Tuesday, June 28, 2016

အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ရရှိခဲ့သည့် မိခင်များကို ကလေးမွေးဖွားပေးနိုင်ရန် အခမဲ့ကူညီပေးမည်

The Ladies News Journal

မတော်တဆ မှားယွင်းမှုကြောင့် ကိုယ်ဝန်ရရှိခဲ့သည့် မိန်းကလေးများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ရရှိ ခဲ့သည့် မိန်းကလေးများ ကလေးမွေးဖွားနိုင်ရန်အတွက် အခမဲ့ကူညီ ပေးသွားမည်ဖြစ်ကြောင်း For Mommy-မာမီကွတ် (ကလေးငယ်များအတွက် အစားအစာချက်ပြုတ်နည်း Facebook Page) တည်ထောင်သူ ဒေါ်ငြိမ်းမဟော်ထံမှ သိရှိရသည်။
“ပတ်ဝန်းကျင်း အသိုင်းအဝိုင်းတချို့ရှိတယ်။ မတော်တဆ ကိုယ်ဝန်ရှိတာတွေ ရှိတယ်။ အခက်အခဲတွေ ရှိတယ်။ အဲ့အချိန် အရမ်းမျက်နှာငယ်ရတယ်။
ယောင်္ကျားကလည်း တာဝန်မယူဘူး။ အဲလိုအခက်အခဲတွေ ကြုံနေတာတွေ ကြားနေရတယ်။
အဲအခါကျတော့ ကူညီနိုင်တဲ့ဘက်ကနေ ကူညီချင်တာကြောင့်ပါ” ဟု ဒေါ်ငြိမ်းမဟော်က ပြောသည်။

ထို့အပြင် ကိုယ်ဝန်ဆောင်ကာလ စားဝတ်နေရေး အခက်အခဲများ၊ ဇာတ်မြုပ်မွေးချင်သူများအတွက် နေစရာစီစဉ်ပေးခြင်း၊ ကလေးမွေးဖွားမှုနှင့် ပတ်သက်ပြီး လျှို့ဝှက်ထားပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်သောကြောင့် ကိုယ်ဝန်ဆောင်သည် အမျိုးသမီး မည်သူမဆို လာရောက် အကူညီတောင်းခံနိုင်ကြောင်း ဒေါ်ငြိမ်းမဟော်က ပြောသည်။
“ကလေးရှိသွားရင် တစ်ယောက်ချင်းလိုက် ကူညီပေးပါတယ်။ ဇာတ်မြုပ်ပြီး မွေးပေးဆိုလည်း လိုက်မွေးပေးပါမယ်။ နေစရိတ်၊ စားစရိတ်ပါ ပြည်ပြည့်စုံစုံနဲ့ စိတ်ချမ်းသာစွာ မွေးပါ။ ပြီးရင် သူတာဝန်မယူနိုင်ဘူးဆိုလည်း ကလေးကို ဆက်လက်ပြုစု ပျိုးထောင်တဲ့နေရာမှာ ထားပေးပါမယ်။ မိန်းကလေးအချင်းချင်း ညှိနှိုင်းဆွေးနွေးပြီး လုပ်ပေးပါမယ်” ဟု ဒေါ်ငြိမ်းမဟော်ကပြောသည်။
ယင်းသို့ အခက်အခဲရှိနေသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ အနေဖြင့် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ ဗဟိုလမ်း၊ အမှတ် ၁၄၇ ဖုန်းနံပါတ် ၀၉ ၇၇၇ ၄၃၈ ၁၆၁ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။
“အမျိုးသမီး အချင်းချင်း အခုလိုကူညီပေးတာတွေ ရှိတာတွေ့ရတော့ ဝမ်းသာမိပါတယ်။ ကလေးဖျက်ချပြီး သေဆုံးတာတွေ၊ ကလေးမွေးပြီး စွန့်ပစ်တာတွေလည်း နည်းလာမယ်လို့ မြင်ပါတယ်။ တစ်ခုတော့ရှိတယ်။ ဒါက လက်မထပ်ဘဲ အတူနေတာကို အားပေးရာရောက်သလို ဖြစ်လားလို့ စဉ်းစားစရာဖြစ်တယ်” ဟု ရန်ကင်းမြို့နယ်တွင် နေထိုင်သူ ဒေါ်သီတာဦးက ပြောသည်။
အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များကို For Mommy -မာမီကွတ် (ကလေးငယ်အများအတွက် အစားအစာချက် ပြုတ်နည်း) Facbook page မှ တစ်ဆင့် အကူအညီတောင်းခံမှုကို ၂၀၁၅ ခုနှစ်မှ စတင်လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးအယောက် ၅၀ ဝန်းကျင်ကို ကူညီပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
MMK
The Ladies News

No comments:

Post a Comment