Saturday, July 2, 2011

အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့တာဝန် (အပိုင်း – ၂)

by Lu Cifer on Monday, June 27, 2011 at 8:27pm

ဒို့တာဝန် အရေးသုံးပါး

စစ်အာဏာရှင်စနစ်နဲ့ ယနေ့ လက်ရှိ ရွေးကောက်ခံ အာဏာရှင်စနစ်ကို အကောင်အထည်ဖော် နေကြသူများဟာ ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ထားတယ်လို့ ဆိုကြပါတယ်။ သို့ပေမယ့် လက်တွေ့မှာ အမှန်တကယ် ဒီ မူဝါဒတွေကို ကျင့်သုံးပါရဲ့လားဆိုတာ ဆန်းစစ်ကြည့်ရအောင်ပါ။


(၁) ပြည်ထောင်စု မပြိုကွဲရေး


ပြည်ထောင်စု ဆိုတဲ့ စကားလုံးဟာ နိုင်ငံတော် တည်ထောင်မှု (state – formation) ဆိုင်ရာ နိုင်ငံရေး အစီအမံများ (political arrangements) တွေနဲ့ ဆက်နွယ်ပါတယ်။ လူတဦးချင်းဆီမှာ နိုင်ငံရေးတန်ဖိုး (political values) တွေ တူတိုင်း၊ နိုင်ငံရေး အစီအမံ (political arrangements) တွေ မတူညီပါဘူး။ နိုင်ငံရေး တန်ဖိုးတွေ မတူပေမယ့်လဲ နိုင် ငံရေး အစီအမံမှာ ကျတော့ တူသွားတတ်ပါတယ်။ နိုင်ငံရေးမှာ အမြဲတမ်းရန်သူ၊ အမြဲတမ်း မိတ်ဆွေ ဆိုတာ မရှိဘူး ဆိုတဲ့ အတွေးအခေါ်ဟာ ဒီအချက်တွေကနေ မြစ်ဖျားခံလာတာ ဖြစ်ပါတယ်။

နိုင်ငံတော်တည်ထောင်မှု မှာ ပြည်ထောင်စု အသွင်သဏ္ဌာန်နဲ့ တည်ထောင်မှု ဆိုရင် နိုင်ငံရေးအရ တန်းတူညီမျှမှု (political equality) နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (self- determination) တွေက အလွန်အရေးကြီးပါတယ်။ ဒါတွေ မရှိရင် နိုင်ငံတော်တည်ထောင်မှု ဆိုင်ရာ ပဋိပက္ခ (state – formation conflicts) ဖြစ်ပြီး ပြည်တွင်းစစ် သေချာပေါက် ဖြစ်ပါ တယ်။ နိုင်ငံတော်တည်ထောင်မှုမှာ တပြည်ထောင်စနစ် (unitary state system)၊ ဖယ်ဒရယ် ပြည်ထောင်စုစနစ် (federal state system)၊ သီးခြားခွဲထွက်၍ တိုင်းပြည်တည်ထောင်ရေးစနစ် (separate state system) စသည်ဖြင့် ကွဲပြားပါတယ်။ အခြားသဏ္ဌာန်မူကွဲတွေလဲ ရှိပါသေးတယ်။

Unitary State System မှာ နိုင်ငံရေး အစီအမံတွေအားလုံးဟာ ဗဟိုမှာပဲ ချုပ်ကိုင်ထားပါတယ်။ separation of powers က အလျားလိုက် သဏ္ဌာန်အနေနဲ့ ရှိပြီး၊ ဒေါင်လိုက် သဏ္ဌာန် မရှိပါဘူး။ အစိုးရတရပ်ပဲ ရှိပါတယ်။ လွှတ် တော် တရပ်ပဲ ရှိပြီး၊ တရားစီရင်ရေး စနစ် ကွဲပြားမှုတွေ မရှိပါဘူး။ ပြင်သစ်နိုင်ငံရဲ့ နိုင်ငံ တည်ထောင်ထားမှု စနစ်က unitary state system ဖြစ်ပါတယ်။ federal state system မှာ နိုင်ငံရေး အစီအမံတွေက ဗဟိုမှာပဲ ချုပ်ကိုင်ထား ခြင်း မရှိပါဘူး။ separation of powers က အလျားလိုက် သဏ္ဌာန်အနေနဲ့ရော၊ ဒေါင်လိုက် သဏ္ဌာန်ပါ ရှိပါတယ်။

