အဖေ
by Tayza Aung on Saturday, April 2, 2011 at 11:26pm
အဖေ့ရဲ့ အသက်ရှုသံ သဲ့သဲ့ ကို ကျနော်ကြားနေရတယ်။ တတိယနှစ်ရဲ့ နှစ်ကုန်ကျောင်းပိတ်ရက်တွေ... မှာပေါ့။ ညည..ကျနော့်အခန်း ခေါင်းရင်းလှေကားထိပ်မှာ ထိုင်ရင်း..တိတ်ဆိတ်နေတဲ့ အဖေ ဘာတွေတွေးနေခဲ့သလဲလို့ ခုလို ၆ နှစ်လောက်ကြာမှ ၇ုတ်တရက်တွေးနေမိတဲ့ ကျနော်က သားကောင်းတစ်ယောက်မဟုတ်ပါူဘူး အဖေ။
ညနက်သန်းခေါင် အိပ်မပျော်တဲ့ အဖေ့ ကို ကျနော်စကားပြောပေးဖို့ အားထုတ်ခဲ့ဖူးပါတယ် အဖေ။ ဒါပေမဲ့ အဖေ နဲ့ ကျနော့်ကြားမှာ မသိလိုက်တဲ့ အတားဆီးတွေ ရှိနေခဲ့တယ်။ ကျနော် အိမ်ကနေ တက္ကသိုလ်တက်ဖို့ မထွက်ခွာခင် အထက် တန်းကျောင်းသား ဘ၀ မှာ ကတည်းက မျက်နှာချင်းဆိုင်အောင် မနေဖူးတဲ့ ကျနော်တို့ ..ကျေင်းပိတ်ရက်တွေမှာ အိမ်ပြန်လာတိုင်းလဲ တည့်လေ့ မရှိကြပါူဘူး။
အမေ့ရဲ့ ဆင်းရဲဒုက္ခတွေကို ခပ်ငယ်ငယ် ကတည်းက သနားနေတတ်တဲ့ ကျနော် က အဖေ့ကိုတော့ လူဆိုးကြီးလို့ မတရားဆုံးဖြတ်ထားခဲ့ မိတယ်။ အဖေ့ရဲ့ဒေါသ တွေက ကျနော့် ကို ပိုပြီး ကိုယ့်ကိုကိုယ် တရားတယ်လို့ ထင်နေစေခဲ့တယ်။
(မင်း အဖေ က မင်းကိုသိပ်ချစ်တယ်..သူအိမ်ပြန်ရောက်လာခဲ့တာမင်းကြောင့်လို့ ငါ့ကိုပြောပြတယ်)
အဖေဆုံးပြီးမှ အဖေ့သူငယ်ချင်း တယောက်ရဲ့ပြောစကား ကို ကျနော့်မတုန်တလှုပ်နားထောင်နေခဲ့ဖူးတယ်။
အဖေ့ထွက်သွားမဲ့နေ့ က... အိမ်ကိုရုတ်တရက်ပြန်လာတယ် ပိုက်ဆံအိတ်ရှာခိုင်းတယ် လျှော်ဖွတ်ထားတဲ့ ခြင်ထောင်တွေကြားမှာ တယောက်ထဲ ပြေးလွှားဆော့နေတဲ့ ကျနော်အဖေ့ပိုက်ဆံအိတ်ကူရှာပေးလို့ မုန့်ဖိုးရခဲ့တာကို ပျော်နေခဲ့တယ်။ အဖေ က ကျနော့်ကို ခဏငေးနေပြီး ထွက်သွားတယ်။ နောက်ရက်ကစလို့ ကျနော်တို့ အိမ်လေး ခြောက်သွေ့သွားခဲ့တယ်။
အလိုက်ကန်းဆိုးမသိ..ကျနော်အမေ့ကို ပူဆာခဲ့တဲ့ တညနေမှာပေါ့..စွန်နဲ့ ရစ်ဘီးလုံး ကို လက်ညှိုးထိုး ပူဆာခဲ့တော့ အမေ က ကျနော့်ကိုတွေတွေကြည့်နေခဲ့တယ်။ ရမှာမဟုတ်ဘူး ကံမကောင်းရင် အရိုက်ခံရနိုင်တယ်လို့ သိရက် အရဲစွန့် ပူဆာ လိုက်ပေမဲ့ စီးပွားရေးမပြေလည်ဘူး လို့ ငြီးနေတဲ့အမေက ချက်ချင်းပဲ ဆိုင်ထဲဝင်ပြီး ၀ယ်ပေးခဲ့တယ်။ အဖေမရှိတော့လို့ အားငယ်ရတာမျိုး ငါ့သား သမီးတွေ မဖြစ်စေရဘူး လို့ ခပ်တိုးတိုးပြောခဲ့တဲ့ အမေ့စကား ကျနော့်နားထဲ နှစ်ပေါင်းများစွာ စွဲနေခဲ့တယ်။ အဲဒီခဏမှာပဲ ကြေကွဲနေတဲ့ အမေ့ စိတ္တဇ ကျနော့်ဆီ ကူးစက်လာခဲ့တယ်။ လက်ထဲရောက်လာတဲ့ စွန်နဲ့ ရစ်ဘီးကို လွင့်ပစ်ချင်စိတ်ပေါက်သွားအောင် ကျနော် အမေ့အတွက် ကြေကွဲခဲ့ပါတယ်။ အဖေ မတရားဘူးလို့ အမေ မသင်ပေးဘဲ ကျနော်တွေးခဲ့ပါတယ်။ ၈ နှစ်သားတယောက် ဒီလိုခံစားနိုင်တယ်ဆိုတာ..