Friday, December 23, 2016

နာရီပတ်မယ်ဆိုရင်

Tin Nyunt

နာရီအကြောင်း လူပြောများနေတော့ ကျွန်တော်က အမေရိကန်သမ္မတပတ်တဲ့ နာရီအကြောင်း စိတ်ဝင်စားစွာ စူးစမ်းမိသဗျ။ အဲဒီမှာ ခေတ်အဆက်ဆက် သမ္မတတွေရဲ့ နာရီဇာတ်ကြောင်းတွေကို သွားတွေ့တော့တာပဲ။ အလွန်စိတ် ဝင်စားစရာကောင်းတယ်။ ခုတော့ အိုဘားမားနာရီအကြောင်း ပြောရဦးမယ်။
အိုဘားမားဆိုတာသိတယ် မဟုတ်လား။ ခေတ်ကိုယှဉ်ပြီး လိုက်ချင်နေတာ။ နည်းပညာကို အရမ်းစိတ်ဝင်စား တော့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာဝယ်ပတ်တာ ဒေါ်လာ ၂၅၀ တန်တဲ့ Fitbit Surge နာရီ။ GPS ရလို့ သဘောကျ တာတဲ့။
ဘာကြောင့်လဲဆိုတော့ သမ္မတက သူသွားမယ့်လမ်းကြောင်းတွေကို နာရီပေါ်ကနေ ကြည့်ရတာ စိတ်ဝင်စားလို့တဲ့ဗျ။ နောက်ရှိသေးတယ် အဲဒီနာရီက နှလုံးခုန်တာလည်း တိုင်းပေးတယ်။ ကယ်လိုရီ ဘယ်လောက် ဆုံးရှုံးနေပြီဆို တာလည်း ပြပေးတယ်။ အများကြီးပါ။ လမ်းလျှောက်နှုန်းတွေတောင် တိုင်းပြပေးတယ်လို့ဆိုတယ်။ အောင်မယ် စမတ်ဖုန်းကတောင် သီချင်းတွေကို ဝါယာလက်စနစ်နဲ့ ဖမ်းယူပြီး နားထောင်နိုင်သေးဆိုပဲ။
အဲဒီနာရီကို သမ္မတ ပတ်ပြထားပြီး သဘောကျနေတာ မီဒီယာတွေကလည်း အပိုင်ရိုက်ထားတယ်။ အိုဘားမားက သူကြိုက်တာ Apple Watch နာရီပါတဲ့။ ဒါပေမဲ့ သမ္မတလည်း ကွန်ပျူတာနဲ့ဖုန်း သူသုံးချင်တိုင်း သုံးရတာ မဟုတ်ဘူးဗျ။ လုံခြုံရေးအကြောင်းပြပြီး တားမြစ်တာတွေကြောင့် Fitbit လောက်ပဲ ဝယ်ကိုင်ရတယ် ဆိုတာပဲ။
အိုဘားမား ၂၀၀၇ မှာ ဝတ်တဲ့နာရီက လုံခြုံရေးအပြည့်နဲ့ Secret Service တံဆိပ်ရိုက်နှိပ်ထားတဲ့ Jorg Gray နာရီလို့ သိရတယ်။ အဲဒီနာရီကို သူမွေးနေ့လက်ဆောင်ရခဲ့တာ။ နိုင်ငံတော်ကပေးတာလို့သိရတယ်။ သူနဲ့ အတူ အဲဒီနာရီကို အတူပတ်ခွင့်ရတာက လုံခြုံရေးအဖွဲ့ဝင် သုံးဦးသာရှိကြောင်းသိရတယ်။
သမ္မတက ပတ်ချင်တဲ့နာရီ ပတ်လို့မရဘူး။ လုံခြုံရေးကိစ္စတွေ အများကြီး ဆင်ခြင်ရတယ်။ နာရီထဲ အသံဖမ်း စက်တွေ ထည့်ထားရင် ဘယ်လိုလုပ်မလဲ။
အိုဘားမားကို ဆော်ဒီဘုရင်ကြီး အဘဒူလာကလည်း တန်ဖိုးရှိတဲ့ နာရီပေးဖူး တယ်။ နိုင်ငံတော်ကို အပ်လိုက် တယ်။ အီတလီဝန်ကြီးချုပ်ကလည်း ဒေါ်လာ သုံးသောင်းကျော်တန်တဲ့ နာရီလက်ဆောင်ပေးတယ်။ နိုင်ငံတော် ကိုပဲ အပ်လိုက်တယ်။ သမ္မတအနေနဲ့ လက်ဆောင်တွေကို သဘောကျရင် နိုင်ငံတော်ကို ပိုက်ဆံပြန်ပေးပြီး ယူလို့ရပေမယ့် အိုဘားမားက မယူပါဘူး။
သူ့အတွက် စိန်တွေ ရွှေတွေက အဓိကမကျဘူး။ သွားလာရေး၊ ဆက်သွယ်ရေး၊ ကျန်းမာရေး၊ ဖျော်ဖြေရေး၊ လုံခြုံရေးတွေကို အဓိကလုပ်ပေးတဲ့ နာရီကိုပဲ သူကသဘောကျတယ်။
ကိုယ့်နိုင်ငံ ခေါင်းဆောင်ပိုင်းတွေ သတိထားဖို့လိုပြီဗျ။ နာရီဆိုတဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက်တွေအများကြီး ရှိတဲ့အတွက် သူတို့သမ္မတတွေတောင် ပတ်ချင်တဲ့နာရီ မပတ်ရဘူးဆိုတာပဲ။
၁၁.၁၁.၂၀၁၆

No comments:

Post a Comment