက ဖွားအေးတင် အသင့်ယူလာသည့် လက်ထဲက
အုန်းတံမျက်စည်းတိုလေးကို လှမ်းယူပြီး ဦးထားသည့် နေရာတစ်ဝိုက်က သဲတွေ၊ ဖုန်တွေကို
ပြောင်အောင်လှည်းနေ၏။ မကြာခင် တစ်ဘက်လမ်းမှာနေသည့် ဘွားအေးတင်၏ သားအငယ်၊
ပူစူးမရဲ့ဦးလေးက သူ့သား အမြွှာနှစ်ယောက်ဖြစ်သည့် နောင်နောင်၊
မောင်မောင်တို့နှင့်အတူ ရောက်လာ၏။ အစ်ကိုတွေ ရောက်လာသဖြင့် ပူစူးမ ဆွေ့ဆွေ့ခုန်
ပျော်နေလေတော့သည်။ ဦးထားသော နေရာမှာ သူတို့ သားအဖတွေကို ထားခဲ့ပြီး
မြေးအဖွားနှစ်ယောက် ရေမိုးချိုး၊ ထမင်းစားဖို့ အိမ်ခဏ ပြန်လာခဲ့သည်။
ထိုအချိန်လောက်ထဲက ပွဲဈေးတန်းက မုန့်ဆိုင်များတွင် မုန့်ဝယ်စားသူများ၊
ရုပ်ရှင်ကြည့်ဖို့ လာကြသူများဖြင့် စည်ကားနေလေပြီ။
သနပ်ခါးအဖွေးသားနှင့် မြေးအဖွားနှစ်ယောက်သာမက၊
ပူစူးမ၏ မေမေနှင့် ဖေဖေပါ ရုပ်ရှင်ကြည့်ဖို့ အိမ်မှ ထွက်လာချိန်မှာတော့ အတော်ပင်
မှောင်စပျိုးနေလေပြီ။ ယခုလို ရုပ်ရှင်ကြည့်ရတာ ပူစူးမအတွက် ပထမဆုံး
အတွေ့အကြုံဖြစ်သဖြင့် စိတ်တွေ လှုပ်ရှားလျှက်ရှိ၏။ ပူစူးမ၏ လက်ထဲမှာတော့
ကျစ်ကျစ်ပါအောင် ခေါက်ထားပြီး ဂုန်နီကြိုးဖြင့် စည်းထားသည့် သင်ဖျုးဖျာလေးကို
ပိုက်လျှက်။
နေရာရောက်တော့ ရုပ်ရှင် ပိတ်ကားပေါ်တွင်
အစမ်းထိုးသည့် အရုပ်များပင် ပေါ်နေလေပြီ။ ရုပ်ရှင်ပြစက်က ထွက်လာသည့်
ဆလိုက်မီးရောင်တန်းက ပိတ်ကားပေါ်တွင် ပုံရိပ်ထင်စေသည်ကို ကြည့်ပြီး ပူစူးမမှာ
တအံ့တသြ ဖြစ်နေမိ၏။ နောင်နောင်၊ မောင်မောင်တို့အမေ ဒေါ်လေးပါ ရောက်နှင့်နေပြီ။
ဒေါ်လေးက ပူစူးလက်ထဲက ဂုန်နီကြိုး စည်းထားသည့် တစ်ယောက်အိပ် ဖျာလေးကို ယူ၍
ချခင်းလိုက်သည်။ ပူစူးမတို့ ကလေးတစ်သိုက် ဖျာပေါ်တွင် နေရာယူလိုက်သည်။ မောင်နှမတွေ
တစ်ယောက်အိပ်ဖျာပေါ် တိုးဝှေ့ထိုင်ရင်း အသံစူးစူးနှင့် အလုအယက် စကားပြောရင်း
ပျော်နေကြသည်။ ဖွားအေးတင်၏ မျက်နှာမှာလည်း အပြုံးတွေ တစိုစိုနှင့်။
ကပ်စေးနည်းတတ်သည့် နောင်နောင်ပင် အပျော်လွန်ပြီး
သူ့လက်ထဲက မုန့်လေပွေချပ်အကြီးကြီးကို ပူစူးမ စားဖို့ တစ်ဝက်ဖဲ့ပေးသည်။
