by Wai Maw on Saturday, May 21, 2011 at 9:26am
မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ်ထူထောင်ရမည်ဟူသောအယူအဆမှာ ၁၉၈၈ လူထုဒီမိုကရေစီ အရေးတော်ပုံကြီးမှစတင်၍ တစ်ကြော့ပြန် ပြန်၍ ပေါ်ပေါက်လာခဲ့သည်။ ထိုမှတစ်ဖန် တပ်မတော်က အာဏာသိမ်းလိုက်ပြီးသည့်နောက် ပြည်သူလူထု၏ ဒီမိုကရေစီရေး ကြွေးကြော်သံများသည် ပုံစံတစ်မျိုး ပြောင်းလဲကာ အာဏာသိမ်း တပ်မတော်အစိုးရ၏ ကြွေးကြော်သံဖြစ်လာခဲ့သည်။ ထို့နောက်တပ်မတော် အစိုးရက ဒီမိုကရေစီနိုင်ငံတော်သို့ ဟူသောအလံကို လွှင့်ထူပြီး လမ်းပြမြေပုံ ခုနစ်ချက်ကို ရေးဆွဲ အကောင်အထည်ဖော်သည်။
ထိုမှတစ်ဖန် ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်ပေါ်ပေါက်လာသည်။
လွှတ်တော်မှ သမ္မတသစ် ရွေးချယ်ခန့်အပ်၏။
သမ္မတသစ်က အစိုးရသစ်ဖွဲ့၏။
အစိုးရသစ်တွင် ကာကွယ်ရေးဦးစီးချုပ်ထံမှ အမည်စာရင်းရယူသော ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေး ၀န်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့လည်း ပါဝင်၏။
ထို့နောက်အစိုးရသစ်က ကောင်းသောအုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသော လာဘ်ပေးလာဘ်ယူ ကင်းရှင်းသော အစိုးရဖြစ်အောင် လုပ်ကြမည်ဟု လမ်းစဉ်ချမှတ်သည်။ တိုးတက်သော ခေတ်မီသော ဒီမိုကရေစီနိုင်ငံ ထူထောင်မည်ဟု ဆက်လက်ကြွေးကြော်သည်။
သည်မှာ ဒီမိုကရေစီက အားလုံး၏ ပန်းတိုင်လိုဖြစ်သည်။
ဒီမိုကရေစီနိုင်ငံ ထူထောင်ကြမည်လား။
ပြည်သူ့အဆုံးအဖြတ်များပေါ်မှာသာ လုံးလုံးလျားလျား အခြေပြုသည့် နိုင်ငံရေးအာဏာ၊ စီးပွားရေးအာဏာတို့ဖြစ်လာမှ ဒီမိုကရေစီနိုင်ငံဖြစ်မည်။ အုပ်ချုပ်ရေးမှာရော စီးပွားရေးမှာပါ ပြည်သူ့ အဆုံးအဖြတ်တို့က နောက်ဆုံးမှာ အတည်ဖြစ်ရမည်။ ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူ့ အဆုံးအဖြတ်ကို နာခံသူများဖြစ်ရမည်။ ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူ့မျက်နှာကိုသာကြည့်သူ များ ဖြစ်လာရမည်။ ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူလူထုက လိုလားထောက်ခံသူများ ဖြစ်ရမည်။
အကောင်အထည်ဖော် တည်ဆောက်စရာတွေ ကြိုးပမ်းဆောင်ရွက်စရာတွေ တိတိကျကျလုပ်ငန်းစဉ် ရေးဆွဲပြီး ပြင်းပြင်းထန်ထန် လုပ်ကြရမည့်သဘောရှိသည်။ ပြီးတော့ သည်လိုလုပ်ကြရာမှာ အစိုးရသစ်က ချမှတ်သည့် လမ်းစဉ်နှင့် လုပ်ငန်းစဉ်များကို ပြည်သူလူထုက ယုံကြည်စွာဖြင့် ပူးပေါင်းဆောင်ရွက်ဦးမှ ဖြစ်မှာဖြစ်သည်။
နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေး ကဏ္ဍအသီးသီးမှာ ထူထောင်ရမှာဖြစ်သည်။ သည်လို ထူထောင်သည့် ကဏ္ဍအသီးသီးနှင့် အစိတ်အပိုင်းများမှာ ချွတ်ချော်တိမ်းစောင်းနေလို့မရ။ နေရာတိုင်းမှာ ပြည်သူလူထု၏ ယုံကြည်မှုကိုလိုအပ်သည်။ အစိုးရကို ပြည်သူလူထုက ယုံကြည်မှုရှိဖို့လိုအပ်သည်။ အစိုးရ၏လမ်းစဉ်ကို ပြည်သူလူထုက ယုံကြညမှုရှိဖို့လို၏။ အစိုးရကရေးဆွဲသော လုပ်ငန်းစဉ်များ စီမံကိန်း များကို ပြည်သူလူထုကယုံကြည်မှုရှိဖို့လို၏။
ပြည်သူလူထု၏ ယုံကြည်မှုကိုတည်ဆောက်ရင်း ပြည်သူလူထု၏ ဒီမိုကရေစီအလေ့အကျင့်ကို အားပေး ရမည်။ ပြည်သူလူထု၏ လွတ်လပ်ပွင့်လင်းစွာ ပြောဆိုမှု၊ ဝေဖန်မှု၊ တာဝန်ယူတတ်မှုတို့ကို အားပေးရမည်။
ပြည်သူလူထု၏ ယုံကြည်မှု၊ တက်ကြွစွာပါဝင်မှုတို့ မရှိဘဲနှင့် ဒီမိုကရေစီနိုင်ငံသစ်ကို မရောက်နိုင်ပါ။
ဖေမြင့် ( အယ်ဒီတာ့အာဘော်)
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁ အမှတ် ၄၃
၁၉ မေ ၂၀၁၁
No comments:
Post a Comment