Jessica MozartFollow
ကလေးတွေကို ရိုက်ပြီးဆုံးမတာဟာ မိဘကော သားသမီးတွေဆီမှာ negative အကျိုးဆက်တွေအများကြီးရှိတယ်လို့ www.psychologytoday.com မှာ Dr Denise Cummins က ရေးထားတယ်။
ကလေးတွေကို ရိုက်ပြီးဆုံးမတတ်တဲ့သူတွေအနေနဲ့ သိရမယ့် အချက်ကလေးတွေရှိပါတယ်။

၁ - ကိုယ့်မိဘတွေတုန်းက ရိုက်ပြီးဆုံးမတဲ့အကျင့်ရှိခဲ့ရင် အဲဒီအကျင့်ကို
ကိုယ်က လိုက်လုပ်စရာမလိုပါဘူး။
ကိုယ့်မိဘတွေတုန်းက မှန်တယ်လို့ယူဆခဲ့မိတာတွေက အခုလက်ရှိမှာ လက်မခံတော့တာတွေ အများကြီးဖြစ်နေပါပြီ။ မိဘကိုရိုသေချစ်ခင်ပါ။ ဒါပေမယ့် သူတို့လုပ်ခဲ့တဲ့အတိုင်း အရာအားလုံးကို တပုံစံထဲလိုက်လုပ်စရာမလိုပါဘူး။
၂ - မိဘတွေဟာ ကလေးတွေထက် ပိုပြီးသန်မာကြတယ်။ ဦးနှောက်ကလဲ ပြည့်ပြည့်ဝဝဖွံ့ဖြိုးနေပြီဆိုတော့ မိမိကိုယ်ကို ပိုပြီးထိန်းချုပ်နိုင်စွမ်းရှိကြပါတယ်။ ကိုယ့်စကားနားမထောင်လို့၊ ကိုယ်စိတ်တိုင်းမကျလို့ ကိုယ့်ထက် ခွန်အားနည်းတဲ့သူကိုရိုက်ခြင်းဟာ "မိမိထက် အားနည်းတဲ့သူကို ရိုက်လို့ရတယ်" လို့ သင်ပေးရာလဲ ကျပါသတဲ့။ အရိုက်ခံရတဲ့ကလေးဟာ ကျောင်းမှာ ကိုယ့်ထက်ငယ်တဲ့ကလေးကို ရိုက်တတ်တဲ့ကလေးတစ်ယောက်ဖြစ်လာရင်၊ မိန်းမရရင် မိန်းမကိုရိုက်တတ်တဲ့ယောက်ျားဖြစ်လာရင်၊ သူ့သားသမီးတွေကျရင်လဲ ရိုက်တတ်တဲ့သူဖြစ်လာရင် မအံ့သြပါနဲ့လို့ဆိုပါတယ်။
၃ - ဘယ်လောက်ပဲဆုံးမပါတယ်ပြောပါစေ ကိုယ့်ကလေးကိုရိုက်တဲ့အခါ ဒေါသပါတတ်ပါတယ်။ ကိုယ်ပင်ပန်းပြီး စိတ်ရှုပ်စိတ်တိုနေတဲ့အခါ ကိုယ့်ကလေးကပေးတဲ့တော်ရုံပြဿနာလေးကိုတောင် စိတ်မရှည်တော့ပါဘူး။ ကိုယ့်ကို အာရုံနောက်အောင်လာလုပ်နေတဲ့ကလေးလေးကို ရိုက်ပြီးရင် ကိုယ့်စိတ်ကပေါ့သွားသလို ခံစားရတတ်တယ်။ အဲဒီလိုခံစားရတာကို မသိစိတ်က သဘောကျလို့ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်းမရှိတဲ့ကလေးကို ထပ်ထပ်ပြီး ရိုက်မိလာတယ်။
၎ - ကလေးတွေကို ရိုက်တာက ကလေးလက်ရှိလုပ်နေတဲ့အပြစ်တော့ ဆက်လုပ်ချင်မှ လုပ်တော့မယ်၊ ရေရှည်မှာ မိဘနဲ့သားသမီးဆက်ဆံရေးကို ထိခိုက်တတ်တယ်။ တကယ်တော့ ကလေးတွေဟာ အရိုက်ခံရလေ ကြီးလာရင်ပိုထိန်းရခက်လေ ဖြစ်လာတယ်။ သုတေသနတွေတော်တော်များများမှာလဲ အရိုက်ခံရတဲ့ကလေးအများစုဟာ ကြီးလာတဲ့အခါ မိဘတွေ၊ သက်ဆိုင်ရာအာဏာပိုင်တွေကို ကလန်ကဆန်လုပ်တတ်တဲ့သူဖြစ်လာတယ်လို့ သိရတယ်။ အရိုက်ခံရလေ အမိန့်မနာခံလေ၊ အရိုက်ခံရလေ မိဘနဲ့အဆင်မပြေလေ၊ အရိုက်ခံရလေ စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိလေဖြစ်တယ်။ ကလေးကိုဆုံးမတဲ့အခါ (အပြစ်ပေးတဲ့အခါ) သူ့အသက်အရွယ်နဲ့သင့်တော်တဲ့ အပြစ်ပေးနည်းမျိုးကို သင့်တော်တဲ့အချိန်မှာ လုပ်ရမယ်။ မိဘက ဒေါသကြီးတတ်ရင်၊ ခြေမြန်လက်မြန်ရှိတတ်ရင် ကလေးကို ရိုက်ပြီးဆုံးမတာ မလုပ်ဖို့ လုံးဝဆုံးဖြတ်ထားသင့်ပါတယ်။ အန္တရာယ်ရှိလို့ပါ။