မုန့်လေပွေချိုချိုကို ပလုပ်ပလောင်း တဂျွမ်းဂျွမ်း ဖဲ့စားရင်း ပူစူးမ ပျော်နေမိ၏။
မောင်မောင့်လက်ထဲမှာတော့ ကောင်းကင်ထက် တလူလူလွင့်နေသည့် မိုးပျံပူဖောင်းတစ်လုံး။
မေမေကတော့ ပွဲဈေးတန်းက မုန့်တွေကို ဈေးကြီးသည်၊ မသန့်ရှင်းဟူသော
အကြောင်းပြချက်ဖြင့် ပူစူးမကို ဘာမျှ ၀ယ်မကျွေးပေ။
ဖွားအေးတင်ကတော့ ရုပ်ရှင်စပြလို့
စာတမ်းထိုးသည်နှင့် ပိတ်ကားပေါ်က အဖြူအမည်းရုပ်ရှင်ကို နဂါးဆေးပေါ့လိပ်ကြီး
အငွေ့တထောင်းထောင် ထအောင် ဖွာလျှက်က မျက်တောင်မခတ်စတမ်း ကြည့်တော့သည်။ ပူစူးမတို့
ကလေးတသိုက်ကတော့ ရုပ်ရှင်ကြည့်ဖို့ထက် မေမေအိမ်က ယူလာသည့် ဥတစ်လုံးချိုင့်ထဲက
လက်ဖက်သုတ်ကို စားဖို့သာ မျက်စောင်းထိုးနေလေပြီ။
ဖွားအေးတင် ရုပ်ရှင်မကြည့်ရသည်မှာ ကြာကြာလှချေပြီ။
မှတ်မှတ်ရရ ရွှေဗဟိုရုံမှာတင်သည့် သုမောင်နှင့် မေခလာတို့၏ “ အကြင်တို့လင်မယား” ကို
ကြည့်ပြီးထဲက ရုပ်ရှင်မကြည့်ဖြစ်တော့သည်မှာ လေးငါးလပင် မကချင်တော့။ ပွဲကြိုက်သူ
ဘွားအေးတင်တစ်ယောက် အခုလို လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရပ်ကွက်ထဲမှာ
ပိတ်ကားထောင်ပြသည့် ရုပ်ရှင်မျိုးဆို အလွတ်မပေး ကြည့်တတ်သည်။ အသက်အရွယ်ကြောင့်
ငါးကားပေါင်း မိုးအလင်းပြမယ်ဆို ကြေညာထားသော်လည်း ဖွားအေးတင်က သူကြိုက်သည့်
မင်းသားဖိုးပါကြီးနှင့် ကျော်ဟိန်း ပါဝင်သည့် ပထမဆုံးပြမည့် “တစ်ခါကတစ်ဘ၀”
ရုပ်ရှင်ဇာတ်ကားကိုဘဲ ကြည့်ပြီး ပြန်အိပ်ဖို့ ဆုံးဖြတ်ထားသည်။
ဇာတ်ကားတစ်ဝက်လောက် အရောက်မှာတော့ ပူစူးမတစ်ယောက်
ငိုက်မြည်းလျှက် ဖေဖေ့ပေါင်ပေါ်တွင် ခေါင်းအုံးကာ အိပ်လေတော့သည်။ နောင်နောင်ကလည်း
အလားတူ သူ့အဖေပေါင်ပေါ်တွင် အိပ်ပျော်နေလေပြီ။ မောင်မောင်တစ်ယောက်သာ
လူကြီးတွေနှင့်အတူ လက်ဖက်သုတ်လေး စားရင်း ဇွဲကောင်းကောင်းနှင့် ဆက်ကြည့်နေနိုင်သည်။
ဖိုးပါကြီးဆို အသည်းစွဲကြိုက်သည့် ဖွားအေးတင်ကတော့ လက်ထဲက မီးသေနေသည့်
နဂါးဆေးပေါ့လိပ်ကြီးကို မီးညှိဖို့ မေ့သည်အထိ ရုပ်ရှင်ပိတ်ကားကို စူးစိုက်ကြည့်ကာ
ဇာတ်ရှိန်တက် နေလေတော့သည်။
ဒီနေ့ ဒေါ်မေလဲ့တစ်ယောက် မနက်စောစော အိပ်ရာထ
