Monday, May 22, 2017

ကျွန်တော့်ဖေဖေ

ဖေဖေက အလုပ်သိပ်ကြိုးစားတယ်။ ကျွန်တော်တို့အိမ်မှာ ငတ်ပြတ်လုနီးပါး ဒုက္ခတွေဖြစ်နေတုန်းက ဖေဖေ ပေါင်မုန့်တွေ ယူလာပေးပြီးရင် ပြန်ထွက် သွားတတ်တယ်။
“မေမေ … ဖေဖေ … ညစာ ဘာလို့ စားမသွားတာလဲ”
“သားဖေဖေက ညဘက်မှာ ကျောင်းတက်နေတယ်သားရဲ့။ အချိန်မမီမှာစိုးလို့တဲ့”
အမှန်တော့ အိမ်မှာ သူဝင်စားလိုက်ရင် ကလေးတွေ ကောင်းကောင်း မစားရမှာစိုးရိမ်လို့ ကျောင်းကို အစောကြီး သွားတယ်ဆိုတာ မေမေသိပါတယ်။
ဖေဖေက တစ်ပတ်မှာ တစ်ရက် တနင်္ဂနွေနေ့ကျမှ အိမ်မှာ မိသားစုနဲ့အတူ မနက်စာစားတယ်။ ကျန်တဲ့နေ့တွေ ဘယ်အချိန်ကတည်းက အလုပ်ထွက်သွားတယ်ဆိုတာ ကျွန်တော်တို့ မသိခဲ့ပါဘူး။
ဖေဖေအထက်တန်းအောင်ပြီး အလုပ်အကိုင်နေရာတစ်ရာရသွားသတဲ့။ အဲဒီနေ့က ညစာအိမ်မှာ ပြန်စားပြီး ပွဲလေးတစ်ပွဲလုပ်ကြတယ်။ မမေ့နိုင်စရာ ပျော်ရွှင်ဖွယ်ပွဲလေးတစ်ခုပါ။ မိသားစုအားလုံး မပျော်ရတာကြာပြီလေ။

ဒါပေမဲ့ နောက်ပိုင်း ဖေဖေ ညဥ့်နက်မှပြန်လာ၊ သားသမီးတွေနဲ့ မျက်နှာချင်းမဆိုင်နိုင်တာ ပိုပြီး ကြာသွားတယ်။ တနင်္ဂနွေတစ်ရက်တောင် မိသားစုနဲ့ နေမပေးနိုင်လောက်အောင် အလုပ်တွေ ကြိုးစားနေရ သလား ဖေဖေရယ်။
တစ်နေ့ ဖေဖေ စောစောပြန်လာတယ်။ ဖေဖေဘွဲ့ရသွားပြီတဲ့။ ဖေဖေ့ဘွဲ့ယူပွဲမှာ ကျွန်တော်တို့အားလုံး ပျော်ရွှင် ကြရတယ်။ ကျွန်တော်တို့အတွက်လည်း အားရှိစရာ၊ ဂုဏ်လည်း တက်စရာဖြစ်ခဲ့တယ်။
ဘွဲ့ရပြီး ဖေဖေရာထူးတက်တယ်။ ဖေဖေက ကျွန်တော်တို့အတွက် အလွန်ကောင်းတဲ့ တိုက်ခန်းလေးတစ်ခန်း ဝယ်ပေးတယ်။ ကျောင်းသွားဖို့ ကားလေးတစ်စီးဖြစ်လာတယ်။ ကျွန်တော်တို့ မိသားစု ငတ်ပြတ်မှာ စိုးရိမ်စရာ မလိုတော့ဘူး။ ရေခဲသေတ္တာထဲမှာ စားစရာအပြည့်ဖြစ်လာတယ်။ အဝတ်အစားတွေလည်း တောက်တောက် ပြောင်ပြောင် ဝတ်လာနိုင်တယ်။
ဒါပေမဲ့ ဖေဖေက အလုပ်ကို သားတွေ သမီးတွေ မနိုးခင်ထွက်သွား၊ သားတွေ သမီးတွေ အိပ်မှပြန်လာ။ ဖေဖေ့ မျက်နှာကို ကောင်းကောင်း မတွေ့ရတာ ကြာသွားပါပြီ။
ဖေဖေက ပညာလည်းဆက်၊ သင်တန်းတွေလည်းတက် နေ့မနား၊ ညမအိပ်ကြိုးစားနေတာ တွေ့ရတယ်။ ညဘက် အိမ်ပြန်လာတဲ့ ဖေဖေ စားပွဲပေါ်မှာ စာလုပ်ရင်း အိပ်ပျော်နေတာ တစ်ခါကတွေ့ခဲ့ရဖူးတယ်။
ဖေဖေက ရာထူးတွေတိုး၊ ကျွန်တော်တို့လည်း ပိုကောင်းတဲ့ တိုက်ခန်းကျယ်ကြီးကိုပြောင်း၊ ကားကလည်း အကောင်းစားကြီးကိုစီး၊ အိမ်မှာ မေမေ့ကိုကူဖို့ အိမ်ဖော်တစ်ယောက်လည်းငှား၊ သားတို့ကျောင်းပို့ ကျောင်းကြို ကားဒရိုင်ဘာတစ်ယောက်နဲ့ သားတို့ဘဝတွေ ပိုပြီး အဆင်ပြေလာပြီထင်ပါတယ်။
ဒါပေမဲ့ ဖေဖေကတော့ မိသားစုနဲ့ အချိန်ပေးရမှုနည်းလာ။ အချိန်ုပြည့် ကြိုးစား၊ အချိန်ပြည့်လေ့လာ၊ အချိန် ပြည့်မအား၊ ကျွန်တော်ကတော့ ဆုတောင်းလိုက်မိပါတယ်။
“ဖေဖေ ရာထူးမတက်ပါစေနဲ့တော့”
မေမေက ကျွန်တော် အဲဒီလိုပြောတာကြားတော့
“သား … ဘာဖြစ်လို့ အဲဒီလို ဆုတောင်းရတာလဲကွယ်”
“ဖေဖေက အိမ်ပြန်မလာမှာစိုးရိမ်လို့”
“ဖေဖေ နေ့တိုင်း ပြန်လာပါတယ်ကွယ်။ သားတို့ သမီးတို့ နိုးမှာစိုးရိမ်လို့ သူ တိတ်တိတ်လေး နေပါတယ်”
“ခု … ဖေဖေရှိလား”
“ရှိတယ် သား … မနက်က လေးနာရီလောက်မှ အိပ်တာ။ ခု ၈ နာရီထိုးပြီ။ သူ့ကို ၈ နာရီထိုးရင် နှိုးပါလို့ ပြော ထားတယ်။ သားပဲ သွားနှိုးလိုက်လေ”
ကျွန်တော်က ပျော်ရွှင်စွာနဲ့ ဖေဖေ့ကို နှိုးဖို့ အိပ်ခန်းထဲ ဝင်သွားတယ်။ ဖေဖေ နှစ်ခြိုက်စွာ အိပ်ပျော်နေပါတယ်။
“ဖေဖေ … ဖေဖေ”
ဖေဖေ မလှုပ်ပါဘူး။ ဖေဖေ ပင်ပန်းနေပုံရတယ်။
“ဖေဖေ … ဖေဖေ”
အဲဒီနေ့ကစပြီး ဖေဖေ ထာဝရအိပ်စက်ကာ အနားယူသွားခဲ့ပါတယ်။
(Everlasting Sleep)
၂၁.၁၂.၂၀၁၆

No comments:

Post a Comment