ဖယ်ဒရယ် အစိုးရနဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေ ရှိပါတယ်။ ဖယ်ဒရယ် ပြည်ထောင်စုလွှတ်တော်နဲ့ လူမျိုးစု လွှတ်တော်များ ရှိပါတယ်။ တရားစီရင်ရေး စနစ်တွေ ကွဲပြားမှု ရှိနိုင်ပါတယ်။ ဖဒရယ်ပြည်ထောင်စု ဆိုင်ရာ နိုင်ငံရေး အစီအမံများမှာ အိန္ဒိယနိုင်ငံကဲ့သို့ quasi- federal arrangements၊ ဂျာမဏီနိုင်ငံကဲ့သို့သော unitarian federal arrangements စတာတွေကနေ အမေရိကန် ပြည်ထောင်စုရဲ့ constitutional federal arrangements တွေအထိ သဏ္ဌာန် အမျိုးမျိုး၊ အာဏာ ခွဲဝေမှု (division of powers) အမျိုးမျိုး ကွဲပြားကြပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အာဏာခွဲဝေမှုမှာတော့ ဖဒရယ် အစိုးရအတွက် သတ်မှတ်ထားတဲ့ delegated powers (ပြည်တွင်းနှင့် နိုင်ငံတကာ ကုန်သွယ်ရေးကို regulate လုပ်ရန်၊ ငွေ စက္ကူ ထုတ်လုပ်မှု စစ်ကြေငြာမှု၊ လက်နက်ကိုင် တပ်များ ထားရှိမှု၊ စာပို့စနစ်၊ စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးမှု)၊ ပြည်နယ်အစိုးရများအတွက် သတ်မှတ်ထားတဲ့ reserved powers (ပြည်တွင်းကုန်သွယ်ရေးကို regulate လုပ်ရေး၊ ကျောင်းများ တည်ထောင်ရေး၊ သက်ဆိုင်ရာ ပြည်နယ်အလိုက် ဥပဒေများ ပြဋ္ဌာန်းရေးနဲ့ ရွေးကောက်ပွဲများ ကျင်းပရေး)၊ ဖဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရများက ရှယ်ယာလုပ်ရန် သတ်မှတ်ထားတဲ့ concurrent powers (အခွန်ကောက်ရေး၊ တရားရုံးများ တည်ထောင်ရေးနဲ့ ချေး ငွေ ရယူရေး) စတာတွေ ပါဝင်ပါတယ်။

Separate state system ဆိုတာကတော့ လူမျိုးရေး၊ ၀ါဒရေး၊ ဘာသာရေး စတာပေါ်မှာ အခြေခံပြီး သီးခြားနိုင်ငံ အ ဖြစ် ခွဲခြားတည်ထောင်ခြင်း ဖြစ်ပါတယ်။ ဥပမာ- အိန္ဒိယ နိုင်ငံမှ လွတ်လပ်သော သီးခြား နိုင်ငံအဖြစ် ပါကစ္စတန် နိုင် ငံအဖြစ် ခွဲခြားတည်ထောင်ခြင်း စတာမျိုး ဖြစ်ပါတယ်။ ဒီလို ကွဲပြားသွားတဲ့ နိုင်ငံတွေဟာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့ ခွဲထွက်ပြီး နိုင်ငံ တည်ထောင်မှု သဏ္ဌာန် ဖြစ်ပါတယ်။ တိုင်းပြည်တပြည်ရဲ့ အသွင်ကူး ပြောင်းကာလတွေ ဖြစ်တဲ့ တိုင်းတပါး လက်အောက်ခံကနေ လွတ်လပ်ရေးရစ ကာလ (ဥပမာ- ကိုလိုနီ နိုင်ငံများ) တွေနဲ့ အင်အားကြီး အာဏာထိန်းချုပ်မှု တစုံတရာ ပျောက်ကွယ်သွားသော ကာလ (ဥပမာ- ဆိုဗီယက်ယူနီယံ၊ ယူဂိုစလားဗီးလား) စတာတွေမှာ ဒီလို separate state ဆိုင်ရာ အရေးတွေ ပေါ်ထွက်တတ်ပါတယ်။

သမိုင်းကြောင်းအရ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ၊ ဘာသာရေးအရ၊ လူမျိုးရေးအရ ကွဲပြားမှုတွေ ရှိနေတဲ့ နိုင်ငံတွေမှာ အသွင်ကူးပြောင်းကာလ ဆိုတာ နိုင်ငံတော် တည်ထောင်မှု (state- formation) လို့ သတ်မှတ်လေ့ရှိကြ ပါတယ်။ ဒီလို အခြေအနေ၊ အချိန်အခါတွေမှာ တန်းတူညီမျှမှု ဆိုင်ရာ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ အရေးတွေကို ငြိမ်း ချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရေးအတွက် နိုင်ငံရေး ခေါင်းဆောင်များအကြား အပြန်အလှန်ယုံကြည်မှု၊ ကတိ တည်မှု၊ အပြန်အလှန် လေးစားမှု၊ ပဋိပက္ခရေးရာ ကျွမ်းကျင်သူများရှိမှု၊ confidence-building measures များ ဖော် ဆောင်ထားမှု စတာတွေကို ကြိုတင်ပြင်ဆင် တည်ဆောက်ထားနိုင်ဖို့ လိုအပ်ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ ကံကြမ္မာကို တဦး၊ တဖွဲ့၊ တပါတီ တည်းပေါ်မှာ အလုံးစုံ ပုံအပ်ပြီး၊ အသွင်ကူးပြောင်းကာလအတွက် ကြိုတင်ပြင်ဆင် တည်ဆောက်ထားမှုတွေ အားနည်းခဲ့ရင်၊ အာဏာရ အစိုးရဘက်က တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင် ပြ ဋ္ဌာန်းခွင့်တွေကို မလေးစားပဲ အာဏာအလွဲသုံးစားလုပ်ပြီး ဖိအားပေးမှုတွေ ဖြစ်ရင် ပြည်တွင်းစစ် သေချာပေါက် ဖြစ် ပါတယ်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးရကာစ အခြေအနေဟာ အသွင်ကူးပြောင်းကာလအတွက် ကြိုတင်ပြင်ဆင် တည်ဆောက်ထားမှု အားနည်းချက်တွေရဲ့ ရလဒ်တွေပါပဲ။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေး ရရှိရေးအတွက် တနိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ နိုင်ငံရေး ၀ါဒပေါင်းစုံရှိတဲ့ အဖွဲ့အ စည်းပေါင်းစုံက လက်တွဲခဲ့ကြပါတယ်။ ဒီနေရာမှာ လွတ်လပ်ရေးရရှိရေး ဆိုတဲ့ political values တွေ တူညီခဲ့ကြပါ တယ်။

