Wednesday, May 11, 2016

မေတ္တာပန်းခြံ

Tin Nyunt

နော်ဝေနိုင်ငံ၊ ဖရိုလန်းမြို့လယ်မှာရှိတဲ့ ပန်းခြံကို ဒေါ်အောင်ဆန်းစုကြည်ပန်းခြံလို့ အမည်ပေးလိုက်ပြီတဲ့ဗျ။ အရင်က Froland Park လို့ သူတို့နိုင်ငံမှာ ခေါ်ကြပေ မယ့် မေလ ၁၄ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပန်းခြံလို့ ခေါ်တွင်စေဆိုပြီး တရားဝင်ပွဲတွေလုပ်မှာပါ။ မြို့တော်ဝန်ကိုယ်တိုင်က ဂုဏ်ပြုပြီးတော့ကို အမည်ပေး လွှဲပြောင်းမှုကို လုပ်မယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ကတော့ ဂုဏ်ယူစရာပဲ။ နှစ်ပေါင်း ၅၀ ကျော် တိုင်းပြည်ကို စိုးမိုးအုပ်ချုပ်သွားတဲ့ စစ်အာဏာရှင်တွေ ဗိုလ်နေဝင်း၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ … အလို ဒီလူတွေကို ဘာဖြစ်လို့များ သူတို့ အမည်တွေနဲ့ ဂုဏ်မပြုကြတာလဲဗျာ။

ရက်ပေါင်း ၁၀၀ တောင်မပြည့်သေးပေမယ့် နှစ်ပေါင်းများစွာ အနစ်နာခံပြီး မြန်မာပြည်ကြီးကို ကယ်တင်ခဲ့တဲ့ သူနဲ့ နှစ်ပေါင်းများစွာ ငါ့သား … ငါ့မယား … ငါ့သမီး … ငါ့ဆွေ … ငါ့အမျိုး … ငါ့အုပ်စု … ငါ့အကျိုး လုပ်သွား သူတွေနဲ့ ဘယ်သူက ပြည်သူ့အတွက် ဆောင်ရွက်တဲ့သူဆိုတာ အရှင်းသားပေါ်လာပါရောလား။
နော်ဝေက ဖရိုလန်းပန်းခြံကို ဇွန်လ ၁၉ ရက်နေ့မှာ ဒေါ်အောင်ဆန်း စုကြည် မွေးနေ့အမှတ်တရဆိုပြီး ပန်းခြံဖွင့်ပွဲကိုလည်း လုပ်ကြလိမ့်ဦးမယ်။ အဲဒီပန်းခြံထဲမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကြေးရုပ်တုပုံတူကို ထားဖို့လည်း ဆောင်ရွက်နေကြပါတယ်။
အဲဒီ ဖရိုလန်းပန်းခြံကြီးဟာ စတုရန်းမီတာ ၂၀၀၀ ကျော် ကျယ်ပါတယ်။ နှစ်ပေါင်း ၃၀၀ ကျော် သက်တမ်းရှိပြီ။ ခုမှ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံလို့ အမည်ပြောင်းလိုက်တာကို သူတို့နိုင်ငံသူ နိုင်ငံသား မည်သူကမှ ကန့်ကွက်ခြင်း မလုပ်တာတွေကလည်း ထူးခြားတာပဲဗျ။
ဒီသတင်းက ဖတ်ပြီး လက်ဖက်ရည်ကို အရသာခံနေတုန်း ဘေးနားက ဝိုင်းက
“ငါတို့တိုင်းပြည်မှာလည်း … ဒေါ်အောင်ဆန်းစုကြည်အတွက် တစ်ခုခု လုပ်ပေးဖို့ သတိမေ့နေသလား မသိဘူး” လို့ပြောလိုက်တယ်။ အဲဒီအချိန်မှာ ချာတိတ်တစ်ယောက်က
“မလုပ်ပါနဲ့ကွာ အမေကလည်း ဒါမျိုးတွေ ကြိုက်မှာ မဟုတ်ပါဘူး။ အဲဒီလိုသာ လုပ်မယ်လို့ ပြောလိုက်ကြည့် ပါလား … လွှတ်တော်ထဲ အားအားရှိ မတ်တပ်ရပ်နေတဲ့ကောင်တွေက ထိုင်တော့မှာတောင် မဟုတ်ဘူး။ မင်းကြည့်နေ ဟိုအမတ်ပြုတ်တွေက ပိုဆိုးမယ်။ ထွက်လိုက်မယ့်လမ်းပေါ်။ နဂိုက ကားကျပ်လို့ စိတ်ညစ်နေရ တာ။ ခုမှ သာကေတကနေ လမ်းလျှောက်ပြီး မြို့ထဲကို အလုပ်ဆင်းရတဲ့ ဘဝရောက်သွားမယ်” လို့ပြောလိုက် တယ်။ ချာတိတ်လေးက စစ်ကူတောင်းတဲ့ အနေနဲ့
“ဆရာကြီးဘယ်လိုလဲ …” လို့ ကျွန်တော့်ကို မေးထိုးပြီး ပြောလိုက်တယ်။ ကျွန်တော်ကလည်း မနေနိုင် မထိုင်နိုင်
“ခင်ဗျားတို့ကလည်း ဟိုက စတုရန်းမီတာ ၂၀၀၀ လောက်ကျယ်တဲ့ ပန်းခြံလောက်နဲ့ ဂုဏ်ပြုတာ။ ကျုပ်တို့ ပြည်သူတွေက စတုရန်း ၂၆၁၂၂၇ မိုင် သူ့ကို ပေးအပ်ပြီး နိုင်ငံတော်ရဲ့ အကြီးဆုံးဂုဏ်ကို ဆောင်ခိုင်းထား တာ။ ပြည်သူတွေရဲ့ ရင်ထဲက ဧရိယာတွေ ပေါင်းလိုက်ရင် ဒီ့ထက်ပိုကျယ်သေးတယ်။ လူဦးရေ ၅၁ သန်းပဲထား။ ရင်ဘတ်တစ်ခုရဲ့ အကျယ်က ၆ လက်မပဲ ပျမ်းမျှထား … အဲဒီ ၆ လက်မမှာ တစ်သန်းလောက်နှုတ်လိုက်ဦး … သန်း ၅၀ နဲ့ မြှောက်ကြည့်။ ဘယ်လောက်တောင်ကျယ်တဲ့ ပန်းခြံကြီးနဲ့ ဂုဏ်ပြုထားသလဲဆိုတာ … ကျုပ်တို့ ဂုဏ်ပြုပြီးပါပြီဗျ” လို့ပြောလိုက်တယ်။
“ဟုတ်ပါ့ဗျာ … ပြည်သူ့မေတ္တာပန်းခြံက နည်းနည်းနောနောမှ မဟုတ်တာ”
၁၁.၅.၂၀၁၆

No comments:

Post a Comment