မြန်မာနိုင်ငံအလယ်ပိုင်း ချောက်မြို့နှင့်
၁၂ မိုင်အကွာကို ဗဟိုပြု၍ သြဂုတ် ၂၄ ရက် ညနေ ၅ နာရီ ၄ မိနစ် ၅၅ စက္ကန့်က
ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့်
ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ စေတီပုထိုးများ ပျက်စီးမှုများ
ဖြစ်ပေါ်ခဲ့သည့်အပြင် ဆက်စပ်မြို့နယ် အချို့၌လည်း စေတီ ပုထိုးများနှင့် လူနေ
အဆောက်အအုံများပျက်စီးကာ လူ အသေအပျောက်များရှိခဲ့သည်။
အဆိုပါလှုပ်ခတ်ခဲ့သည့် ငလျင်နှင့်စပ်လျဉ်းပြီး ငလျင်စာတမ်းများ၊ ငလျင်
သုတေသနများ ပြုလုပ်နေသည့် အကြီးတန်းသုတေသနပညာရှင် မြန်မာနိုင်ငံ ငလျင်
ကော်မတီနာယက ဒေါ်လှလှအောင်နှင့် မြန်မာ့သတင်း စဉ်က တွေ့ဆုံမေးမြန်းခဲ့သည်။
မေး။ ။ သြဂုတ် ၂၄ ရက်ညနေက ချောက်မြို့ အနီး လှုပ်ခတ်သွားတဲ့ ငလျင် အခြေအနေကို သိပါရစေ။
ဖြေ။ ။ သြဂုတ် ၂၄ ရက်ညနေပိုင်းက ချောက်မြို့နဲ့ ၁၂ မိုင်အကွာကိုဗဟိုပြုပြီး လှုပ်သွားတဲ့ငလျင်က ဘယ်ပြတ်ရွေ့ကြောင့်မှမဟုတ်ဘူး။ ထိုးစိုက်ဇုန် (Subduction Zone)ကြောင့် လှုပ်သွားတာ။ ထိုးစိုက်ဇုန်က အိန္ဒိယ ကျောက်ထုချပ် (India Plate)က ဘားမားကျောက်ထု ချပ်(Burma Plate) အောက်ကို ထိုးဆင်း သွားတဲ့အတွက် ငလျင်လှုပ်တာ။ တော်တော်များများက စစ်ကိုင်းပြတ်ရွေ့က လှုပ်တယ်လို့ပြောတယ်။ အချို့ကလည်း ကဘော်ပြတ်ရွေ့က လှုပ်တယ် လို့ပြောတယ်၊ ဘယ်ပြတ်ရွေ့ကမှလှုပ်တာ မဟုတ်ဘူး။ ထိုးစိုက်ဇုန်ကြောင့် လှုပ်သွားတာ။ထိုးစိုက် ဇုန်ကြောင့်လှုပ်တယ်ဆိုတာ ပိုပြီးသေချာတာ က ကျောက်ဖြူနဲ့မင်းဘူးဘက်မှာ ရွှံ့မီးတောင်တွေပေါက်သွားတယ်။ ၁၉၇၅ ခုနှစ်က ဂွေးချိုပြတ်ရွေ့ကလှုပ်တဲ့ ပုဂံ ငလျင်နဲ့လည်းဆက်နွှယ်မှုမရှိဘူး။ ဒီငလျင်က ချောက် ငလျင်လို့ပဲပြောလို့ရမယ်။
မေး။ ။ မြန်မာနိုင်ငံမှာ အရင်က ထိုးစိုက်ဇုန်ကြောင့် ငလျင်လှုပ်ဖူးတာရှိပါသလား။ ဒါပထမဆုံးလား သိပါရစေ။