သို့ပေမယ့် နယ်ချဲ့လက်အောက် မရောက်ခင်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအစီအမံတွေမှာ စစ်အနိုင်တိုက်ပြီး စုစည်း သိမ်းသွင်းမှုပေါ်မှာ အခြေခံတဲ့ state formation သဏ္ဌာန် ရှိခဲ့ပါတယ်။ ဒါကြောင့် တိုင်းရင်းသား လူမျိုးစုတွေအကြား မှာ political values တူပေမယ့်၊ political arrangements စဉ်းစားထားပုံတွေ မတူညီပါဘူး။ နိုင်ငံရေးဝါဒပေါင်းစုံ လက်ကိုင်စွဲထားတဲ့ အဖွဲ့အစည်းပေါင်းစုံမှာလဲ လွတ်လပ်ရေးရရှိရေး ဆိုတဲ့ political values တူပေမယ့်၊ political arrangements စဉ်းစားထားပုံတွေ မတူညီပါဘူး။ အချို့က unitary state၊ အချို့က federal state၊ အချို့ကတော့ separate state အထိ စဉ်းစားထားမှုတွေ ရှိကြပါတယ်။

ဒီလို မတူညီမှုတွေကို ပင်လုံစာချုပ်နဲ့ ညှိနှိုင်းယူခဲ့ကြပါတယ်။ ဒါပေမယ့် ပင်လုံစာချုပ်ဟာ တိုင်းရင်းသား လူမျိုးစုအား လုံးကို ကိုယ်စားပြုနိုင်ခြင်း မရှိခဲ့ပါဘူး။ ပင်လုံစာချုပ် နိဒါန်းမှာ “ကြားဖြတ်မြန်မာ အစိုးရနှင့် ချက်ခြင်း ပူးပေါင်းခြင်း အားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမိုလျင်မြန်စွာ ရလိမ့်မည်ဟု အစည်းအဝေး တက်ရောက်သူ အဖွဲ့ဝင်တို့က ကန့်ကွက်သူမရှိဘဲ၊ သဘောတူညီ ကြလေသည်˝ လို့ ပါရှိပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ပင်လုံ ညီလာခံဟာ all inclusive dialogue လုပ်ပေးနိုင်ခဲ့တဲ့ ညီလာခံ မဟုတ်ပါဘူး။ ကရင်နီ၊ မွန်၊ ကရင်၊ ရခိုင် အပါအ၀င် မြန်မာနိုင်ငံတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးစုအားလုံးကို ကိုယ်စားပြုခြင်း မရှိနိုင်ခဲ့ပါဘူး။

အဆိုးဆုံးကတော့ ယုံကြည်မှု တည်ဆောက်ထားမှု အခြေအနေပဲ ဖြစ်ပါတယ်။ ပင်လုံစာချုပ် ဖြစ်ပေါ်လာခြင်း အစမှာ ကတည်းက အပြန်အလှန်ယုံကြည်မှုဟာ အင်စတီကျူးရှင်းပေါ်မှာ အခြေခံတာထက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပေါ်မှာ တိုင်းရင်းသား ခေါင်းဆောင်များရဲ့ ယုံကြည်လေးစားမှုအပေါ်မှာ အခြေခံထားခဲ့ပါ တယ်။ ဒါကြောင့် ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရမှုဟာ တိုင်းပြည်အတွက် အ စားထိုးလို့ မရနိုင်တဲ့ ဆုံးရှုံးမှုကြီး တခုဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ပဋိပက္ခများ ကြီးထွားလာစေခဲ့တဲ့ ကံဆိုးမိုးမှောင်ကျစေ သော အကြောင်းတရားကြီး တခုဆိုရင်လဲ မမှားပါဘူး။ ဗိုလ်ချုပ်တို့သာ ရှိခဲ့မယ်ဆိုရင် လွတ်လပ်ရေး မရခင် အချိန် ကာလတိုလေးအတွင်းမှာ တိုင်းရင်းသားလူမျိုးအားလုံးနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့မှာ ဖြစ်သလို၊ ပြည်တွင်း စစ်ကို တားဆီးနိုင်မယ့် အသွင်ကူးပြောင်းကာလဆိုင်ရာ ကြိုတင်ပြင်ဆင် တည်ဆောက်မှုတွေလဲ လုပ်ထားနိုင်ခဲ့မှာပါ။

သို့ပေမယ့် မြန်မာတို့ရဲ့ ကံဆိုးမိုးမှောင်ကျမှုလို့ပဲ ဆိုရလေမလား၊ ခေါင်းဆောင်တဦးတည်းကိုပဲ အားကိုးကြပြီး၊ အင်စ တီကျူးရှင်း တည်ဆောက်မှု အားနည်းခြင်းရဲ့ အကျိုးဆက်လို့ပဲ ဆိုရလေမလား မသိ။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီး သည်နှင့် ပြည်ထောင်စုပုံသဏ္ဌာန် အစိုးရနှင့် အာဏာခွဲဝေမှု၊ တိုင်းရင်းသားလူမျိုးများရဲ့ တန်းတူညီမျှခွင့်၊ ပင်လုံစိတ် ဓာတ် စတာတွေက တစထက်တစ လျော့ပါးပျောက်ကွယ်လာခဲ့ပါတော့တယ်။ ပင်လုံစာချုပ်လက်မှတ်ရေးထိုးစဉ်က ဗိုလ်ချုပ်ကိုယ်စားပြုခဲ့တဲ့ ဖဆပလ အစိုးရမှာလဲ တပြည်ထောင်စနစ် (unitary system) ကို နိုင်ငံတည်ထောင်မှုဆိုင် ရာ နိုင်ငံရေးအစီအမံအဖြစ် လက်ခံယုံကြည်သူများက ကြီးစိုးခဲ့ပါတယ်။

