Friday, April 15, 2016

၂၀၀၈ အကျဉ်းစံ (၁)(၂)(၃)

Mg Myo 

၂၀၀၈ ဖွဲ့စည်းပုံအတိုင်း သူကလည်း သူ့အခြမ်းမှာနေ ကိုယ်ကလည်း ကို့အခြမ်းမှာနေ၊ စည်းမကျော်ရင်ဖြစ်တာပဲ၊ အဲဒီလိုလုပ်သွားရင် တိုင်းပြည်တိုးတက်မှာပဲ။ ဤအံ့သြဖွယ်စကားကို မတ် ၂၇ မနက်ပိုင်း ဘီဘီစီအသံလွှင့်အစီအစဉ်တွင် ပြန်ကြားရေးဝန်ကြီးဟောင်း၊ နအဖနှင့် DASSK တို့ကြားမှ ဆက်သွယ်ရေးဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သူ အောင်ကြည်နှင့် သမ္မတ၏အကြံပေးတစ်ဦးဖြစ်သူ ယခင် မန္တလေးမြို့တော်ဝန် စိန်ဝင်းအောင်တို့၏အပြောများအရ ကြားလိုက်ရသည်။
ပြောရလျှင် ထိုပုဂ္ဂိုလ်တို့မှာ လက်ရှိစစ်တပ်ထဲမှ မဟုတ်သော်ငြား သူတို့လို စစ်တပ်အပြင်ရောက်နေသူတို့ (အပြစ်နှင့်ထွက်ရသူ အပါအဝင်)ပင် ဤအတိုင်းယုံကြည်ပြောကြားနေကြရာ လက်ရှိတာဝန်ထမ်းဆောင်နေဆဲသူများ ဆိုလျှင်တော့ မေးကြောကြီးများ တင်းတင်းနှင့်ပင် ပြောပေလိမ့်မည်။
ဤစကားမျိုးမှာ ပြည်သူတို့အတွက်သော် အံ့စရာထင်ရသော်လည်း သူတို့အတွက်သော် မြန်မာနိုင်ငံသမိုင်းရေးဆိုင်ရာ အမြင်မှပေါ်ထွက်လာသော Institution ၏ သင်ကြားချက်များအရ ကြက်တူရွေးလို တစ်ပုံစံထဲရွတ်နေခြင်းဟုသာ မြင်နေရပါသည်။ ဤသည်နှင့်အလားတူ Federal ဆိုသည်ကား ပြည်ထောင်စုမှခွဲထွက်ရေးမူပင်တည်းဟု လွန်ခဲ့သော နှစ်ငါးဆယ်ကျော်မှ စစ်အာဏာရှင်ခေါင်းဆောင်တို့၏ သင်ကြားချက်များနှင့်လည်း တူပေသည်။ Federal တစ္ဆေကိုတောင်မှ မနေ့တစ်နေ့ကမှ ခွာချနိုင်သူတို့၊ ကြားရဲသူတို့အဖို့မူ ယခုလို ၂၀၀၈ တွင်းဟောင်းထဲမှာ ဘယ်လောက်ထိအောင်းနေကြဦးမလဲဆိုသည်မှာ ပြည်သူတို့မသိနိုင်၊ ၁၈၂၄ မှ ၁၉၄၈ ထိ အင်္ဂလိပ်ကျွန်ဖြစ်ခဲ့ရသည့်သက်တမ်းထက် ၁၉၆၂ မှ နောင်နှစ်ပေါင်းဘယ်လောက်ထိ ရှည်ကြာဦးမည်မသိသည့် စစ်ကျွန်သက်က ရှည်ဖို့လမ်းသာရှိတော့သည်ဟုသာ ပြည်သူတို့မှာ တွေးနိုင်ပါတော့သည်။
၁၄ နှစ်ကြာ စိတ်တိုင်းကျဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံတွင် စစ်တပ်ကို အသာပေး၊ အကြောပေး၊ အထက်စီးနေရာပေးထားသလောက် တိုင်းရင်းသားအပါအဝင် ပြည်သူတို့ကိုမူ ဓားမနောက်ပိတ်ခွေးအဖြစ် ချိုးနှိမ်ထားရန် ရည်ရွယ်ချက်ဖြင့် တမင်စီစဉ်ဖန်တီးထားသည့် ပြဋ္ဌာန်းချက်များဖြင့် သိုက်မြိုက်စွာဖော်ပြထားခဲ့ပါသည်။ ဤမျှ ရက်စက်ယုတ်မာအောက်တန်းကျ ပြဋ္ဌာန်းချက်များကို သူတို့လက်ကိုင်တုတ် အသင်းအဖွဲ့ဖြင့် လုပ်ကြံထောက်ခံမဲများကို ပက်ပက်စက်စက်ဖန်တီးပြီးမှ ပြည်သူ ၉၂.