မျက်လုံးနှစ်လုံးဖွင့်ထဲက အလုပ်များနေသည်။ မနေ့က ညဈေးမှာ ကြိုတင် ၀ယ်ထားသည့်
ဟင်းလျာများကို မီးဖိုထဲမှာ တစ်အိုးပြီး တစ်အိုး မီးဆက်အောင် ချက်ပြုတ်နေရသည်။
ဒီနေ့ မောင်လေးတို့ မိသားစုရော၊ ယောက္ခမကြီးတွေ အိမ်ကရော လာကြမည်။ အိမ်က လူနဲ့ပါဆို
မရှိဘူးဆို အနည်လေး လူဆယ်ယောက်လောက်ရှိမှာမို့ ၀ီရိယကောင်းကောင်းနှင့်
မနက်စောစောထဲက မီးဖိုချောင်ထဲ ရောက်နေခဲ့သည်။ တော်သေးသည်။ သမီးကြီးပူစူးမက
အားကိုးရသည့် တက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသူတစ်ယောက် ဖြစ်နေပြီမို့ အမေဖြစ်သူကို
ကူညီပေးနိုင်လေပြီ။ သားအမိနှစ်ယောက် ချွေးတစ်လုံးလုံးနှင့် ချက်လိုက်ကြတာ
မနက်ကိုးနာရီ မထိုးခင် အားလုံး အဆင်သင့်ဖြစ်နေလေပြီ။ တောင်သူလယ်သမားနေ့က သောကြာနေ့
ကျတာမို့ စနေ၊ တနင်္ဂနွေပါပေါင်းပြီး ပိတ်ရက်သုံးရက်ရတုန်း ယခုလို ချိန်းပြီး
အိမ်မှာ စုကာ ဗွီဒီယို ကြည့်ဖို့ ပြီးခဲ့သည့် အပတ်ထဲကပင် ကြိုတင်
စီစဉ်ထားကြခြင်းဖြစ်သည်။
“ ပူစူးရေ… ကိုးနာရီတောင် ထိုးနေပြီ၊ စက်ဆရာ
မလာသေးပါလား၊ ညည်းအဖေကို သွားကြည့်ခိုင်း စမ်းပါဦးအေ၊ တော်ကြာ လူတွေရောက်လာပြီး
စက်က မရောက်လာတော့မှ ဟုတ်ပေ့ဖြစ်နေမယ် ”
ဒေါ်မေလဲ့ ပြောနေဆဲမှာပဲ တံခါးခေါက်သံ
ကြားလိုက်ရပြီး စက်သမားနှစ်ယောက် အပေါ်စက်၊ အောက်စက်များ သယ်လာပြီး ရောက်ချလာ၏။
ဒေါ်မေလဲ့ စိတ်အေးသွားပြီး ရေချိုးဖို့ရာ ရေချိုးခန်းထဲ ၀င်သွားလေသည်။ ပူစူးမ၏
ဖေဖေက…
“ ဘာအခွေတွေ ပါလာလဲ၊ မှာထားတာတွေရော ပါလာရဲ့လား၊
ကျွန်တော့်အမေက သရဲကား၊ သမီးက ကုလားကား၊ ကျွန်တော်ကတော့ အက်ရှင်မှ ကြိုက်တာနော်
”
ပူစူးဖေဖေက စက်သမား ထုတ်ပြသည့် အခွေတွေ
ယူကြည့်နေတုန်း ပူစူးကြိုက်သည့် မြွေကားအခွေကာဗာကို လှမ်းပြ၏။ ဤကုလားကားကို
ပူစူးမ၏ သူငယ်ချင်းအိမ်မှာ ကြည့်စဉ်ကထဲပင် ကြိုက်သဖြင့်
ထပ်မှာလိုက်ခြင်းဖြစ်သည်။
“ ဟိုတစ်ခါလို မှိုတက်အခွေတွေ ပါလာသေးလား၊
အခွေထစ်နေရင် ကြည့်ရတာအရသာ မရှိဘူး”
အဖိုးက အရင်တစ်ခါ ကြည့်တုန်းက ဗွီဒီယို