အသွင်ကူးပြောင်းကာလတိုင်းမှာ အာဏာရအစိုးရရဲ့ အတွေးအခေါ်၊ အယူအဆတွေဟာ အခရာကျပါတယ်။ ငြိမ်း ချမ်းစွာနှင့် တွေ့ဆုံဆွေးနွေးရေးကို ဦးတည်ဖော်ဆောင်မှု၊ အာဏာကို အသုံးပြု၍ အင်အားသုံးဖြေရှင်းမှု ဆိုတဲ့ နည်း လမ်းတွေအနက် လွတ်လပ်ရေးရကာစ ဖဆပလ အစိုးရက အများဆုံးအသုံးပြုခဲ့တဲ့ နည်းလမ်းကတော့ အုပ်ချုပ်ရေး အာဏာနဲ့ စစ်တပ်ကို အသုံးပြုပြီး အင်အားသုံးဖြေရှင်းမှုတွေပဲ ဖြစ်ပါတယ်။ အပြန်အလှန် ယုံကြည်မှု တည်ဆောက် ထားတာ အားနည်းနေတဲ့ အချိန်ကာလ၊ သံသယများ ကြီးထွားနေသောကာလ၊ ညီညွတ်ရေးဆိုရာမှာလဲ လူမျိုးစုအား လုံးကို ကိုယ်စားပြုထားခြင်း မရှိသေးသော ပင်လုံစာချုပ်တခုသာ ရှိနေသော ကာလ၊ တနည်းဆိုရင် နိုင်ငံရေးအရ political sensitivity အမြင့်မားဆုံး ဖြစ်နေသော ကာလတွေမှာ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားတွေကို လက်နက်နဲ့ ဖိအားပေးမှုတွေ ရှိလာခဲ့ပါတယ်။ အတင်းအကြပ် လက်နက်သိမ်းမှုတွေ ရှိလာခဲ့ပါတယ်။

လက်နက်နဲ့အင်အားသုံးဖြေရှင်းမှုဆိုတာ အခြေအနေ၊ အချိန်အခါပေါ်မှာ မူတည်ပြီးမှ ထိရောက်မှု ရှိပါတယ်။ အခြေ အနေ၊ အချိန်အခါနဲ့ မလျော်ညီရင် ပိုမိုဆိုးရွားတဲ့ အခြေအနေကို ရောက်သွားစေ တတ်ပါတယ်။ ဥပမာ- လူနှစ်ဦးမှာ တဦးနဲ့ တဦး မယုံကြည်မှုတွေ၊ သံသယတွေ ရှိနေချိန်မှာ တဦးက လူသူစုဆောင်းပြီး တုတ်၊ ဓား တွေနဲ့ အခြားလူတ ဦးထံကို ရှေ့ရှုသွားမယ်ဆိုရင် သွားသူများက တိုက်ခိုက်ဖို့ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ တဘက်နဲ့ တဘက် တိုက်ခိုက်မှု ဖြစ်ကို ဖြစ်ပါတယ်။

ဖဆပလ အစိုးရ လက်ထက်မှာ ပြည်တွင်းစစ်မီးတွေ တောက်လောက်လာခြင်းဟာ နဂိုရှိရင်းစွဲ နိုင်ငံတော် တည် ထောင်မှု (state formation) ဆိုင်ရာ အားနည်းချက်တွေပေါ်မှာ လက်နက်နဲ့ ဖိအားပေးမှုတွေ၊ လက်နက်အတင်း အကြပ် လိုက်လံ သိမ်းဆည်းမှုတွေက ထပ်ဆောင်းသွားခဲ့ခြင်း ဖြစ်ပါတယ်။ confidence-building measures တွေ အားနည်းခဲ့ကြပါတယ်။ ၀ါဒရေးရာ ပဋိပက္ခတွေအပြင် ပင်လုံစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ပဋိပက္ခတွေကလဲ စတင်ပေါ်ထွက်ခဲ့ပါတယ်။ ဒါက ပင်လုံစာချုပ်တခုတည်းဟာ ပြည် ထောင်စုအရေးအတွက် လုံလောက်သော ပြင်ဆင်မှု မဟုတ်ခဲ့ဘူးဆိုတာ ပြသတဲ့လက္ခဏာ တရပ်ပါပဲ။

