Saturday, May 28, 2016

ပို့ပေးတဲ့ပန်းစည်းလေး ဒီနေ့ပဲ လက်ခံရရှိပါတယ်ရှင်။


ယူဆ

ပို့ပေးတဲ့ပန်းစည်းလေး ဒီနေ့ လက်ခံရရှိပါတယ်ရှင်။
ဒီနေ့က ကျွန်မမွေးနေ့လည်းမဟုတ်သလို တခြား ထွေထွေထူးထူး အမှတ်တရနေ့မျိုးလည်း မဟုတ်ပါဘူး။
မနေ့ညက ကျွန်မတို့လင်မယား ပထမဆုံးအကြိမ် ရန်ဖြစ်ကြတယ်လေ။
ကျွန်မရင်ကို တစစ်စစ်နာကျဉ်စေမယ့် ရက်စက်ကြမ်းကြုတ်တဲ့ စကားလုံး အသုံးအနှုန်းတွေနဲ့ပေါ့။
သူပြောခဲ့သမျှအတွက် သူနောင်တရနေမှာ ကျွန်မ အသေအချာသိနေတာပေါ့ရှင်။
ဘာ့ကြောင့်လဲဆိုတော့ ကလေးတွေအဖေက ကျွန်မကို ပန်းစည်းလေးပို့ပေးခဲ့တယ်လေ။


ပို့ပေးတဲ့ ပန်းစည်းလေး ဒီနေ့ လက်ခံရရှိပါတယ်ရှင်။
ဒီနေ့က ကျွန်မတို့ရဲ့ နှစ်ပတ်လည်နေ့မဟုတ်သလို တခြား ထွေထွေထူးထူး အမှတ်တရနေ့မျိုးလည်း မဟုတ်ရပါဘူး။
မနေ့ညက သူ ကျွန်မကို အသက်ရှုရပ်သွားလောက်တဲ့အထိ ရိုက်နှက်နှိပ်စက်ခဲ့တယ်လေ။
ဖြစ်ပျက်ခဲ့သမျှက ကျွန်မအတွက်တော့ အိမ်မက်ဆိုးတစ်ခုလိုပဲ။ခုချိန်ထိကို မယုံကြည်နိုင်သေးဘူး။
မနက်မိုးလင်းတော့
ဒဏ်ရာ ဒဏ်ချက်တွေ ၊ သွေးခြည်ဥတွေဆိုတာ တကိုယ်လုံး အနှံ့အပြားပေါ့။
သူလုပ်ခဲ့သမျှအတွက် သူနောင်တရနေမှာ ကျွန်မ အသေအချာသိနေတာပေါ့ရှင်။
ဘာ့ကြောင့်လဲဆိုတော့
ကလေးတွေအဖေက ကျွန်မကို ပန်းစည်းလေးပို့ပေးခဲ့တယ်လေ။
ပို့ပေးတဲ့ ပန်းစည်းလေး ဒီနေ့ လက်ခံရရှိပါတယ်ရှင်။ ဒီနေ့က အမေများနေ့မဟုတ်သလို ၊ တခြား ထွေထွေထူးထူး အမှတ်တရနေ့မျိုးလည်း မဟုတ်ပါဘူး။
မနေ့ညက သူ ကျွန်မကို ထပ်ရိုက်ပြန်တယ်ရှင်။
ဒီတကြိမ်တော့ ခါတိုင်းထက် တော်တော်ဆိုးတယ်ရှင့်။
ကျွန်မ သူ့ကို ထားခဲ့ဖို့လား ? ? ? ?
ဒါဆို ကျွန်မ ဘာသွားလုပ်စားရမလဲ ? ? ? ?
ကျွန်မကလေးတွေကို ဘယ်လိုစောင့်ရှောက်နိုင်မှာလဲ ? ? ? ?
ဘယ်မလဲ ပိုက်ဆံ? ? ? ?
ကျွန်မ သူ့ကိုကြောက်တယ်။
မထားခဲ့နိုင်လောက်အောင်ကို ကြောက်တယ်။
ဒါပေမယ့်. . . . .
သူအရမ်းဝမ်းနည်း နောင်တရနေမှာ ကျွန်မ အသေအချာ သိနေတာပေါ့ရှင်။
ကလေးတွေအဖေက ကျွန်မကို ပန်းစည်းလေး ပို့ပေးတယ်လေ။
ဒီနေ့တော့ ခါတိုင်းထက်ပိုများတဲ့ ပန်းစည်းလေးတွေ လက်ခံရရှိခဲ့ပါတယ်ရှင်။
တကယ့်ကို အမှတ်ရစရာ နေ့လေးတစ်နေ့ပေါ့။
ဒီနေ့က
ကျွန်မ အလောင်း မြေကျတဲ့နေ့လေ။
မနေ့ညက
သူ့ရဲ့ ရိုက်နှက်နှိပ်စက်မူ့တွေကြောင့်ပဲ ကျွန်မ သေဆုံးသွားခဲ့ပါတယ်။
တကယ်လို့များ
ကျွန်မမှာ သူ့ကို စွန့်ခွာထားရစ်ခဲ့ဖို့ ခွန်အားများလုံလုံလောက်လောက် ရှိနေခဲ့ရင်. . . . .
ဒီနေ့လိုမျိုး
များပြားလှတဲ့ပန်းစည်းလေးတွေ လက်ခံလိုက်ရတဲ့ အဖြစ်မျိုး ကြုံရမှာ မဟုတ်ပါဘူး။
ပုရိသစစ်စစ်တွေဆိုရင်
ထပ်မနှိပ်စက်ပါတော့နဲ့ရှင်။
‪#‎အိမ်တွင်းအကြမ်းဖက်မူ့_ရပ်‬
Doc Wisdom ၏ I Got Flowers Today ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
‪#‎Credit‬

No comments:

Post a Comment