ဖြေ။ ။ ထိုးစိုက်ဇုန်ကြောင့် အခုလှုပ်သွားတဲ့ငလျင်က မြန်မာနိုင်ငံမှာ ပထမဆုံးလှုပ်တာပါ။ ၁၇၆၂ ခုနှစ်တုန်းက မြန်မာနိုင်ငံပြင်ပ ရခိုင်ရိုးမကမ်း လွန်ပင်လယ် ရေအောက် ထဲမှာလှုပ်ဖူးတယ်။ အဲဒီတုန်းက လူအသေအပျောက် ၇ဝဝ လောက် ရှိခဲ့တယ်။ ၂ဝဝ၄ ခုနှစ်တုန်းကလည်း ၉ ဒသမ သုည ရစ်ခ်ျတာ စကေးရှိတဲ့ ဆူမားတြား ဆူနာမီ ငလျင်ကလည်း ထိုးစိုက်ဇုန်ကြောင့်လှုပ်ခဲ့တယ်။ ထိုးစိုက် ဇုန်ကြောင့်ငလျင်တွေလှုပ်ဖူးတဲ့ သာဓကတွေရှိတယ်။ မြန်မာနိုင်ငံပြည် တွင်း မှာတော့ ထိုးစိုက်ဇုန်ကြောင့် ငလျင် လှုပ်တာ ဒါပထမဆုံးအကြိမ်ပါ။
မေး။ ။နောက်ဆက်တွဲငလျင်ငယ်တွေ၊ ငလျင်ကြီးတွေ ရော လှုပ်ဖို့ရှိနိုင်ပါသလား။
ဖြေ။ ။ထိုးစိုက်ဇုန်ကြောင့် အခုလှုပ်သွားတဲ့ငလျင်က တစ်ခါမှမလှုပ်ဖူးသေးတဲ့ ငလျင်ကြီးပါ။ မြန်မာနိုင်ငံမှာ မကြုံဖူးသေးတဲ့ ငလျင်ကြီးပေါ့။ နောက်ထပ် လှုပ်နိုင်ခြေ ရှိတယ်။ မရှိဘူးဆိုတာ ပြောဖို့အချိန်စောသေးတယ်။ အချက်အလက် အထောက်အထားတွေ ရှာရဦးမယ်။ နောက်ဆက်တွဲငလျင်ငယ်တွေ၊ ငလျင်ကြီးတွေ လာနိုင်လား ဆိုတာကတော့ ပြောဖို့စောပါသေးတယ်။
မေး။ ။မြန်မာနိုင်ငံမှာ ၂ဝ၁၁ ခုနှစ်ကစပြီး အခုအချိန်ထိ ငလျင်တွေလှုပ်တာ စိပ်လာတယ်။ အဲဒီအပေါ်မှာသုံးသပ် ပေးပါဦး။
ဖြေ။ ။အခုအချိန်က ငလျင်တစ်ခေတ်ဆန်းသစ်တယ် လို့ ပြောလို့ရတယ်။၂ဝ၁၁ ခုနှစ်မှာ တာလေငလျင်လှုပ်တယ်။ လူသေတယ်။ အဆောက်အအုံတွေ ပျက်စီးတယ်။ ၂ဝ၁၂ ခုနှစ်မှာ သပိတ်ကျင်းငလျင်လှုပ်တယ်။ လူသေတယ်။ ဘုရားပုထိုးစေတီတွေပျက်စီးတယ်။ အိမ်တွေပျက်စီးတယ်။ ၂ဝ၁၃-၂ဝ၁၄ မှာလည်း လှုပ်ခဲ့တယ်။ အဲဒီတုန်းကလှုပ်ခဲ့တဲ့ ငလျင်က ငလျင်ဗဟို ရှိတဲ့နေရာလောက်ပဲ ခံစားရတယ်။ တခြားနေရာကလူတွေမခံစားရတော့ သိပ်သတိမထားမိကြ ဘူး။ ၂ဝ၁၅-၂ဝ၁၆ မှာလည်း ငလျင်တွေလှုပ်လာတယ်။ ငလျင်က တစ်ခါတစ်ခါတစ်ကျော့ပြန်လာတယ်။ ၁၉၂၉ ခုနှစ်ကနေ ၁၉၃၁ ခုနှစ်အထိ ငလျင်တွေဆက်တိုက်လှုပ်ခဲ့ဖူး တယ်။ လှုပ်တဲ့ပမာဏတွေ ကြည့်ရင်လည်း ၇ ဒသမ သုည၊ ၇ ဒသမ ၃၊ ၇ ဒသမ ၆ ရစ်ခ်ျတာစကေး ရှိတဲ့ငလျင်ကြီး တွေလှုပ်ခဲ့ဖူးတယ်။ အဲဒီတုန်းကလည်း ဘုရားပုထိုးစေတီတွေ ပျက်စီးခဲ့တယ်။ လူအသေအပျောက်တွေရှိခဲ့တယ်။ အဲဒီနောက်ပိုင်း ငလျင်သိပ် မလှုပ်တော့ လူတွေမေ့သွားတယ်။ အခုပြန်ပြီးလှုပ်လာတယ်ဆိုတော့ ငလျင် တစ်ခေတ် ဆန်းသစ်တယ်လို့ပြောလို့ရတယ်။