ဖဆပလ အစိုးရလက်ထက်မှာ ပြည်တွင်းစစ် ဖြစ်ရခြင်းရဲ့ အခြေခံ အကြောင်းတရားဖြစ်တဲ့ ပြည်ထောင်စုအရေးကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ကြိုးပမ်းမှုထက် တပြည်ထောင်စနစ်နဲ့ လက်နက်အင်အားသုံး ဖြေရှင်းမှုကို ပိုပြီး ဇောင်းပေးခဲ့ပါ တယ်။ ငြိမ်းချမ်းရေးထက် စစ်ဆင်ရေးကြီးများနဲ့ ချေမှုန်းနိုင်ရေးကို ဦးစားပေးခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးဆိုတာ လက် ခုပ် နှစ်ဘက်တီးမှ မြည်တဲ့ အရာ ဖြစ်ပါတယ်။ အာဏာရသူများနဲ့ နိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရ ဖြစ်စေ အတိုက်အ ခံ ပြုနေသူများဘက်က ငြိမ်းချမ်းရေးရဖို့ မည်မျှပဲ ပြင်ဆင်နေသည်ဖြစ်စေ၊ တောင်းဆိုနေသည် ဖြစ်စေ၊ အာဏာလက် ၀ယ် ရထားတဲ့ အစိုးရဘက်က ငြိမ်းချမ်းရေးဆိုတာကို လက်နက်ဖြုတ်သိမ်းပြီးမှ တည်ဆောက်လို့ ရမည့်အရာ၊ နိုင်ငံ ရေးအရ အပြီးတိုင် ချေမှုန်းပြီးမှ တည်ဆောက်လို့ ရမည့်အရာ၊ အာဏာရသူများရဲ့ သတ်မှတ်ချက်များအတိုင်း အ တိုက်အခံများဘက်မှ လိုက်နာဆောင်ရွက်ရမည့် အရာလို့ သတ်မှတ်နေသမျှ ကာလပတ်လုံး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဘယ်တော့မှ တည်ဆောက်နိုင်မှာ မဟုတ်ပါ။ ငြိမ်းချမ်းရေးဆိုတာ ဒူးထောက်အညံ့ခံရေး မဟုတ်ပါ။

နောက်ဆုံးမှာတော့ ဖဆပလရဲ့ တပြည်ထောင်စနစ်ကို တိုင်းရင်းသားများက ပြည်ထောင်စုသဏ္ဌာန် တောင်းဆိုမှုတွေ ပေါ်ထွက်လာပါတော့တယ်။ ဒီအခါမှာ ဖဆပလ ၀န်ကြီးချုပ်က ပြည်ထောင်စုအရေးကို ကိုင်တွယ်ဖြေရှင်းခြင်း မပြုပဲ နိုင်ငံတော်အာဏာကို ဗိုလ်နေ၀င်းဆီ ထိုးအပ်လိုက်ပါတော့တယ်။ ဗိုလ်နေ၀င်းက အရပ်သားအစိုးရကို အာဏာပြန်လွှဲ ပေးထားစဉ်ကာလမှလဲ တိုင်းရင်းသားခေါင်းဆောင်တွေဟာ အမြော်အမြင်ကြီးစွာနဲ့ (၁၉၆၁) ခုနှစ်မှာ တောင်ကြီးမြို့ မှာ ညီလာခံတရပ် ကျင်းပပြီး၊ စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု ကိုတောင်းဆိုခဲ့ကြပါတယ်။ ၀န်ကြီးချုပ် ဦးနုက ရွေးကောက်ပွဲဝင်စဉ်က ကတိအတိုင်း အမျိုးသားနှီးနှောဖလှယ်ပွဲ ကျင်းပ ပေးခဲ့ပါတယ်။ ဆယ်စုနှစ်ကျော် ကာလတ လျှောက် ပြည်ထောင်စုသဏ္ဌာန် အကောင်အထည်ဖို့ အားနည်းခဲ့ရာက ပြည်ထောင်စုသဏ္ဌာန် အခင်းအကျင်းအ တွက် ပထမဆုံးခြေလှမ်းလို့ ဆိုနိုင်ပါတယ်။

federal arrangements မဖြစ်သွားရင်တောင် အနည်းဆုံး quasi- federal arrangements ဖြစ်သွားစေနိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းတွေ ရှိခဲ့ပါတယ်။ Unitary state ကနေ Federal State အနေနဲ့ တစတစ အသွင်ကူးသွားစေနိုင်တဲ့ local autonomy, provincial autonomy စနစ်တွေကိုလဲ နှီးနှော ဖလှယ်ပွဲတွေက တဆင့် အမြင်တွေ ချပြဆွေးနွေးနိုင်ခဲ့ကြမှာပါ။ (၁၉၆၂) ခုနှစ်၊ ဖေဖော်ဝါရီလဟာ နိုင်ငံတော်ကြီးက ပြည်ထောင်စုသဏ္ဌာန်ကို ပထမဆုံးခြေလှမ်း စလှမ်းစ ကာလပါ။

သို့ပေမယ့် ဗိုလ်နေ၀င်းခေါင်းဆောင်တဲ့ စစ်အုပ်စုက (၁၉၆၂) ခုနှစ်၊ မတ်လ (၂) ရက်နေ့မှာ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပါတော့တယ်။ ပြည်ထောင်စု မပြိုကွဲရေးလို့ ဆိုပါတယ်။ လက်တွေ့မှာကျတော့ တပြည်ထောင်စနစ် မ ပြိုကွဲရေး၊ ဗဟိုအစိုးရမှ အာဏာကို အပြည့်အ၀ ချုပ်ကိုင်ထားနိုင်ရေး ပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုသဏ္ဌာန် ဖော် ဆောင်ရေး ခြေလှမ်းကို ရိုက်ချိုးခြင်း ဖြစ်တဲ့အတွက် ပြည်ထောင်စု ပြိုကွဲရေးပဲ ဖြစ်ပါတော့တယ်။