တိတ်ခွေမှိုတွေနဲ့မို့ အခွေထစ်ပြီး ကြည့်မရခဲ့တာကို သတိရပြီး ပြောနေခြင်း
ဖြစ်သည်။
တစ်အောင့်နေတော့ ဒေါ်မေလဲ့၏မောင်
မိသားစုရောက်လာကြသည်။ နောင်နောင်နှင့် မောင်မောင်လည်း လူကြီးတွေ ဖြစ်နေကြလေပြီ။
မရှေးမနှောင်းမှာ ဒေါ်မေလဲ့၏ ယောက္ခမများ ရောက်လာသဖြင့် ပူစူးမက အဖိုးအဖွားများကို
ပက်လက်ကုလားထိုင်နှစ်လုံးတွင် နေရာချပေး၏။
ဒေါ်မေလဲ့တစ်ယောက် ကွယ်လွန်သွားရှာပြီဖြစ်တဲ့၊
ရုပ်ရှင်သိပ်ကြိုက်သည့် မိခင်ကြီးဒေါ်အေးတင်ကို သတိရနေမိသည်။ ဖွားအေးတင်မဆုံးမှီ
တယ်လီဗေးရှင်းတွေ ပေါ်ကာစကို မှီလိုက်သေးသည်။ ရပ်ကွက်ကောင်စီ ဥက္ကဋ္ဌ၏ ခြံထဲတွင်
မြန်မာ့ရုပ်မြင်သံကြား စမ်းသပ်အစီအစဉ်လွှင့်မည်၊ တယ်လီဗေးရှင်းစက်ကြီးဖြင့်
ပြမည်ဆိုသဖြင့် ဖွားအေးတင်တစ်ယောက် ရှေ့ဆုံးကနေ ပူစူးမနဲ့အတူ သွားကြည့်ခဲ့သည်။
ရုပ်မြင်သံကြားဆိုသည့် လေးထောင့်စက်ထဲက အရုပ်တွေ၊ အသံတွေ ပေါ်လာသည်ကို
ကြည့်ခွင့်ရသဖြင့် ဂုဏ်ယူနေမိသည်။ ဥက္ကဋ္ဌကလည်း ရုပ်ရှင်ကြိုက်သည့်
ဖွားအေးတင်အကြောင်းကို သိသဖြင့် အရှေ့ဆုံးမှာ နေရာသေချာပေး ကြည့်စေခဲ့သည်။
အဲ့သည်တုန်းက တစ်ရပ်ကွက်လုံးက လူတွေ ဥက္ကဋ္ဌခြံထဲ ပြည့်သွားရသည်။
အခုလို ဗီဒီယိုတိတ်ခွေဇာတ်လမ်းတွေကို
မိသားစုတွေနဲ့အတူ အမေသာ ကြည့်ရလျှင် ဘယ်လောက်များ သဘောကြနေရှာမလဲဟု ဒေါ်မေလဲ့
တွေးနေမိသည်။
ဒေါ်မေလဲ့တို့ မိသားစုအနေဖြင့် အဖြူုအမည်း
တီဗွီလေးတစ်လုံးသော်မှ မ၀ယ်နိုင်သေးပေ။ ဒေါ်မေလဲ့တို့ ရပ်ကွက်ထဲတွင် သဘောင်္သား
အိမ်တစ်အိမ်နှင့် ဆရာဝန်အိမ် တစ်အိမ်သာ ကိုယ်ပိုင် တီဗွီရှီသည်။ ကျန်အိမ်များကတော့
တစ်လတစ်ကြိမ်လောက် ယခုလိုပင် စက်သမားကို တစ်ရက်ငှား၍ ဗီဒီယိုကြည့်ကြသည်။
မိမိကြည့်လိုသည့် ဗီဒီယိုကားများကို စက်သမားကို ကြိုပြောပြထားရသည်။
ဒေါ်မေလဲ့တို့လည်း တစ်လတစ်ကြိမ်တော့ အနည်းဆုံး ငှားကြည့်ဖြစ်သည်။
ပြမည့်နေ့ရောက်လျှင် မိသားစု ဆွေမျိုးတွေ စုပြီး၊ အဲ့သည်နေ့ တစ်နေ့လုံး ဘယ်မှ
မသွားကြတော့ပဲ လေးငါးခြောက်ကားကို တထိုင်ထဲ ကြည့်ကြ၏။ အံ့သြစရာကောင်းတာက