တရက်က အသက် ၅ နှစ်အရွယ်ကလေးတစ်ယောက်နဲ့ သူ့အဖေ စက်ဘီးစီးနေကြတယ်။ ကလေးက စက်ဘီးစီးရင်း စက်ဘီးပေါ်မှာပဲ သေချာအာရုံမထားပဲ တချိန်လုံးပဲ လမ်းမှာရှိသမျှ အကုန်လျှောက်ကြည့်နေတော့ သူစက်ဘီးမှောက်မှာ ကားနဲ့ခိုက်မိမှာစိုးတဲ့အဖေက အရမ်းစိတ်တိုလာပြီး ကလေးကို စက်ဘီးပေါ်ကချ၊ တင်ပါးကို ခပ်ကြမ်းကြမ်းရိုက်ထည့်လိုက်တယ်။ ပါးစပ်ကလဲ "မင်းလုပ်နေတာ အရမ်းအန္တရာယ်များတယ်၊ မင်းသေသွားနိုင်တယ်၊ သိလား!? လမ်းကိုသေချာကြည့်လေ" ဆိုပြီး အော်ငေါက်တယ်။ သူ့အဖေဘယ်နေရာမှာ မှားသွားသလဲဆိုတော့ ဒီကလေးလေးဟာ သူမြင်သမျှစိတ်ဝင်စားစရာတွေကို အာရုံထဲမထည့်ပဲ သူ့စက်ဘီးကိုပဲသူဖြောင့်ဖြောင့်စီးဖို့ သူ့ကိုယ်သူ control မလုပ်တတ်သေးဘူးဆိုတာ နားမလည်ဘူး။ သူ့ဦးနှောက်က အဲဒါကိုနားလည်လောက်အောင် ထိန်းချုပ်နိုင်လောက်အောင် မဖွံ့ဖြိုးသေးဘူး။ သူနားမလည်တာတစ်ခုအတွက်၊ သူမလုပ်နိုင်သေးတဲ့အရာတစ်ခုအတွက် သူအရိုက်ခံလိုက်ရတယ်။ တကယ်တော့ ဒီအရွယ်ဟာ သူ့စက်ဘီးကိုသူ့ဘာသာသူ မစီးသင့်သေးဘူးပေါ့။ ကလေးရဲ့ဦးနှောက်ကလေးက လူကြီးတွေလို အပြည့်အဝမဖွံ့ဖြိုးသေးတဲ့အခါ အရာအားလုံးကို ကိုယ်နားလည်သလို သူနားမလည်နိုင်သေးဘူးဆိုတာ သတိရပါ။
၅ - ကလေးလိမ္မာဖို့အတွက် ရိုက်တာထက် ပိုကောင်းတဲ့နည်းလမ်းတွေ ရှိပါတယ်။ မိဘအနေနဲ့ ကလေးကို ရိုက်ချင်တာထက် ဆုံးမပဲ့ပြင်ပုံသွင်းချင်တာက ပိုများမယ်လို့ပဲ ထင်ပါတယ်။ ကလေးတစ်ယောက်အတွက်က မိဘဒေါသထွက်နေတာ မြင်ရတာနဲ့တင် တော်တော်ကြောက်နေပါပြီ။ အဲဒီအကြောက်တရားအပြင် ထပ်ပြီး လက်ပါစရာမလိုပါဘူး။
သား/သမီး ဒါလုပ်ရင် ဒဏ်ပေးခံရမယ် (ဥပမာ တပတ်လောက် မုန့်ဖိုးမရတာမျိုး)၊ ဒါလုပ်ရင်တော့ ဆုရမယ်။ ကြိုက်တာလုပ်ဆိုတာမျိုး ရှင်းရှင်းလင်းလင်းပြောပြထားသင့်ပါတယ်။ အဲဒါမှ ကလေးတွေကိုယ်တိုင်လဲ သူတို့ကိုယ်သူတို့ ထိန်းချုပ်တတ်လာမယ်၊ စဉ်းစားဆင်ခြင်တတ်လာမယ်။
(အရင်ပိုစ့်မှာ မေးကြတဲ့သူတွေရှိလို့ ကမန်းကတမ်း ဘာသာပြန်ပြီးတင်ပေးတာပါ။ အချိန်မရလို့ရယ်၊ တချို့စာကြောင်းတွေ မြန်မာနိုင်ငံနဲ့မကိုက်လို့ရယ် နည်းနည်းချန်ခဲ့ပါတယ်။ အတိအကျဖတ်ချင်ရင် http://www.psychologytoday.com မှာ ဖတ်ပါ။)
WHAT HAPPENS WHEN YOU HIT YOUR KIDS: Fifty years of research involving over 160,000 children shows unequivocally that spanking is not only ineffective as a form of discipline, but is detrimental to the mental health of children and adults.
Jessica Mozart (A Cool Mom) ဘာသာပြန်သည်။

No comments:
Post a Comment