ဒီလို ပြည်ထောင်စု မပြိုကွဲရေး လို့ အမည်ခံတဲ့ ပြည်ထောင်စုပြိုကွဲရေး လုပ်ငန်းဆောင်တာတွေကို တော်လှန်ရေး ကောင်စီခေတ်၊ မဆလခေတ်၊ န၀တခေတ်၊ နအဖ ခေတ် ကာလတလျှောက်လုံးမှာ စစ်အာဏာရှင် အဆက်ဆက်က အမွေခံ ကျင့်သုံးခဲ့ကြပါတယ်။ ဖယ်ဒရယ် ပြည်ထောင်စု စနစ် ဆိုတာကို ပြည်ထောင်စု ပြိုကွဲစေတဲ့ စနစ်လို့ သတ် မှတ် ပြောဆိုပါတယ်။

စစ်အာဏာသိမ်းယူမှုတွေကို ပြည်ထောင်စု မပြိုကွဲရေးအတွက် ကာကွယ်စောင့်ရှောက်ရခြင်း၊ တိုင်းပြည် ချောက်ထဲကျမည့် အရေးကို ကာကွယ်စောင့်ရှောက်ရခြင်းလို့ ၀ါဒဖြန့်ချိရေးတွေ လုပ်ခဲ့ပါတယ်။ ကျောင်း သင်ခန်းစာများ၊ ရေဒီယို၊ ရုပ်မြင်သံကြားများမှာ ထည့်သွင်းခဲ့ပါတယ်။ အတွေးအမြင်၊ အသိဥာဏ် ပိတ်ပင်မှုတွေ လုပ် ပါတယ်။

ဦးနှောက်ဆေးခြင်း၊ ၀ါဒဖြန့်ချိခြင်းနဲ့ စိတ်ဓာတ်စစ်ဆင်ရေး လက်နက်တွေ ဆိုတာက စစ်မြေပြင်မှာ လက်နက်ကြီး မိုး ရွာခံရတာထက် ပိုပြီး ကြောက်စရာကောင်းတဲ့ လက်နက်တွေဖြစ်ပါတယ်။ လူတယောက်ကို ခြောက်လခန့် စနစ်တကျ ဦးနှောက်ဆေးပြီး၊ အယူအဆအမှားတွေကို ရိုက်သွင်းလို့ ရပါတယ်။ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ စုစည်းခိုင်မာနေတဲ့ အင် အားစုကြီးကို နှစ်အနည်းငယ်အတွင်း ဖရိုဖရဲ တစစီ ပြန့်ကျဲအောင် လုပ်ဆောင်လို့ ရနိုင်ပါတယ်။ ၀ါဒဖြန့်ချိရေး လက် နက်နဲ့ အမှန်တွေအမှားဖြစ်၊ အမှားတွေ အမှန်ဖြစ်ပြီး၊ အမှန်နဲ့ အမှား မသဲကွဲတော့တာတွေ ပြုလုပ်လို့ ရပါတယ်။ စစ် အာဏာရှင် အဆက်ဆက်ဟာ ဒီလက်နက်တွေကို စနစ်တကျ အသုံးချခဲ့ကြပါတယ်။

သူရဲကောင်းဝါဒ၊ စစ်ဘုရင်ဝါဒ၊ ဗမာဘုရင်များက အစိတ်စိတ်အမြွာမြွာ ကွဲပြားနေတဲ့ နိုင်ငံကို စစ်ရေး အင်အားသုံးပြီး ပြန်လည်စုစည်းယူထားတဲ့ သမိုင်းကြောင်း၊ နယ်ချဲ့ ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး သမိုင်းကြောင်းနဲ့ တပ်မ တော်ရဲ့ အခန်းကဏ္ဍ၊ ရန်ကုန်အစိုးရလို့ အခေါ်ခံခဲ့ရရာကနေ ခဲရာခဲဆစ် အသက်၊ သွေး၊ ချွေး စတေးပြီး နိုင်ငံတော် ကြီးကို ကာကွယ်ထားရတဲ့ သမိုင်း၊ တိုင်းရင်းသားတွေက ဖယ်ဒရယ်စနစ်ကို တောင်းဆိုပြီး ပြည်ထောင်စုပြိုကွဲရေး ပြုလုပ်လာတဲ့ အန္တရာယ်ကို တပ်မတော်မှ ကာကွယ်လိုက်ရခြင်း၊ လူသတ်ခေါင်းဖြတ်ပြီး မင်းမဲ့စရိုက်များ စိုးမိုးနေချိန် မှာ ချောက်ထဲကျမည့် အရေးမှ တိုင်းပြည်ကို ကယ်တင်ထားရခြင်း စတဲ့ အခြေခံပညာရေး သင်ရိုးညွှန်းတမ်းများကို အာဂုံဆောင်ကျက်မှတ်ပြီး ကြီးပြင်းလာရတဲ့ လူငယ်များကို တပ်သားသစ်သင်တန်းများမှာ ခြောက်လခန့်၊ ဗိုလ်သင် တန်းများမှာ သုံးနှစ်ခန့် သင်တန်းပေးမှု၊ ရဲတပ်ဖွဲ့ဝင်များကို သင်တန်းပေးမှု၊ အရပ်သားများကို ၀န်ထမ်း သင်တန်းများ မှာ သင်တန်းပေးမှု၊ ကြံ့ဖွတ်အဖွဲ့ဝင်များကို စီမံခန့်ခွဲရေးသင်တန်းတွေမှာ သင်တန်းပေးမှု စတဲ့ အချိန်ကာလတွေဟာ လူတယောက်ကို ဦးနှောက်ဆေးဖို့ လုံလောက်တဲ့ အချိန်ကာလ တခု ဖြစ်ပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ လက်ဆင့်ကမ်းအမွေတွေကို ထိန်းသိမ်းကြရင်း ဖယ်ဒရယ်မူ ဆိုတာကို ပြည် ထောင်စု ပြိုကွဲရေး မူလို့ လက်ခံထားကြသူ တပ်မတော်သားများနဲ့ အရပ်သားများ မည်၍ မည်မျှ ရှိခဲ့ပါသလဲ။