မညောင်းညာ မညည်းငွေ့ကြပဲ တစ်နေ့ထဲ တစ်ကားပြီးတစ်ကား ဆက်တိုက်
ကြည့်နိုင်ကြခြင်းပင်။
စက်ဆရာ စက်ဆင်ပြီးချိန်မှာတော့ နောင်နောင်က
အလင်းရောင် လုံအောင် ဧည့်ခန်းတံခါးမကြီးနှင့် ပြူတင်းတံခါးများကို လိုက်ပိတ်၏။
ဧည့်ခန်းမှာ ထွန်းထားသည့် မီးချောင်းကိုလည်း ပိတ်လိုက်သည်။ ပူစူးက
ကြိမ်ခွေးခြေလေးတစ်လုံးယူလျှက် အဖွား၏ ပက်လက်ကုလားထိုင် နံဘေးတွင် နေရာယူလိုက်သည်။
စက်ဆရာက ရီမုဒ်ကွန်ထရိုးလေးဖြင့် စက်ကို ဖွင့်လိုက်ပြီးချိန်မှာတော့ ဒေါ်မေလဲ့တို့
မိသားစုအားလုံး ဗွီဒီယိုဇာတ်လမ်းထဲ နစ်မျောသွားတော့သည်။
အပေါ်စက်၊ အောက်စက်ဟုခေါ်သည့် ရုပ်မြင်သံကြားစက်နှင့်
ဗွီဒီယိုစက်သည် စက်ဆရာပိုင်ဖြစ်သဖြင့် စက်ဆရာက အစအဆုံး အတူကြည့်ပြီး၊
အခွေဖွင့်ပေးခြင်း၊ အခွေထစ်လျှင်ပြုပြင်ပေးခြင်း စသဖြင့် ၀န်ဆောင်မှုများကို
ဗွီဒီယိုပြနေသည့်တလျှောက် အကုန်တာဝန်ယူ ဆောင်ရွက်ပေးသည်။ သရဲကားဖွင့်ထားပေးပြီး
စက်ဆရာ အောက်ခဏ ဆင်းနေစဉ်အခိုက်၊ သရဲကားမှ မင်းသားမင်းသမီး ချစ်ခန်းကြိုက်ခန်း
နည်းနည်းကြမ်းလာသဖြင့် အဖိုးက “ ဟေ့..ဟေ့..
မင်းတို့ဟာတွေ လုပ်ဦး ” လို့ အော်သဖြင့် ရုတ်တရက် ဘယ်ခလုပ်နှိပ်လို့
ဘယ်လိုကျော်ရမည်ကို မသိသည့် ပူစူးမ၏ ဖေဖေက သူခေါင်းအုံးအိပ်ပြီး ကြည့်နေသည့်
ခေါင်းအုံးကြီး ယူလာပြီး မျက်နှာကြီး နီမြန်းလျှက် တီဗွီမျက်နှာပြင်ကြီးကို
သွားကွယ်လေသည်။ မိသားစုတွေ အားလုံး အဖေ့အဖြစ်ကို ကြည့်ပြီး ရယ်မောမိကြ၏။
ပူစူး (ခေါ်) လဲ့ရည်ဝင်းတစ်ယောက်ကတော့
ရုပ်ရှင်ကြည့်နေရင်းက သူ့ကို သိပ်ချစ်သည့်၊ ရုပ်ရှင်အလွန်ကြိုက်သည့်
ဖွားအေးတင်ကိုသာ ပြင်းပြင်းပြပြ သတိရနေမိတော့၏။
နားထဲ စူးခနဲ ဖြစ်သွားရသည်အထိ ရုတ်တရက်
ကျယ်လောင်သွားသည့် သီချင်းသံကြောင့် ဒေါ်လဲ့ရည်ဝင်းတစ်ယောက် ဆတူ အသံကို
မိုင်ကုန်မြှင့်လျှက် အော်လိုက်၏။
“ ဂျစ်တူးရေ… ဘေးပတ်ဝန်းကျင်အိမ်တွေနဲ့၊ ဘာလို့
ဒီလောက် အသံကို ကျယ်ကျယ်လောင်လောင် ဖွင့်ရတာလဲ၊ အသံကို အခုချက်ချင်း တိုးလိုက်စမ်း…
”
“ ဟုတ်..မေမေ ” ဟု ဂျစ်တူးက ပြန်ပြောပြီး
