Sunday, October 30, 2011

မြည်းနှင့် ခွေးကလေး (ပုံပြင်ထဲမှာ လမ်းလျှောက်ခြင်း)

by သစ္စာနီ on Sunday, October 30, 2011 at 12:38pm
 
တစ်နေ့တော့ ကျွန်ုပ်ဟာ ပုံပြင်ထဲမှာ လမ်းလျှောက်သွားရင်း ယာတောတစ်ခုကို ရောက်သွားတယ်။ ယာတောအိမ်ကလေးက တော်တော် တင့်တင့်တယ်တယ်မို့ ယာတောပိုင်ရှင်ဟာ လူချမ်းသာတစ်ယောက်မှန်း သိနေတယ်။ ယာတောထဲက မြည်းတစ်ကောင်က အိမ်ထဲကို ပြတင်းပေါက်က တစ်ဆင့် ငေးကြည့်နေတာကို တွေ့လို့ ကျွန်ုပ်လည်း ငေးကြည့်လိုက်တော့ ယာတဲရှင် သူတို့သခင်ဟာ အိမ်မှာမွေးထားတဲ့ ခွေးကလေးနဲ့ ကစားနေတာ တွေ့ရတယ်။ ခွေးကလေးဟာ သူ့သခင်ကို လှည့်ပတ်ပြေး၊ ပွတ်သီးပွတ်သပ်လုပ်၊  သူ့သခင်ထိုင်နေရင် သူ့သခင်ပေါ်ခုန်တက် အဲဒါကို သူ့သခင်က သဘောကျ ရယ်မောပြီး သူစားတဲ့ ဘီစကွတ်တွေ ချကျွေးနေတယ်။


အဲဒါကို ကြည့်နေတဲ့မြည်းဟာ...

“ကြည့်စမ်းပါဦးဗျာ။ ကျုပ်တို့မှာ လေးလေးပင်ပင် ဝန်တွေသယ်ရတာ။ ဒီခွေးကလေးကတော့  ဘာမှ မလုပ်ဘူး။ သူ့သခင်နဲ့ ဆော့ကစားတာပဲ ရှိတယ်။ သူက သခင်စားတာမျိုးတွေလည်း စားရတယ်။ သူ့အလုပ်မျိုးတော့ ကျုပ်လည်း လုပ်နိုင်ပါတယ်” လို့ ပြောတယ်။

ဒီတော့ ကျွန်ုပ်လည်း အီစွတ်ပုံပြင်ထဲ ရောက်နေမှန်း ရိပ်စားမိသွားတယ်။ ဒါကြောင့် မြည်းကို...

“သတ္တဝါဆိုတာ ကိုယ့်နေရာနဲ့ ကိုယ်နေတာပဲ ကောင်းတယ်။ အဓိက ကိုယ့်ဘဝကို ကျေနပ်ဖို့ပဲ။ မတူတာ မတုနဲ့။ တုရင် ကိုယ်ပဲ ဒုက္ခရောက်လိမ့်မယ်” လို့ တားမြစ်တယ်။

ဒါပေမယ့် မြည်းက နားမထောင်ဘူး။

“မယုံရင် ခင်ဗျား ဒီက ကြည့်နေ” ဆိုပြီး အိမ်ထဲ ပြေးဝင်သွားတယ်။

ပြီးတော့ ကုလားထိုင်မှာ ထိုင်နေတဲ့ သူ့သခင်ဘေးမှာ လှည့်ပတ်ပြေးတယ်။ သူ့သခင်က အံ့သြပြီး...

“ဒီမြည်း ဘာဖြစ်နေတာလဲ” လို့ ရေရွတ်တယ်။

မြည်းက သူ့သခင် သဘောကျအောင် ခြေထောက်တွေကို လေထဲမှာ မြှောက်ပြီး ခုန်ပေါက်တော့ အိမ်ထဲက ပရိဘောဂတွေ ထိခိုက်မိပြီး ပျက်စီးကုန်တယ်။ မြည်းက သူ့ကို ဘီစကွတ်တွေ ချကျွေးမလား မျှော်လင့်နေသေးတယ်။ သူ့သခင်ကတော့ စိတ်ဆိုးလှပြီ။ အဲဒါကို မရိပ်မိတော့ မြည်းဟာ သူ့သခင်ပေါ် ခုန်တက်မယ် လုပ်တယ်။ ဒီတစ်ခါတော့ သူ့သခင်ဟာ ကြောက်လန့်တကြား ဖြစ်သွားတယ်။ မြည်းရဲ့ ခန္ဓာကိုယ်ကြီးသာ သူ့အပေါ်ပိရင် သူ ဒဏ်ရာရသွားမှာကိုး။ ဒါကြောင့်...

“လာကြပါဦးဟေ့။ ဒီမြည်း ရူးသွားပြီ။ ငါ့ခြံထဲက မောင်းထုတ်လိုက်ကြ”  လို့ သူ့အလုပ်သမားတွေကို အော်ပြောတယ်။

အလုပ်သမားတွေလည်း အိမ်ထဲ ဝင်လာပြီး မြည်းကို ဝိုင်းရိုက်ကြ နှက်ကြတာပေါ့။ မြည်းတစ်ကိုယ်လုံးဟာ အရှိုးရာတွေနဲ့ ယာတဲက ထွက်ပြေးသွားရတယ်။

အပြန်လမ်းကျတော့ သစ်ပင်တစ်ပင်အောက်မှာ မှိုင်တွေနေတဲ့ မြည်းကို တွေ့ရတယ်။ သူက...

“ခင်ဗျား ပြောတာ မှန်တယ်။ ခွေးတစ်ကောင်လုပ်တာ မြည်းတစ်ကောင် မလုပ်သင့်ဘူး။ အခုတော့ ကျုပ်မှာ နေစရာ စားစရာ မရှိတော့ဘူး။ ကျုပ်က အင်မတန်နုံတယ်”  လို့ ညည်းတယ်။

နောက်တော့ ကျွန်ုပ်သိရတာတော့ အဲဒီမြည်းဟာ  “မြည်းတစ်ကောင်နဲ့ သားအဖနှစ်ယောက်” ပုံပြင်ထဲကို ရောက်သွားတယ်လို့ ကြားရတယ်။ အဲဒီတော့မှ မြည်းဟာ လောကမှာ သူ့ထက် နုံတဲ့ အတဲ့လူတွေ ရှိနေပါသေးတယ်လို့ စိတ်သက်သာရာ ရသွားတယ်လို့ ဆိုတယ်။

သစ္စာနီ  (ဟဒယမဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၂ဝဝ၇ခုနှစ်)

credit:  lucky82 (mmcybermedia)

Read more...

No comments:

Post a Comment