လက် နက်ကိုင် အင်အားစုများကို သောင်းကျန်းသူများဟု အမှန်တကယ် ယုံကြည်လက်ခံနေသူ တပ်မတော်သားများနဲ့ အ ရပ်သားများ မည်၍ မည်မျှ ရှိခဲ့ပါသလဲ။ တိုင်းရင်းသားများကို ပြည်ထောင်စုမှ ခွဲထွက်ရေး ကြိုးပမ်းနေကြတယ်လို့ ထင်မှတ်နေသူ တပ်မတော်သားများနဲ့ အရပ်သားများ မည်၍ မည်မျှ ရှိခဲ့ပါသလဲ။

အဖိနှိပ်ခံ ပြည်သူတို့ရဲ့ တိတ်တ ဆိတ် ရင်ထဲက ငိုကြွေးသံတွေ စုပြုံထွက်လာတဲ့ လူထုအရေးတော်ပုံများကို သူပုန်များ မြို့ထဲ ၀င်စီးနေပြီဟု အမိန့်ပေး ခံရ၍ မောင်းပြန် သေနတ်များဖြင့် ပစ်ခတ်ခဲ့သူ တပ်မတော်သားများ မည်၍မည်မျှ ရှိခဲ့ပါသလဲ။

သံဃာတော်များ မေတ္တာပို့ ဆုတောင်းခြင်းကို သံဃာတုများဖြင့် ပြည်ထောင်စု ပြိုကွဲရေး လာလုပ်နေပြီဟု တပ်လှန့်ပစ်ခတ်သတ်ဖြတ် ခိုင်းမှုများ မည်၍ မည်မျှ ရှိခဲ့ပါသလဲ။

မည်သို့ဆိုစေ၊ သေချာသည်ကတော့ ပြည်ထောင်စု မပြိုကွဲရေးဆိုသော ခေါင်းစဉ်အောက်မှ ပြည်ထောင်စုပြိုကွဲရေး လုပ်ငန်းစဉ်များကို တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားများမှ မိမိတို့လုပ်လိုက်တဲ့ အလုပ်ရဲ့ အတိုင်းအဆ ပမာဏကို မသိပဲ စစ်အာဏာရှင်တို့ အလိုကျ လိုက်လံလုပ်ဆောင်ပေးနေကြပြီး၊ ပြည်ထောင်စု မပြိုကွဲရန် ကာကွယ် နေတယ်လို့ ထင်မှတ်မှားမှုတွေ ရှိနေခဲ့ကြတာပဲ ဖြစ်ပါတယ်။

ယနေ့ လက်ရှိ ဗိုလ်သိန်းစိန် အစိုးရ လက်ထက်မှာလဲ စစ်အာဏာရှင် အဆက်ဆက်တို့ရဲ့ လက်ဆင့်ကမ်းအမွေတွေကို ဆက်လက် စောင့်ထိန်းနေကြဆဲပါ။ လူမျိုးစုဒေသတွေမှာ သက်ဆိုင်ရာ လွှတ်တော်တွေ ရှိပြီး၊ ပြည်နယ် အစိုးရအဖွဲ့ တွေ ဖွဲ့စည်းထားပေမယ့် လက်တွေ့မှာတော့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်ရေးအာဏာ ကျင့် သုံးမှုဆိုင်ရာ အာဏာအပိုင်းအခြားတွေကလဲ စာရွက်ပေါ်မှာသာ ရှိပြီး၊ ဗဟို အစိုးရရဲ့ ချုပ်ကိုင်မှုအောက်မှာပဲ ရှိနေ ပါတယ်။ အာဏာခွဲဝေမှု (Division of Power) ကိုလဲ ကျင့်သုံးနိုင်မှု မရှိပါ။

ရှမ်း၊ ကချင်၊ ကရင် ပြည်နယ်တို့မှာ အစိုးရစစ်တပ် ထိုးစစ်ဆင်နေမှုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ မှ ခုခံနေရမှုများ၊ ဒေသတွင်း စစ်ပြေးဒုက္ခသည်များရဲ့ အခြေအနေ စတာတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်နယ် တွေရဲ့ လွှတ်တော်တွင်းမှာ ဆွေးနွေးပြီး၊ ထိုးစစ်တွေ ရပ်ဆိုင်းဖို့ ပြည်နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတွေက စစ်တပ်အ ကြီးအကဲတွေထံ တောင်းဆိုရမယ့် တာဝန်တွေကိုလဲ ထမ်းဆောင်နိုင်ခြင်း မရှိကြသေးပါဘူး။ သေနတ်ပြောင်းတွေနဲ့ ဓားမိုးထားမှုတွေ အောက်မှာ နှုတ်ဆိတ်နေကြရပါတယ်။

အစိုးရအဖွဲ့ဆိုတာ လွှတ်တော်ကို တာဝန်ခံရမှာ ဖြစ်တဲ့အ တွက် လွှတ်တော်အမတ်များ စုစည်းပြီး ကာကွယ်ရေးဝန်ကြီးကို ပြည်တွင်းစစ်နဲ့ ပတ်သက်တဲ့ မေးခွန်းထုတ်မှု၊ ထိုးစစ် များ ရပ်ဆိုင်းရန် တောင်းဆိုမှုတွေကိုလဲ လွှတ်တော်အမတ်များ ပြုလုပ်နိုင်ခြင်း မရှိကြသေးပါဘူး။ နှုတ်ဆိတ်နေကြရ ပါတယ်။

