Paragonia
တစ်ခါက တိုင်းပြည်တစ်ပြည်မှာ ပန်းချီဆွဲအင်မတန် ဝါသနာ ပါတဲ့
လူငယ်လေးတစ်ယောက်ရှိသတဲ့။ သူဟာ နေ့နေ့ညည ပန်းချီဆွဲရင်း တစ်ရက်တော့
သူ့ရဲ့အနုပညာကို လူတွေ ဘယ်လို မြင်တယိဆိုတာ သိချင်တော့ မနက်စောစော
မြို့လည်မှာ သူ့ရဲ့ အကောင်းဆုံး လက်ရာပန်းချီတစ်ချပ်ကို ချထားပြီး ဘေးမှာ
စုတ်တံရယ် ပုံအောက်မှာ
"ဒီပုံမှာ လိုအပ်တဲ့ နေရာ/မလှတဲ့ အရာကို အဝိုင်းနဲ့ ဝိုင်းခဲ့ပါ"
ဆိုပြီး ရေးထားခဲ့သတဲ့။
ညနေ နေစောင်းတော့ သိလိုစိတ်ပြင်းပြစွာနဲ့ သူ့ပန်းချီကားလေးကို အပြေးသွားကြည့်တော့ သူလုံးဝ မထင်မှတ်ထားတဲ့ အရာကို မြင်လိုက်ရတယ်။ ပန်းချီကားတစ်ချပ်လုံး ရစရာမရှိအောင် အဝိုင်းတွေနဲ့ ပြည့်နေတော့တာပေါ့။ မူရင်းပုံတောင် မမြင်ရတော့ဖူး။ လူငယ်လေးခမျာလည်း အင်မတန် ဝမ်းနည်းသွားပြီး သူ့မှာ ပန်းချီဆွဲဖို့ အရည်အချင်းမရှိဖူး လို့ ယုံကြည်သွားတော့တယ်။
ကောင်လေး ပန်းချီ လုံးဝ မဆွဲတော့ဘဲ မှိုင်နေတာကို ဖခင်ဖြစ်သူက မြင်တော့ ရက်အနည်းငယ်ကြာတော့ ဖခင်လည်း "သားဘာဖြစ်လို့ ပန်းချီမဆွဲတော့သလဲ" မေးတော့တာပေါ့။ ဒီတော့ လူငယ်လေးလည်းဖြစ်ကြောင်း ကုန်စင် ပြောပြတော့ စကားအဆုံးမှာ ဖခင်က အတန်ကြာ တိတ်ဆိတ်သွားပြီး ဖြေးညင်းတဲ့ အသံနဲ့ သားဖြစ်သူကို ပြောတယ်။
"ငါ့သား… အဖေ့ကို တစ်ခု လုပ်ပေးကွာ။
မင်းအဲ့နေ့က ဆွဲခဲ့တဲ့ ပုံနဲ့ တစ်ပုံစံတည်း တစ်ပုံ အဖေ့ကို ပြန်ဆွဲပေး။"
လူငယ်လေးလည်း ဖခင်အတွက်မို့ ကြိုးစားပန်စား ယခင်ပုံနဲ့ လုံးဝ ပုံတူ ပန်းချီကားလေးကို ဆွဲပေးတယ်။ ပန်းချီကားရတဲ့ မနက်စောစောမှာ သူ့ဖခင်ဟာ မြို့လည်ကို ပန်းချီကားရယ် မှင်တံရယ်ကို ယူပြီး ထွက်သွားတယ်။ ထိုပန်းချီကားကို လူငယ်လေးချထားတဲ့ နေရာမှာ ချခဲ့ပြီး ပန်းချီကားအောက်မှာ စာတစ်ကြောင်းရေးပြီး အိမ်ပြန်ခဲ့လေတယ်။
ညနေစောင်းတော့ ဖခင်က သူ့သားကို ပန်းချီကား ပြန်သွားယူဖို့ ပြောတော့ လူငယ်လေးလည်း နောက်ထပ် ဝမ်းနည်းရမှာမို့ မသွားချင်ပေမယ့် ဖခင်က တောင်းဆိုလာတာကြောင့် အရဲစွန့်သွားခဲ့တယ်။
ပန်းချီကားကို မဝံ့မရဲ ကြည့်တဲ့အခါ ဘာပြစ်ချက်မှ မရှိ ပကတိ မူလအတိုင်း မြင်လိုက်ရတာကြောင့် လူငယ်လေး အင်မတန် အံ့သြဝမ်းသာ ဖြစ်ရတယ်။ ပန်းချီကား အောက်မှာ ရေးထားတဲ့ စာလေးက
"ဒီပန်းချီကားမှာ လိုအပ်နေတဲ့နေရာ/မှားနေတဲ့အရာကို ပြန်လည်ပြုပြင် ဆွဲပေးကြပါ။"
လို့ ရေးထားသတဲ့။ လူငယ်လေးလည်း ရွှင်လန်း ဝမ်းမြောက်တဲ့ စိတ်နဲ့ အိမ်ကို ပြန်လာတော့ ဖခင်က အပြုံးနဲ့ ဆီးကြိုနေပြီး ပြောပြတယ်
"သားငယ်… ဘဝမှာ သူတစ်ပါးအပေါ် အပြစ်ရှာဖို့ ဝေဖန်ဖို့ ဆိုတာ လွယ်ကူလှပါတယ်။ ပြုပြင်ပေးနိုင်မယ့် သူတွေတော့ ရှားလှတယ်။ဒါကြောင့် ဝေဖန်မှု့ကြုံတိုင်း ဘဝကို အရှုံးမပေးလိုက်ပါနဲ့။ရှေ့ဆက်ကြိုးစားရင်း တိုက်ပွဲဝင်စမ်းပါ။"
စကားအပြီး ဖခင်က သူ့သားငယ်ကို ကြင်နာစွာ ထွေးပွေ့ထားလိုက်ပါတယ်။

No comments:
Post a Comment