မေး။ ။အခုလှုပ်တဲ့ငလျင်ကြီးက ထိုးစိုက်ဇုန်က လှုပ်တယ် ဆိုတော့ ပြတ်ရွေ့တွေကရော ငလျင်တွေလှုပ်ဖို့ရှိပါသလား။
ဖြေ။ ။စစ်ကိုင်းပြတ်ရွေ့ရှိတယ်။ စစ်ကိုင်းပြတ်ရွေ့မှာ လည်း ၁၉၃ဝ ကလှုပ်ဖူးတဲ့ ပဲခူးငလျင်၊ ဖြူးငလျင်ရှိတယ်။ ငလျင်ကသက်တမ်း ၁ဝဝ လည်းရှိတယ်။ ၁၆ဝ လည်း ရှိတယ်။ တစ်ကျော့ပြန်လှုပ်တယ်။ အဲဒီလိုလှုပ်ဖို့ဆိုရင် လှုပ်ဖို့အချိန် နီးလာတယ်။ စစ်ကိုင်းပြတ်ရွေ့မှာလည်း လှုပ်ဖို့ရှိတယ်။ ကျောက်တန်းပြတ်ရွေ့ ကလည်း ၈ ဒသမ သုည ရစ်ခ်ျတာစကေးရှိတဲ့ငလျင်ကြီးက ၁၉၁၂ ခုနှစ်က လှုပ်သွားဖူးတယ်။ ပြန်တွက်ရင် နှစ် ၁ဝဝ ကျော်သွားပြီ။ ဒါကလည်း တစ်ကျော့ပြန်လှုပ်ဖို့ နီးလာတယ်။ ဘယ်ပြတ် ရွေ့က ဘယ်နေရာကနေ ဘယ်လောက်ပမာဏလှုပ်မယ် ဆိုတာ ကြိုတင်ခန့်မှန်းလို့မရဘူး။
မေး။ ။ငလျင်နဲ့ပတ်သက်ပြီးဖြည့်စွက်ပြောကြားစရာ ရှိရင် ပြောကြားပေးပါ။
ဖြေ။ ။ငလျင်က ကြိုတင်ခန့်မှန်းလို့မရဘူး။ တစ်ချိန်ချိန်မှာတော့ ကြိုတင်ခန့်မှန်းနိုင် တာတွေဖြစ်လာနိုင်ပါတယ်။ ငလျင်ဆိုတဲ့ဘေးကလွတ်ကင်းအောင် နိုင်ငံတကာ ပညာရှင်တွေကလည်း သုတေသနလုပ်ငန်းတွေကိုအမြဲမပြတ်ဆောင် ရွက်နေ တယ်။ မုန်တိုင်းက ကြိုတင်ခန့်မှန်းလို့ ရတယ်။ ငလျင်က မြေအောက် ကလာတဲ့ ဘေးဖြစ်တဲ့ အတွက်ခန့်မှန်းလို့လည်းမရဘူး။ ရှောင်လို့လည်း မရဘူး။ ဖြစ်တယ်ဆိုတာနဲ့ လူအသေအပျောက် အပျက်အစီးများ တယ်။ ဆူနာမီတက်လာလို့ သေတာကတစ်မျိုး၊ တိုက်ပြို လို့သေတာက တစ်မျိုးပေါ့။ နိုင် ငံတော်ရဲ့ စီးပွားရေးကို လည်းပျက်စီးတယ်။ ထိခိုက်ပျက်စီးမှုများတဲ့အတွက် ပညာ ရှင်တွေကလည်း တစိုက်မတ်မတ်လုပ်နေကြတယ်။ ပြည်သူ တွေအနေနဲ့လည်း ငလျင်နဲ့ပတ်သက်ပြီး မီဒီယာတွေမှာရေးသားဖော်ပြတာတွေကို ဖတ်စေချင်တယ်။ ပညာရှင်တွေ ဟောပြောတာတွေကိုနားထောင်စေချင်တယ်။ ဒါမှ ကိုယ် ဘာလုပ်ရမယ်ဆိုတာ သိမယ်။ ဒါကတစ်ဦးချင်းနဲ့လည်း ဆိုင်သလို တစ်နိုင်ငံလုံးနဲ့လည်းဆိုင်တယ်။
တွေ့ဆုံမေးမြန်း - မင်းသစ်(သတင်းစဉ်)
ဓာတ်ပုံ - ဇော်မင်းလတ်

No comments:
Post a Comment