အသံလျှော့လိုက်သော်ငြား အာပြဲနှင့် သီချင်းကို လိုက်အော်ဆိုနေသံကြောင့်
ထူးမခြားနားပဲ နားထဲ ညံစီနေရ၏။
“ အိုးကလေး လှုပ်ပါဟေ့… အိုးကလေး လှုပ်ပါဟေ့…
ကောင်မလေးတွေ ”
“ အိုးကလေး လှုပ်ပါဟေ့… အိုးကလေး လှုပ်ပါဟေ့…
ကောင်မလေးတွေ ”
အိမ်ရှေ့ခန်းရောက်တော့ ခွန်နှစ်တန်းကျောင်းသား
သားတော်မောင် ဂျစ်တူးက ဗွီစီဒီသီချင်းထဲက စိုင်းစိုင်းခမ်းလှိုင်နှင့်အတူ
စည်းချက်ညီညီ ကလျှက်။ သူ့ လက်ထဲမှာတော့ တီဗွီ ရီမုဒ်ကွန်ထရိုးကို ကိုင်ထားလျှက်။
ဒေါ်လဲ့ရည်ဝင်း နံရံပေါ်က နာရီကို ကြည့်လိုက်တော့…
“ အလို… စတားဝေါလ်ချနယ်က အမေရိကန်အိုင်ဒေါလ်
အစီအစဉ်လာဖို့ ငါးမိနစ်လောက်ပဲ လိုတော့မှာပါလား ”
ဒီအစီအစဉ်ကို လွတ်လို့မဖြစ်။ လုံးဝမှ
လွတ်လို့မဖြစ်။ အခုဆို ပြိုင်ပွဲက ဆီမီးဖိုင်နယ်တောင် တက်နေလေပြီ။ အမေရိကားက
အဆိုဝါသနာရှင်တွေ အကြိတ်အနယ် ယှဉ်ပြိုင်ကြသည့် ဤပြိုင်ပွဲကို အစမှသည် ယခု
ဆီမီးဖိုင်နယ်ရောက်သည်အထိ လနှင့်ချီ၍ မပျက်မကွက် စောင့်ကြည့်ခဲ့သည်။
မတတ်နိုင်။ ဗီတိုအာဏာဖြင့် ဂျစ်တူးလက်ထဲက ရီမုဒ်ကွန်ထရိုးကို ယူ၍
စတားဝေါလ်ချနယ်ကို ပြောင်းလိုက်၏။ ဂျစ်တူးက မျက်နှာမကောင်း၊ အမေကို
ပေစောင်းစောင်းကြည့်လျှက် သူ့အခန်းထဲ ၀င်သွား၏။
ဂျစ်တူးက ဖွားအေးတင်များ ၀င်စားသလား မပြောတတ်။
နည်းနည်းလေး မအားလိုက်နှင့်၊ အားသည်နှင့် တီဗွီရှေ့ရောက်နေသူ ဖြစ်သည်။ ထမင်းမေ့၊
ဟင်းမေ့ ရုပ်ရှင်ကို မထစတမ်းကို ကြည့်တော့၏။ ကြာလျှင် ညောင်းချိသွားမှာကိုတောင်
စိုးရိမ်ရသည်။ ဒေါ်လဲ့ရည်ဝင်း တွေးနေမိသည်။ အခုခေတ်က ဟိုးတုန်းက အမေတို့
ခေတ်ကဲ့သို့၊ အဖွားတို့ခေတ်ကဲ့သို့ မဟုတ်တော့။ အစစ အရာရာ တိုးတက် ထွန်းကားနေလေသော
ခေတ်ဖြစ်နေပြီ။ တီဗွီ၊ ဗွီစီဒီစက်မရှိတဲ့ အိမ်ဆို၍ မရှိသလောက်ပင်။ ရုပ်ရှင်ကို
ဟိုးငယ်ငယ်တုန်းကလို လမ်းပေါ်မှာ ပိတ်ကားထောင် ပြစရာမလို။ စက်ဆရာကို တခုတ်တရ
ငှားပြီး တစ်နေ့ လေးငါးခြောက်ကားပေါင်း တစ်ထိုင်ထဲ ကြည့်တဲ့ ခေတ်လည်း နောက်မှာ
ကျန်ခဲ့လေပြီ။ ရုပ်ရှင်ရုံမှာတောင် သိပ်ကောင်းတဲ့ ကားလောက်သာ