၄၈% ကပဲ နှစ်ခြိုက်လိုလားစွာထောက်ခံသယောင် ပြောဆိုနေကြသည်မှာလည်း ယနေ့တိုင်မရပ်။ ထိုသို့ပြောကြသူများမှာ တစ်ခြားမဟုတ်ပါဘဲ သူတို့ပဲဖြစ်နေသည်ကလည်း သူတို့မို့ မရှက်ကြပလေဟု ပြည်သူတို့ပြောရသည်အထိပင်။ သူတို့ကလွဲ၍ ဘယ်သူမှ ကောင်းသည်မပြောသော ၂၀၀၈ ဖွဲ့စည်းပုံအား အပြင်မခံနိုင်၊ ပြင်ဖို့ပြောလျှင် ရန်သူပမာဆက်ဆံတက်သော စရိုက်ကလည်း ကောက်ရိုးပုံစောင့်ခွေးကိုမြင်နေရသည့်ပမာ။ ကောက်ရိုးပုံစောင့်ခွေးထက်သာသည်ကတော့ ဖွဲ့စည်းပုံ၏ အခွင့်ထူးခံ အာဏာရှင်အုပ်စုမှ စားသောက်ပြီး အကြွင်းအကျန်များ အရိုးအရင်းများကို ဖွဲ့စည်းပုံအရ အားရပါးရ ကိုက်ခဲရခြင်းသာရှိပါသည်။ ဤသည်ကိုပင် အရတော်လှပြီဟုထင်နေရအောင် သူတို့ Institution ထဲမှာ ဘယ်ညှို့အားဖြင့် သင်ကြားထားသလဲဟု တွေးနေရပါသည်။
၈၈ အရေးအခင်းအပြီး ဗမာကပေးသည့် သင်ခန်းစာကို အပြတ်ယူကာ အချိုးပြောင်းခဲ့သည့် ဗီယက်နမ်တို့ တရုတ်တို့က နှစ်အစိတ်အတွင်း တစ်ဟုန်ထိုး တိုးတက်သွားခဲ့ကြပြီး၊ ရှေ့ဆုံးမှ တာထွက်စောခဲ့သူ ဗမာကတော့ သူတို့နောက်ကပြတ်ကျန်ခဲ့သည့် ထောက်ချောက်မိတဲ့ ယုန်လိုပဲလို့ ပြောရမလား။ တိုင်းပြည်ဘာဖြစ်နေနေ ဒို့တာဝန်အရေးသုံးပါးဦးထိပ်ထားပြီး တရုတ်ကျွန်ခံကာ ကိုယ့်အိတ်ဖောင်းဖို့ ကြိုးစားခဲ့သော အာဏာရူးတွေလို့ပြောရမလား။ ခုလည်း တိုင်းပြည်က စုတ်ပြတ်နေသည့်တိုင် လှည့်မကြည့်နိုင်အား။ NLD အစိုးရသစ်ကို ဘယ်လိုထောင်ချောက်ဆင်ရမလဲ။ ဘယ်လိုဒုက္ခပေးရမလဲ။ ဘယ်လို နှိပ်ကွပ်ရမလဲဆိုသည်ကိုသာ ကြိုးပမ်းနေကြသည်ကိုပဲမြင်နေရသေးသည်။ ငါတို့တော့သွားပါပြီ။ နောက်ထပ်ခွင်တွေ ဖန်လို့မရတော့ဘူးဆိုပြီး ရင်ဘတ်ထုနေကြမလားမသိတက်။
ရှေ့လျှောက် ၂၀၀၈ နာဂစ်ကို အခြေခံပြီး စစ်တပ်သည် ပြည်သူတို့နှင့် ထိပ်တိုက်တွေ့လာစရာ အကြောင်းရှိနေပါသည်။ သမ္မတသစ်၏ Inaugual address တွင် ပြောသည့်အချိန်က ၃ မိနစ်အတွင်း နာဂစ်ပြင်ဖို့ အသစ်ရေးဖို့က နှစ်ကြိမ်ပြောသွားခဲ့ရာ ဒီတစ်ခါတော့ဖြင့် တွေ့ကြပေပြီဟုသာ ဆိုရပါတော့မည်။