အဖေ ယုံပါ့မလား။ ဒါပေမဲ့ အဲဒီကစလို့..အဖေ..ကျနော်နဲ့ တကယ်ပဲဝေးသွားခဲ့တယ်။
ကျနော်မှတ်မိနေပါသေးတယ် ညီလေးကို အဖေပွေ့ချီပြီး အမကမုန့်ထုတ်တွေနဲ့ ၀မ်းသာအားရ အဖေနဲ့ တွတ်ထိုးနေချိန်မှာ လှေကားတိုင် ကိုဖက်ပြီး ကျနော်ရပ်ငေးနေခဲ့တယ်။ အဖေက လာလေ..သား။ ဆိုတော့ ကျနော်ခေါင်းယမ်းပြပြီး အေးတိအေးစက်ပုံနဲ့ (အမေကမှာထားတယ်..အဖေ့ကျွေးတာလဲ မစားရဘူး။ အဖေနဲ့လဲ စကားမပြော ရဘူးတဲ့) ပြီး ကျနော် ဆက်ငေးနေတော့ အဖေ..၃ တန်းကျောင်းသား ကျနော့် ကိုတအံ့တသြငေးရင်း တိတ်ဆိတ်သွားပါတယ်။ ရုတ်တရက် ၀ဲတက်လာတဲ့ အဖေ့မျက်ရည်တွေကို အဖေ ၀ှက်ပြီး ညီလေးကိုအောက်ချ ပြီး ရုတ်တ၇က်ပြန်တော့မယ် ဆိုပြီး ပြန်သွားတော့ အမ နဲ့ ညီလေးက အပြေးလိုက်သွားပေမဲ့ ကျနော်ကတော့ နေရာမှာပဲ ရပ်နေခဲ့တယ်။ ဘေးနားကရပ်ကြည့်နေတဲ့ အန်တီငယ် က ငြိုပီး ကျနော့်ကို ရိုက်တယ်။ ခုချက်ချင်း အဖေ့ ကိုလိုက်ခေါ်တဲ့။ ကျနော်လိုက်ခေါ်ခဲ့ပါတယ်။ အဲဒီနောက် ရံဖန်ရံခါ ပဲအိမ်လာလည်တဲ့ အဖေက အိမ်ကိုအပြီးပြန်လာခဲ့ပါတယ်။ ဘာတွေဘယ်လိုလဲ ကျနော်မသိခဲ့ပါဘူး။ ဒါပေမဲ့ အချစ်နဲ့ ချည်နှောင်ခြင်းကို အသွေးအသားထဲက ကြောက်တတ်လာတာ စိတ္တဇ တစ်ခု ဖြစ်ခဲ့တယ်။ နွမ်းနယ်နေတတ်တဲ့ အမေ့ရဲ့ အပူရုပ်ကြောင့်လား ။ အဖေ့ရဲ့ လုပ်ရပ်တွေကြောင့်လား။
ဒါပေမဲ့ အဖေ ။အရွယ်ရောက်ခဲ့တဲ့ကျနော်လဲ ခုတော့ အဖေ့လိုပဲ မရှောင်သာလို့ သစ္စာဖောက်မိပြီး လူတွေရဲ့ မျက်ရည်ကို မသက်မသာ ကြည့်ခဲ့ဖူးပြီ။ ကိုယ်တိုင် သစ္စာဖောက်ခံ၇တဲ့ အခါလဲ ဆတ်ဆတ်ခါ နာတတ်ခဲ့ပြီ။
မနက်ဖြန်တွေ အတွက် သေချာမှုတွေကိုတွက်ချက်ရင်း..မျှော်လင့်ချက်တွေနဲ့ ကြိုးစားနေရတဲ့ ဘ၀မှာ..ကျနော်လဲ အိပ်ပျက်တက်ခဲ့ပြီ။
ခုတော့ မေးလို့ မရတော့တဲ့ အဖေ့အကြောင်းကို မျှော်တွေးရင်း ကျနော်တွေးနေမိပါတယ်။
(ညနက်နက်ဆီက အဖေ့ရဲ့ အသက်ရှုသံ ခပ်ဖျော့ဖျော့ကို ကြားယောင်ရင်း) အဖေ..ဘာတွေတွေးနေခဲ့ပါသလဲ။

0 comments:
Post a Comment