သွားကြည့်ဖြစ်ကြတော့သည်။
တီဗွီဆိုလျှင် နံရံမှာ ဆိုက်ကြီးချင်သလောက်ကြီး၊
အပြားလိုက် ကပ်ထားနိုင်လေပြီ။ ဗွီစီဒီစက်တွေကလည်း လူကြီးလက်တစ်ဝါးစာ
ပြားပြားသေးသေးလေးတွေ ဖြစ်နေလေပြီ။ ဗွီဒီယိုတိပ်ခွေတွေ မှိုတက်မှာလည်း မပူရတော့။
စီဒီအချပ်ပြားလေးထဲမှာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ထည့်သိမ်းထား၍ ရနေလေပြီ။
ရုပ်မြင်သံကြားလိုင်းများကလည်း အများကြီးမို့ မိမိနှစ်သက်ရာလိုင်းကို အိမ်ထဲတွင်
သက်တောင့်သက်သာ ထိုင်ရင်း ခလုပ်လေးတွေ နှိပ်လိုက်ယုံဖြင့် ဇိမ်နှင့် ရွေးချယ်
ကြည့်နိုင်ခွင့် ရှိနေသည့်ခေတ် ရောက်နေလေပြီ။ အိုင်ပေါ့တို့၊ ယူကျူ့တို့၊
တပ်ခ်ျစခရင်တို့အကြောင်းသာ ပြောပြလျှင် ဖွားအေးတင်တစ်ယောက် ပါးစပ်အဟောင်းသားဖြင့်
အံ့သြနေမှာ သေချာသည်။ ယခုအချိန် ဖွားအေးတင်တို့၊ အမေတို့သာ ရှိလျှင် တီဗီရှေ့က
မခွာစတမ်းများ ထိုင်ကြည့်နေကြမည်လား မပြောတတ်။
အဆိုပြိုင်ပွဲမှာ အစီအစဉ်တင်ဆက်သူတွေက ပရိသတ်ကို
နှုတ်ခွန်းပင်ဆက်နေလေပြီ။ သူမကတော့ ကျေးလက်သီချင်းအဆိုပိုင်သူ ကောင်လေးထက်၊
ပေါ့ပ်ချိုချိုလေးတွေကို ဆွဲဆောင်မှုကောင်းကောင်းနဲ့ သီဆိုတတ်တဲ့ ၀တုတ်ကောင်မလေးကို
ပထမရစေချင်မိသည်။ သူတို့နှစ်ယောက် တစ်ယောက်စီ သီချင်းသီဆိုကာ ပထမနေရာအတွက်
ယှဉ်ပြိုင်နေကြ၏။ အစီအစဉ်ထဲမှာ သောင်းသောင်းဖြဖြ အားပေးနေသူ ပရိသတ်များနည်းတူ
ဒေါ်လဲ့ရည်ဝင်းတစ်ယောက်လည်း လက်ခုပ်လက်ဝါးများပင် တီးလို့ အားပေးမိသည်အထိ နစ်မျောကာ
ဈာန်ဝင်နေမိ၏။ ထိုစဉ် တံခါးတွန်းဖွင့်သံ ကြားလိုက်ရပြီး အိမ်ထဲသို့ ဂျစ်တူးတို့
အဖေ အူယားဖားယား ၀င်လာ၏။
“ မိန်းမရေ… ပေးပေး ရီမုဒ်…၊ မန်ယူနဲ့
လီဗာပူးပွဲလာနေပြီကွ၊ ဒီပွဲက မကြည့်လို့ မဖြစ်ဘူး”
အလုပ်က ရောက်ရောက်ချင်း သူ့လက်ထဲက
လက်ဆွဲအိတ်ကြီးကို ဒေါ်လဲ့ရည်ဝင်းလက်ထဲ အတင်း ထိုးသိပ်ထည့်ပေးပြီး အ၀တ်အစားပင်
မလဲနိုင်ပဲ ရီမုဒ်ကွန်ထရိုးကို ပြောပြောဆိုဆို လှမ်းယူကာ အီးအက်စ်ပီအန်
အားကစားလိုင်းကို ပြောင်းချလိုက်၏။
“ ဟာ.. ရှင်က လုပ်ပြန်ပြီ..၊ ဒီမှာလည်း