သို့မို့ကြောင့်လားမသိ စစ်တပ်ဘက်ကလည်း ခံစစ်စည်းကို စတင်ပြင်ဆင်လာသည့်အနေဖြင့် သူ့အားအနည်းဆုံးအပိုင်းဖြစ်သည့် ဦးပိုင်နှင့်ပတ်သက်၍ အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းမည့်အကြောင်းကို ကြေညာချက်ထုတ်ပြန်လာရပေတော့သည်။ ခေါက်ဆွဲခြောက်ထုတ်လိုလုပ်ငန်းကအစ အရက်ဘီယာစီးကရက်အလယ် ဘိလပ်မြေ ကျွန်းသစ် ကျောက်စိမ်းစသည့် သဘာဝသယံဇာတတူးဖော်ရေးလုပ်ငန်းအဆုံး ငွေရပေါက်မှန်သမျှ အုပ်စီးထားသည့်သူဖြစ်ရာ နောက်တက်မည့်အစိုးရအတွက် ပစ်မလွဲ ပစ်မှတ်သေကြီးဖြစ်နေသည့်အတွက် ယခုလို အချိုးပြောင်းသည့်တီးလုံးများဖြင့် တိုင်းပြည်ကိုလှည့်စားဖို့ ကြိုးစားလိုက်ခြင်းပင်။ သာသနာ့ဘောင်သို့ ဝင်တော့မည်ဟု ဆိုသွားလေသူ သွားလေသူသမ္မတအကြံပေးတစ်ယောက် ပြောသလိုဖြင့် တပ်မတော်က ခုချိန်မှာ ခွာစစ်ဆင်နေသည်ဟူ၏။ ထို့ကြောင့် တပ်မတော်နှင့် ထိပ်တိုက်မတွေ့ကြနှင့် အချိန်နှင့် အချိန်နှင့် ပြည်သူတို့လိုလားသည်များကို တစ်ခုပြီးတစ်ခုချပေးလိမ့်မည်ဟု ပြည်သူတို့အား ဆင့်ဟိုဒင်းမျှော်ခိုင်းနေခဲ့သည့် မူဝါဒနှင့်သဘောထားမှာ စစ်တပ်၏သဘောအမှန်ပင်ဖြစ်သည်။ တကယ်ကမူ စစ်တပ်အနေဖြင့် ရှေ့ကာကင်းကုန်းများဖြစ်သည့် မဆလ မဘသ နှင့် လက်ခွဲပါတီများနှင့် ကြံ့ဖွတ်တို့ပြိုလဲကုန်ပြီဖြစ်၍ ပြည်သူတို့ရှေ့မှ ရှောင်မပြေးနိုင်တော့ဘဲ တရားခံအစစ်အဖြစ် ငေါငေါကြီးပေါ်နေပြီဖြစ်ရာ နာဂစ်ကို ပြင်မလား ဖျက်မလားဟု ပြည်သူတို့က စစ်တပ်ကို မေးရတော့မည့်အချိန် မဝေးတော့ပြီဖြစ်ပါသည်။
__________________________________
လေးစားစွာဖြင့် (27.3.2016)
၂၀၀၈ အကျဉ်းစံ (၂)
*****************
Apr 5,2016 ပြည်သူ့လွှတ်တော်ကိုကြည့်၍ တရားကျမိသည်။ လွှတ်တော်တွင်းမှ ရွေးကောက်ခံမဟုတ်သူကိုယ်စားလှယ်တို့၏ အနေအထားအမှန်ကို ဘွားခနဲ့မြင်လိုက်ရသလိုပင်။ ပြည်သူတို့က ရွေးကောက်ပေးလိုက်သူများမဟုတ်၍ သူတို့ပြောဆိုဆွေးနွေးသံများမှာ ပြည်သူတို့နှင့်ဝေးလှသည်။ ဘယ်သူ့အကျိုးစီးပွားကို ဘာကြောင့်အသေအလဲကာကွယ်နေကြရသည် ဆိုသည်ကိုလည်း ပြည်သူတို့က ရုတ်ခြည်းဆိုသလို မြင်လိုက်ကြရပြန်သည်။
