ဤနေ့သည် အွန်လိုင်းစာပေလောကအတွက် ဂုဏ်ယူဖွယ်ရာ နေ့ဖြစ်ပါသည်။ အွန်လိုင်းပေါ်တွင် ဝါသနာရှင် စာရေးသူများ၏ စာပေအဆင့်အတန်းကို မီးမောင်းထိုးပြနိင်ခဲ့သည့်အတွက် ဆုရရှိသူများ၊ စာဖတ်သူများ နည်းတူ ဤဆုကို စီစဉ်ဖန်တီးခဲ့ကြသော အွန်လိုင်းရွှေဝတ္ထုတိုရွေးချယ်ရေးအဖွဲ့ (SBOGS) (Selection Board of Online Golden Short Story) မှ ကျေနပ်ပီတိ ဖြစ်မိပါသည်။ နောက်ထပ်ပြိုင်ပွဲများ စီစဉ် လုပ်ကိုင်ဖို့အတွက်လည်း အားတက်မိပါ၏။
ဆုရရှိသည့် စာမူ သုံးပုဒ်ကို ကြေငြာထားသည့်အတိုင်း ကန့်ကွက်ရက် ငါးရက် ပြည့်သွားသည်အထိ ကန့်ကွက်သူ မရှိသည့်အတွက် ဆုချီးမြှင့်ပါမည်။ ပထမဆုရရှိသူ မမြသွေးနီအတွက် ဆုကြေး အမေရိကန် ဒေါ်လာ ၁၀၀ (တစ်ရာ) နှင့် အောက်ပါဆုတံဆိပ်ကို ချီးမြင့်ပါသည်။
ဒုတိယဆုရရှိသူ ကိုသတိုးအတွက် ဆုကြေး အမေရိကန်ဒေါ်လာ ၅၀ (ငါးဆယ်) နှင့်အတူ အောက်ပါ ဆုတံဆိပ်ကို ချီးမြှင့်ပါသည်။
တတိယဆုရရှိသူ မချစ်ကြည်အေးအတွက် ဆုကြေး ဒေါ့ကွန်း (.com) ဒိုမိန်း နှစ် နှစ်စာနှင့်အတူ အောက်ပါ ဆုတံဆိပ်ကို ချီုးမြှင့်ပါသည်။
ဆုရရှိသူများအတွက် အလွန်ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ထို့ပြင် ဆုဖြင့်လွဲချော်ခဲ့သော စာမူရှင်များ အနေဖြင့်လည်း အားမလျော့ဘဲ ဒုတိယအကြိမ်ပြိုင်ပွဲအတွက် ဆက်လက် ရေးသားကြစေလိုပါသည်။ ဒုတိယအကြိမ် ပြိုင်ပွဲအတွက် စည်းကမ်းချက်များကို မကြာခင် ထပ်မံကြေညာပါမည်။
ပထမအကြိမ်ပြိုင်ပွဲအတွက် စာမူများကို အမှတ်ပေးရွေးချယ်ရာတွင် ဘလော့ဂ်လောကတွင် နာမည်ကြီးသူ၊ နာမည်မထင်ရှားသူ အစရှိသည့် သတ်မှတ်ချက်များဖြင့် ရွေးချယ်ခဲ့ခြင်း မရှိပါ။ နာမည်ကြီးသူဆို၍လည်း စာမူများကို မပယ်ခဲ့ပါ။ မဂ္ဂဇင်းတွင် ပါဝင်ရေးသားနေသူများ၏ စာမူများကိုသာ စည်းကမ်းချက်အရ ထည့်သွင်းရွေးချယ်မှု မပြုခဲ့ခြင်းဖြစ်ပါကြောင်း ရှင်းလင်းစွာ သိစေလိုပါသည်။
ကျေးဇူးတင်ရှိသူများ...
အွန်လိုင်းရွှေဝတ္ထုတိုဆု ပထမအကြိမ်အတွက် စာမူများကို စိတ်ဝင်တစား ပေးပို့လာကြသော စာရေးသူ ဝါသနာရှင်များအား ကျေးဇူးတင်ပါသည်။ စောင့်ကြည့်လေ့လာ ဖတ်ရှုခဲ့ကြသော စာဖတ်သူများ အားလုံးကိုလည်း ကျေးဇူးတင်ပါသည်။ စာပေချစ်စိတ်ဖြင့် ဤဆုကို ငွေကြေးထည့်ဝင်ကာ ထောက်ပံ့ကူညီပေးခဲ့ကြသော အလှူရှင်များကိုလည်း အထူးကျေးဇူးတင်ပါသည်။
စေတနာဖြင့် အကဲဖြတ်အမှတ်ပေးခဲ့ကြသည့် ဒိုင် ငါးဦးဖြစ်သော....
ဆရာဦးဝင်းငြိမ်း
ဆရာဦးဝင်းဖေ
ဆရာဦးနေဝင်းမြင့်
ဆရာမဒေါ်ခင်ခင်ထူး
ဆရာဦးမင်းဒင်
တို့ကို ကျေးဇူးတင်ကြောင်း ပြောကြားချင်ပါသည်။ ဆုတံဆိပ် ဒီဇိုင်းဆွဲပေးသူ ကိုသိန်းလှိုင်(လှိုင်းဘွဲ့) ကိုလည်း ကျေးဇူးတင်ပါသည်။ ထို့ပြင် မိမိနာမည် လူသိများစေလိုသည့် သဘောမျိုးမရှိဘဲ စေတနာ သန့်သန့်ဖြင့် ကူညီပေးပြီး၊ ရောက်ရှိလာသော စာမူပေါင်းများစွာကို အထပ်ထပ်အခါခါ ဖတ်ရှု၍ စည်းစနစ် တကျ အမှတ်ပေးစည်းမျဉ်းနှင့်အညီ အမှတ်ပေး ရွေးချယ်ပေးခဲ့ကြသော အွန်လိုင်းရွှေဝတ္ထုတို ဆုရွေးချယ် ရေးအဖွဲ့ဝင် များကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားချင်ပါသည်။
အွန်လိုင်းရွှေဝတ္ထုတိုဆု ဒုတိယအကြိမ်အတွက် ဝတ္ထုတိုများကို ကြိုးစားရေးဖွဲ့ကြဖို့ စာပေဝါသနာရှင်များအား၊ အားပေးတိုက်တွန်းရင်း ပထမအကြိမ် အွန်လိုင်းရွှေဝတ္ထုတိုဆုပေးပွဲ အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေညာအပ်ပါသည်။
အွန်လိုင်းရွှေဝတ္ထုတိုဆု ဒုတိယအကြိမ်အတွက် ဝတ္ထုတိုများကို ကြိုးစားရေးဖွဲ့ကြဖို့ စာပေဝါသနာရှင်များအား၊ အားပေးတိုက်တွန်းရင်း ပထမအကြိမ် အွန်လိုင်းရွှေဝတ္ထုတိုဆုပေးပွဲ အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေညာအပ်ပါသည်။
။................................................................................။
No comments:
Post a Comment