အမေရိကန်အိုင်ဒေါလ်က ဖိုင်နယ်ပွဲ ရောက်နေပြီ…”
“ မိန်းမကလဲကွာ..၊ ဘောလုံးပွဲက လိုက်ဖ်လွှင့်တာကွ၊
ဒီပွဲမှာ မန်ယူရှုံးရင် ထွက်ရမှာ၊ မင်းအစီအစဉ်က ညကြရင် နောက်ထပ် တစ်ခေါက်
ပြန်လာမှာပဲဟာ..၊ အဲ့ဒီကြမှကြည့်တော့… ”
“ သြော်.. ကောင်းပါ့..ကောင်းပါ့… အဲ့လို
သူတို့ဘောလုံးပွဲတွေ လွတ်အောင် ညဥ့်နက်မှ စောင့်စောင့် ကြည့်ရလို့ အိပ်ရေးတွေလည်း
ပျက်ပေါင်းများနေရပြီ၊ အဖေက တစ်မျိုး၊ သားက တစ်မျိုး…၊ တကယ် စိတ်တိုတယ်… ”
ဒီလို တီဗွီချနယ် လုကြည့်ရင်း စကားများရသည့်
အဖြစ်မျိုးက သည်နေ့ တစ်နေ့မှမဟုတ်၊ နေ့တိုင်းလိုလို ဒေါ်လဲ့ရည်ဝင်းတို့ အိမ်မှာ
ဖြစ်နေကြဖြစ်သည်။
စိတ်တိုသွားရသည့် အမေဖြစ်သူ၏ မျက်နှာထားကို
သားတော်မောင် ကိုရွှေဂျစ်တူးက အိပ်ခန်းဝကနေ ပြုံးစေ့စေ့ဖြင့် သဘောကျစွာ
လှမ်းကြည့်ရင်း “ အဲ့တာ.. မေမေ ၀ဋ်လည်တာ..” ဟု မကြားတကြား လှမ်းပြော၏။
ဒေါ်လဲ့ရည်ဝင်း၏ နာနာထိုးလိုက်သည့်
မျက်စောင်းအကြီးကြီးက အဖေထံသို့သာမက သားတော်မောင် ဂျစ်တူးဆီကိုပါ
ဝဲပျံရောက်သွားလေတော့သည်။
ထိုညက ဒေါ်လဲ့ရည်ဝင်း အိပ်မက်မက်လေသည်။
အိပ်မက်ထဲတွင် ဂျစ်တူးလေးက ပွဲဈေးတန်းမှာ
ရောင်းသည့် ဇကောဝိုင်းလောက်ရှိသည့် မုန့်လေပွေကြွပ်ကြွပ်ကို အားရပါးရ၀ါးရင်း
စိုင်းစိုင်းသီချင်းဖြင့် ကနေ၏။ ဂျစ်တူးအဖေက ပေတရာလမ်းမပေါ်မှာ ထောင်ထားသည့်
ပိတ်ကားကြီးကို ရီမုဒ်ကွန်ထရိုးဖြင့် လှမ်းနှိပ်ကာ အားကစားလိုင်းကို ပြောင်းဖို့
ကြိုးစားနေ၏။ ဘာပြပြ ကြည့်မည်ဆိုသည့် ဖွားအေးတင်ကတော့ နဂါးဆေးပေါ့လိပ်ကြီးကို
အငွေ့တထောင်းထောင်း ထအောင် ဖွာလျှက် ပိတ်ကားပေါ်တွင် ပြနေသည့် ဘောလုံးပွဲကို
သားမက်ဖြစ်သူနှင့်အတူ မျက်တောင်မခတ်စတမ်း ကြည့်နေ၏။ ဒေါ်လဲ့ရည်ဝင်း ကိုယ်တိုင်ကတော့
စိတ်လျှော့ကာ ခင်းထားသည့် ဖျာပေါ် ပက်လက်အိပ်လျှက် မိုးကောင်းကင်က ကြယ်တွေကို
စိတ်ပေါက်ပေါက်နှင့် တစ်လုံးချင်း ရေတွက်နေမိတော့သည်။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
--
အားလုံးပျော်ရွင်ပါစေ
No comments:
Post a Comment