NLD ပါတီက ပထမဆုံးတင်သွင်းသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းအပေါ် အဓိကမှာ အာဏာခွဲခြားထားမှုကို ထိခိုက်စေကြောင်း၊ ဥပဒေပြဋ္ဌာန်းရခြင်းတွင် ပြည်သူတို့တစ်ခဲနက်ထောက်ခံအနိုင်ပေးခဲ့သည့် ပါတီ၏ လူထုခေါင်းဆောင်ဆိုသည့်စကားရပ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသည့်အတွက် မဲခွဲဆုံးဖြတ်လျှင် မဲမပေးဟူသော အပြောများဖြင့် သူတို့သည် ပြည်သူတို့နှင့် အမြင်မတူ ပြည်သူတို့လိုလားသည့်ဆန္ဒကို ထုံးစံအတိုင်း မသိယောင်ပြုမည်၊ မျက်ကွယ်ပြုမည်ဆိုသည့် ဆန္ဒသဘောထားများကိုပင် ပေါ်ပေါ်ထင်ထင် ထုတ်ဖော်ကြလေသည်။ ထို့ကြောင့် ပညာနှင့်ယှဉ်သော ဆင်ခြင်တုံတရားကင်းလှပေသည်ဟုသာ မှတ်ယူမိပါတော့သည်။
ဥပမာ အဆိုပါဥပဒေကြမ်းမှ ရွေးကောက်ပွဲတွင် ပြည်သူတို့က တစ်ခဲနက်ထောက်ခံအနိုင်ပေးသည်ဆိုသော စကားရပ်၊ လူထုခေါင်းဆောင်ဆိုသည့် စကားရပ်တို့အပေါ် ကဲကဲဆတ်နေသူများအနေဖြင့် ပုဒ်မ ၅၉(စ)တို့ ၄၃၆ တို့ အပေါ်တွင်လည်း မည်သို့ဆိုမည်နည်း။ ဤသည်တို့မှာ လူတစ်ဦးတစ်ယောက်၏ဆန္ဒအတိုင်း တစ်စုတစ်ဖွဲ့လုံးက တစ်နိုင်ငံလုံးနှင့်ဆန့်ကျင်ပြီး ငါတစ်ကော ကောခဲ့ကြခြင်းကြောင့် ယခုလိုအဖြစ်နှင့် ကြုံကြရသည်မဟုတ်လား။ ရှိပါသေးသည် Federal ပြည်ထောင်စုစစ်စစ်ဆိုသောစကားရပ် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုသောစကားရပ် စသည်ဖြင့် ဝေါဟာရများအပေါ် ဆတ်စလူးထပုံမှာ အတော်ရုပ်ပျက်လှသည်။
ပုဒ်မ ၂၁၇ ပါ ပြဋ္ဌာန်းချက်သည် တကယ်က နာဂစ်ဖန်တီးသူ၏ ရည်ရွယ်ချက်နှင့်ထည့်ထားခဲ့သော၊ လိုအပ်လျှင် သူဝင်နိုင်ထွက်နိုင်အောင်စီစဉ်ထားခဲ့သော ပုဒ်မဖြစ်သော်ငြား ဤပုဒ်မကိုအသုံးချ၍ သူ မလိုလား ကန့်သတ်ထားသူက အခွင့်ရယူ အသုံးချသွားခဲ့ခြင်းမှာမူ လောကပါလတရား၏ လှောင်ပြောင်သရော်ချက်ပင်ဖြစ်တော့သည်။ ပုဒ်မ ၅၉(စ) ကန့်သတ်ချက်များကို ပြင်ဆင်မည်ဆိုစဉ်က ခါးခါးသီးသီးဖြစ်နေခဲ့ကြသူတို့အတွက် ပန်ကာထိပ်ကဝက်အူလို ဂျင်ပေါ်ထုံးတို့သလို ဖြစ်သွားရသည့်အတွက် တစ်ခုသာပြောလိုသည်။ ကိုယ်ဖော်သည့်ဆေး ချိုသည် ခါးသည်ဆိုသည်ကို ကိုယ်သာအသိဆုံး ဟုသာ။
ယခုလိုအချိန်ကျမှ တစ်ခဲနက်တို့ လူထုခေါင်းဆောင်ဆိုသည့် ဝေါဟာရများအပေါ် မကျေမနပ်ပြောဆိုနေကြခြင်းများမှာ အကြားမတော်လှပေ။
