ကျွန်တော် အင်တာနက်ကို မသုံးနိုင်ကြတဲ့ အချိန်ကတည်းက ကွန်ပျူတာသုံးတာ။ ကွန်ပျူတာ သုံးတာ စာစီစာရိုက်လုပ်ချင်တာလည်းပါတယ်။ ပြီးတော့ ကွန်ပျူတာထဲကို Encyclopedia စီဒီတွေထည့်ပြီး စာတွေ ဖတ်ရတာ သဘောကျတယ်။
တက္ကသိုလ်တက်စဉ်က ကွန်ပျူတာ မပေါ်သေးဘူး။ တက္ကသိုလ်စာကြည့်တိုက်ကို
နေ့တိုင်းသွားတယ်။ စာဖတ်ခန်းထဲမှာ ထားပေးထားတဲ့ Encyclopedia တွေကို
တစ်အုပ်ပြီးတစ်အုပ်လိုက်ဖတ်တယ်။ ကူးစရာတွေ ထိုင်ကူးတယ်။
ကွန်ပျူတာနဲ့ Encyclopedia တွေကြည့်လို့ရတဲ့ခေတ်ရောက်လာတော့ စီဒီတွေ ဝယ်စုပြီးဖတ်တယ်။ အဲဒီထဲက အကြောင်းတွေကို စာရေးတယ်။ Encyclopedia တွေရှိနေသမျှ ထမင်းမငတ်တော့ဘူးလို့ သိလာတယ်။
အင်တာနက်ကို တစ်မျက်နှာပေါ်လာဖို့ အကြာကြီးထိုင်စောင့်ရတဲ့ ခေတ်ကတည်းကသုံးတယ်။ တစ်နာရီ ၁၅၀၀ ကျပ်၊ ၂၀၀၀ ကျပ်ပေးရကတည်းကလည်း သုံးတယ်။ တစ်ခါ download လုပ်ထားရင် တစ်နာရီလောက် ကြာတတ်တဲ့ ခေတ်ကိုလည်း ကျော်ဖြတ်ခဲ့ဖူးတယ်။
Google search ကနေ ကိုယ်သိချင်တဲ့ အကြောင်းအရာတစ်ခုကို ရိုက်ရှာလိုက်ရင် အများကြီး ကျလာတာကို သဘောကျတယ်။ ဖတ်လို့မကုန်ဘူး။ အင်တာနက်ခေတ်ကို ကောင်းကောင်းအသုံးပြုပြီး “လူငယ်နဲ့အတွေးအမြင်” ဆိုတဲ့ စာအုပ်တစ်အုပ်ဖန်တီးနိုင်ခဲ့တယ်။ ထွန်းဖောင်ဒေးရှင်းကပေးတဲ့ စာပေဆုကို အဲဒီစာအုပ်နဲ့ရတယ်။
မနက်က ကျွန်တော့်ကို တစ်ယောက်ကလှမ်းမေးတယ်။ Elisha Otis အကြောင်း အပြည့်အစုံ သိချင်လို့တဲ့။ Google မှာ Elisha Otis ဆိုတာ ရိုက်ထည့်ပြီးရှာကြည့်ပါဗျာ။ သူနဲ့ ပတ်သက်တဲ့ အကြောင်းအရာပေါင်း ၃၉၅၀၀၀ လောက်ကျလာတာတွေ့ရပါလိမ့်မယ်။
ကျွန်တော် နေ့စဉ် စားဝတ်နေရေးကို Google search ကတစ်ဆင့် ဖြေရှင်းနေရတယ်ဆိုရင် ယုံမှာလား။ သတင်းတွေဖတ်တယ်။ သိချင်တာတွေရှာတယ်။ စာတွေရေးတယ်။ အဲဒီစာတွေကနေ ကျွန်တော် ပိုက်ဆံရ တယ်။ ရန်ကုန်မှာ နေရေးထိုင်ရေး စားဝတ်နေရေးကို အင်တာနက်က ဖြေရှင်းပေးနေပါတယ်။
Facebook ကတော့ ကျွန်တော့်ကို မိတ်ဆွေတွေနဲ့ အဆက်အသွယ်ပေါ့။ ကျွန်တော့်မှာ ပြင်ပမိတ်ဆွေ အပေါင်းအသင်း အလွန်နည်းတယ်။ ဒါပေမဲ့ Facebook ထဲမှာတော့ မိတ်ဆွေတွေများတယ်။ အင်တာနက်ကို ပေါပေါများများ ဖောဖောသီသီ သုံးနိုင်တဲ့အချိန်မှာ အကျိုးရှိအောင်သုံးတယ်။ တန်အောင်သုံးတယ်။
တစ်ခုတော့ ရှိတယ်။ အင်တာနက်ထဲမှာ ရေးထားတာတွေက အင်္ဂလိပ်လိုများတယ်။ နက်နက်နဲနဲ ရှာဖွေချင်ရင် အင်္ဂလိပ်လို ဖတ်နိုင်အောင်တော့ ကြိုးစားရမယ်။
ပြောကြတာပဲဗျာ။ Facebook သုံးရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်။ အင်တာနက်သုံးရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်။ မီးလိုပေါ့ဗျာ။ သုံးတတ်ရင်မိတ်ဆွေ။ မသုံးတတ်တော့ ရန်သူပေါ့။ ဘယ်ပစ္စည်းကိုမဆို ဘာအတွက် သုံးတယ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ အပြုသဘောနဲ့ သုံးတတ်ရင် သူကကိုယ့်ကို အကျိုး ပြန်ပြုပါတယ်။ အပျက်သဘောနဲ့ သုံးရင်တော့ သူကကိုယ့်ကို ပြန်ဖျက်မှာပဲ။
အင်တာနက်ဟာ ကျွန်တော့အတွက်တော့ ထမင်းအိုးကြီးတစ်လုံးပါ။
၂၅.၁၀.၂၀၁၆

No comments:
Post a Comment