တိုက်ပွဲက အလွန်ပြင်းထန်နေချိန်ဖြစ်သည်။ တစ်ဘက် ရန်သူတွေကလည်း အင်အား များသည်ထက် များလာ သည်။ ဂျပန်တပ်မှူးကြီးကလည်း မိမိစစ်သားများကို ဆက်လက်တိုက်ပွဲဝင်ခိုင်းရမည်ကို ချင့်ချိန်နေမိသည်။
စစ်သားများ ချီတက်လာရာ လမ်းကြောင်းပေါ်တွင် ဂျပန်
နတ်ဘုရားကျောင်းတစ်ကျောင်းရှိသည်။ ဘုရား ကျောင်းရှေ့သို့ စစ်သားများ
ရောက်ချိန်တွင် တပ်မှူးကြီးက အားလုံးကို ရပ်ခိုင်းလိုက်ပြီး
“ရဲဘော်တို့ ဒီတိုက်ပွဲဟာ ငါ့အတွက် ဆုံးဖြတ်ရခက်လှတယ်။ တိုက်သင့်သလား၊ ရှောင်သွားသင့်သလား၊ ငါ့အဆုံးအဖြတ်ဆိုတာထက် တန်ခိုးရှင်ရဲ့ အဆုံးအဖြတ်ကို ခံယူဖို့ မင်းတို့ သဘောတူကြသလား”
စစ်သားအားလုံးက ဝမ်းသာအားရ
“သဘောတူပါတယ်” ဟုအော်လိုက်ကြသည်။
သူတို့အားလုံး ဓားများကို ရှေ့တွင်ချပြီး နတ်ဘုရားကျောင်းကို မျက်နှာမူကာ ဝတ်ပြုလိုက်ကြသည်။ တပ်မှူးကြီး ကလည်း မြင်းပေါ်ကဆင်းပြီး
“ဟောဒီမှာ ပိုက်ဆံတစ်ပြား။ ငါ နတ်မင်းကြီးကိုတိုင်တည်ပြီး မိုးပေါ်ကိုမြှောက်မယ်။ မြေပြင်ကို ပြန်ကျတာ ခေါင်းဆိုရင် ငါတို့နိုင်မယ်။ ပန်းဆိုရင် ငါတို့ ရှုံးမယ်။ ခေါင်းကျရင် ဆက်တိုက်မယ်။ ပန်းကျရင် ထွက်ပြေးမယ်။ အားလုံး သဘောတူလား”
“တူပါတယ်”
တပ်မှူးကြီးက ပိုက်ဆံပြားကို မြှောက်လိုက်သည်။ ခေါင်းကျသည်။ စစ်သားများ စိတ်ဓာတ်တက်ကြွသွားကာ တိုက်ပွဲကို ဆက်တိုက်သည်။ ထိုတိုက်ပွဲကို အောင်နိုင်သွားသည်။
တိုက်ပွဲအောင်မြင်သည့် အထိမ်းအမှတ်အနေဖြင့် သိမ်းပိုက်ထားသည့် နယ်မြေကို လှည့်လည်ကြည့်နေစဉ် တပ်မှူးကြီးအနီးတွင် ရှိနေသည့် ဗိုလ်တစ်ဦးက
“နောက်ဆုံးတော့ နတ်မင်းကြီးရဲ့အဆုံးအဖြတ်က မှန်ပါတယ်။ တန်ခိုးကြီးတဲ့ နတ်မင်းကြီးအတွက် အပြန်မှာ ကျောင်းတော်ကို ဝင်လှူသင့်ပါတယ်” ဟုပြောလိုက်သည်။ တပ်မှူးကြီးက
“ဘာကြောင့်လဲကွ”
“နတ်မင်းကြီးက အဆုံးအဖြတ်ပေးလိုက်လို့ ကျွန်တော်တို့ နိုင်တယ်လေ။ တန်ခိုးတော် အနန္တပါ”
တပ်မှူးကြီးက ပြုံးလိုက်ပြီး ခါးကြားထဲမှ ပိုက်ဆံပြားကို ထုတ်ကာ ဗိုလ်ကို ပေးလိုက်သည်။ ဗိုလ်ဖြစ်သူက တပ်မှူးကြီး ပေးလိုက်သည့် ပိုက်ဆံပြားကို ယူပြီး ကြည့်လိုက်ရာ ပိုက်ဆံပြား၏ နှစ်ဘက်စလုံးတွင် ရှိနေသည်မှာ ခေါင်းများသာဖြစ်နေကြောင်း တွေ့လိုက်ရသည်။
(Destiny)
၁၃.၁၁.၂၀၁၆

No comments:
Post a Comment