အမြင်မတော်လှသည့် ရွှေတစ်ပဲသားဆင်ခံရသည့် ဝိဒေဟရာဇ်ပုတ်သင်လို ကိုယ့်အနေအထားကိုမသိဘဲ အဟုတ်ကြီးမှတ်နေသည့်ကိစ္စလို ပြည်သူတို့ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်ဆိုင်ရာကိစ္စကို ရွေးချယ်ခံမဟုတ်ဘဲ လွှတ်တော်ထဲ အခန့်သားဝင်ထိုင်သည့်ဘကြီးသားများက ပြူးတူးပြဲတဲနှင့် ဝရုန်းသုဉ်းကား မတ်တပ်ရပ်လိုရပ် ဘီယာဆိုင်ထဲ မူးမူးနှင့် စကားလုပြောသလို လွှတ်တော်ထဲစကားလုပြောနေသူများက ငပြူးကပြဲပြနေသည့်လုပ်ရပ်များမှာ အော့နှလုံးနာစရာပင်။ လွှတ်တော်ထဲ နောက်ဖေးပေါက်က ခိုးဝင်လာသူများက အိမ်ဦးခန်းထဲခြေဆင်းထိုင်နေသလိုဖြစ်နေသည်။ လွှတ်တော်အပြင်ရောက်သည့်အခါတွင်လည်း အုပ်စုနှင့်အနိုင်ကျင့်ခံရသည် (ဒီမိုကရေစီအနိုင်ကျင့်)ဟု ပြောနေပုံများမှာလည်း ကိုယ့်ပခုံးထက်က တာဝန်အမှတ်အသားကိုမှ အားမနာ စာမတက်ပေမတက်နှင့် လမ်းဘေးပလပ်စတစ်ကောက်ရင်း စုဆောင်းရေးနှင့်တွေ့ပြီး စစ်ထဲရောက်သွားသူလို ပြောနေပုံများမှာ ၆၂ ဇူလိုင် ၇ တို့ ၈၈ တို့ ရွှေဝါရောင်တို့ကို မေ့နေသလားဟုပင်ဆိုရပါတော့မည်။
__________________________________
လေးစားစွာဖြင့် (6.4.2016)
၂၀၀၈ အကျဉ်စံ (၃)
*****************
Apr 8,2016 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ ရန်ကုန်တာမွေမှာပြောသောစကားတွေဟာ ပြည်သူတွေစောင့်စားနေတဲ့ အကြောင်းအရာတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ကိုယ်နဲ့မထိုက်တန်တဲ့ မတန်မရာအခွင့်အရေးတွေနဲ့ ခံစားခွင့်တွေကို မတန်တဆခံစားခဲ့ကြတဲ့ သူတွေအတွက် သတိပေးခေါင်းလောင်းသံဖြစ်လေမလားပဲ။
သမ္မတက တစ်လ သိန်း ၅၀ ဒုသမ္မတက ၄၀ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ တရားသူကြီးချုပ်က ၃၅ ဖွဲ့စည်းပုံခုံရုံးဥက္ကဋ္ဌ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌတွေက ၃၀ နှုန်းနဲ့ ပြီးခဲ့တဲ့ စစ်တစ်ပိုင်းအစိုးရက ပြည်သူ့ဘဏ္ဍာငွေကို ကိုယ်ပိုင်အတိုင်း မတန်မရာခံစားခဲ့ကြတာဖြစ်တယ်။ ဒီအထဲမှာ တခြားခံစားခွင့်တွေဖြစ်တဲ့ အိမ်၊ ကား၊ ရေ၊ မီး၊ (ယာဉ်မောင်း၊ စက်ဆီ၊ ချောဆီ ပြင်စရိတ်တွေအပါအဝင်) အိမ်စေ၊ ထမင်းချက်၊ မာလီ အစောင့်တွေရဲ့ ကုန်ကျစရိတ်တွေမပါသေးဘူး။ အစိုးရရဲ့ အသုံးစရိတ်လျှော့ချရေးမှာ အဲဒီခံစားခွင့်တွေကို ပြန်စိစစ်သွားမယ်ဆိုတော့ ကောင်းလင့်တည်းပဲပေါ့။ ပြည်သူတွေက ကျေနပ်စွာပါပဲ။