ငြိမ်းအဖွဲ့များလို့ အများခေါ်ဝေါ် သုံးစွဲထားတဲ့ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနဲ့ စစ်အာဏာရှင် တို့ အကြားမှာ ၁၉၉၀ အလွန်ကာလတွေက ဖြစ်တည်ခဲ့တဲ့ ငြိမ်းချမ်းရေးဟာလဲ စစ်မှန်သော ငြိမ်းချမ်းရေး အသွင်မ ဆောင်ခဲ့ပါဘူး။ အပစ်အခတ်ရပ်စဲရေး၊ နယ်မြေဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး လုပ်ဆောင်နိုင်မှု အတိုင်းအတာ အထိ သာ ရှိခဲ့ပြီး၊

စစ်အာဏာရှင်တို့ဘက်မှ နယ်မြေ စိုးမိုးရေး၊ ရင်ဆိုင်ထိန်းချုပ်ရေး၊ ဖိအားပေးရေး၊ သပ်လျှိုဖြိုခွဲရေး စတာ တွေကို ဦးစားပေး လုပ်ဆောင်ခဲ့ကြပါတယ်။

၁၉၉၀ အလွန်ကာလတွေနဲ့ ၂၁ ရာစု ကနဦးပိုင်းတွေမှာ ဖိအားပေးမှုများ အသွင်သဏ္ဌာန်အမျိုးမျိုးနှင့် ရှိခဲ့ရာက ၂၀၀၈ ပြည်သူ့ဆန္ဒခံယူပွဲ ပြီးချိန်နောက်ပိုင်းမှာ အာဏာရှင်တို့ဘက်မှ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို အစဉ်တစိုက် ဖိအားပေးပြီး၊ ခြေကုပ်ယူတပ်စွဲမှုတွေ၊ ရင်ဆိုင်ထိန်းချုပ်မှုတွေ၊ ကြိုကြား ထိတွေ့မှုတွေ၊ အင်အားအလုံးအရင်းဖြင့် နယ်မြေအနီးသို့ ချဉ်းကပ်ဝန်းရံမှုတွေ၊ အင်အားပြခြိမ်းချောက်မှုတွေ၊ တိုင်းရင်းသားခေါင်းဆောင်များအား မောက် မောက်မာမာ ဆက်ဆံမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

တပ်မတော်ဘက်က အလုံးစုံချေမှုန်းရေးနဲ့ စစ်ဆင်ရေးကြီးများ ဆင် နွှဲခြင်း မရှိလာရင်တောင် တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများ အကြားမှာ နယ်ခြားစောင့်တပ် လုပ်ဖို့၊ လက်နက်ချဖို့ ဖိအားပေးလိုက်၊ စစ်ရေးအင်အားပြလိုက်၊ ထိတွေ့မှုဖြစ်လိုက်၊ mediator များက ကြားဝင်လာပြီး အပစ်အခတ် ရပ်စဲလိုက်နဲ့ သံသရာလည်နေမှုဟာ ပြည်ထောင်စုသဏ္ဌာန် တည်ဆောက်မှု နိုင်ငံရေး အခင်းအကျင်း တွေ မဖြစ်ပေါ်လာသေးသမျှ ကာလပတ်လုံး ဖြစ်နေမှာတော့ အသေအချာပါပဲ။

စစ်မှန်သော ရေရှည်ခံ ငြိမ်းချမ်းရေးက တော့ ပေါ်ထွက်လာခြင်း ရှိမှာ မဟုတ်ပါ။
ဗိုလ်သိန်းစိန် အစိုးရရဲ့ အခုလို ပြည်ထောင်စုသဏ္ဌာန်၊ ဒီမိုကရေစီ အသွင်သဏ္ဌာန် မရှိတဲ့ လက်နက်အင်အားသုံး ဖြေရှင်းမှုများဟာ ပြည်တွင်းစစ်မီးကို မွှေးနေတာနဲ့ အတူတူပါပဲ။ တချိန်ချိန်မှာ ပြည်တွင်းစစ်မီးတောက်ကြီး အချိန်မ ရွေး ထတောက်သွားနိုင်ပါတယ်။ ပြည်ထောင်စုကြီး အစိတ်စိတ်အမြွာမြွာ ပြိုကွဲရေးကို ဦးတည်သွားနိုင်ပါတယ်။

ပြည် ထောင်စု မပြိုကွဲရေးကို ဦးထိပ်ထားသည်ဟု အမည်ခံပြီး၊ ပြည်ထောင်စုစနစ်ကို တောင်းဆိုနေကြတဲ့ တိုင်းရင်းသား များကို တိုက်ခိုက်နေခြင်းဟာ ပြည်ထောင်စုကို ဖြိုခွဲနေတာနဲ့ အတူတူပါပဲ။ ပြည်ထောင်စုသဏ္ဌာန် တည်ဆောက်ရေး ဆိုင်ရာ နိုင်ငံရေး အခင်းအကျင်းများကို ဖျက်ဆီးနှောင့်ယှက်ခြင်းဟာ ပြည်ထောင်စု ပြိုကွဲရေးလုပ်တာပဲ ဖြစ်ပါတယ်။

ခင်မမမျိုး
June 27, 2011
http://www.naytthit.net/?p=14803

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...