ပြီးခဲ့တဲ့ ကြံ့ဖွတ်စစ်တစ်ပိုင်းအစိုးရရဲ့ မတန်မရာခံစားခွင့်တွေ လုပ်ကြံဖန်တီးရယူခဲ့တဲ့အပေါ် ငါတို့ကား ဒင်းတို့ကဲ့သို့ မဟုတ် ပြည်သူ့ဘဏ္ဍာ ကိုယ့်ဟာမှတ်ပြီး မဖြုန်းကြဆိုပြီး အစိုးရသစ်က ဥဒါန်းကျူးရင့်လိုက်သလိုပဲ ခံစားကြရပါတယ်။
နောက်တစ်ခုဖြစ်တဲ့ နိုင်ငံရေးပင်စင်စားခွင့်ကိုလည်း ပြန်စိစစ်သွားမယ်လို့လည်းပြောသေးတာမို့ ဒါလည်း လုပ်သင့်တဲ့အလုပ်တစ်ခုပဲမို့ ထောက်ခံကြရပါမယ်။ နှစ်အစိတ် သုံးဆယ် ဝန်ထမ်းလုပ်ပြီး ပင်စင်လေးမစို့မပို့ရသူတွေနဲ့ ငါးနှစ်လုပ်ပြီး တနင့်တပိုးရရှိခံစားနေကြတာလည်း ကြည့်မကောင်းတာမို့ပါ။ တကယ်တော့ နိုင်ငံရေးပင်စင်ဆိုတာ ကွန်မြူနစ် ဆိုရှယ်လစ်စော် နံလှပါတယ်။ ကွန်မြူနစ်တိုင်းပြည်တွေနဲ့ ဗမာပြည်က မဆလရဲ့ တစ်ပါတီအာဏာရှင်စနစ်ရှိတုန်း သူ့လူတွေအတွက်ဖန်တီးခဲ့တဲ့ ခံစားခွင့်တစ်ခုဖြစ်ပြီး ခု ဒီဘက်ခေတ်အထိ စစ်တစ်ပိုင်းအစိုးရကဆက်ပြီး အသက်သွင်းခဲ့တာမို့ ပြန်စိစစ်ရုံမဟုတ်ဘဲ လုံးဝဖျက်သိမ်းပစ်လိုက်ဖို့ဖြစ်ပါတယ်။
ခုလိုပြောနေဆိုနေတဲ့နေရာမှာ ဘယ်လိုမှ ရှောင်လို့မဖြစ်တဲ့ နားရွက်လေးဆွဲပြီး ထုတ်ပြရမယ့်တစ်ယောက်ကတော့ ရှိမြဲပါပဲ။ လွှတ်တော်ဥက္ကဋ္ဌပြောသွားတဲ့အထဲမှာ မပါဘဲကျန်ခဲ့တဲ့သူတွေပါ။ အဲဒါကတော့ စစ်ကြံ့ဖွတ်တို့ရဲ့ အခေါင်အထွတ် ဘိုးအေ မိုက်လုံးကြီးအာဏာရှင်ကြီး (ကန့်လန့်ကာနောက်ကွယ်မှ)ရဲ့ သေခါနီး ရိက္ခာယူတာပဲပြောရမလား ကူးတိုးခကြိုပွိုင့်ယူတာပဲလားမသိရတဲ့ တစ်လ ကျပ်သိန်း ၁၀၀ (သမ္မတတောင်မှ တစ်လ သိန်း ၅၀ ရချိန် ပင်စင်စားက ၂ ဆယူနေပုံ) နေအိမ် ယာဉ် ၄ စီး အိမ်စေ ထမင်းချက် မာလီ အစောင့် စတဲ့ခံစားခွင့်များနဲ့ ကြက်ပြေးခြောက်လုံးတန်းက သူနဲ့ သူ့မိုက်ဖော်လူတွေကိုရော ဘယ်လိုလုပ်ကြမလဲလို့ မေးရဦးမှာဖြစ်ပါတယ်။ တစ်သက်လုံး ကိုယ်ခိုးခဲ့တဲ့ ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ ခိုးကြောင်ခိုးဝှက်ဇိမ်ယစ်နေရင်တောင် ဆွဲထုတ်ပြီးတရားစွဲတင်ခံရမယ့်သူတွေက ခုချိန်ထိ ပြည်သူ့ဘဏ္ဍာငွေကို မရှက်မကြောက် မျက်နှာပြောင်တိုက် မခန့်ပေါက်နဲ့ရယူခံစားနေပုံတွေဟာ ပြည်သူတွေအတွက်တော့ စိတ်ရှိတိုင်းလွှတ်ပေးလိုက်ရင် တစ်စစီဖြစ်ပြီး အငွေ့ပျံသွားမလားပဲ။ သူအာဏာရလာတဲ့အချိန်ကစလို့ သားတစ်ကွဲ မယားတစ်ကွဲနဲ့ ဖြစ်ရသူတွေ ဘဝပျက်ရသူတွေမျက်ရည်ပေါက်ကြီးငယ် ကျခဲ့ရသူတွေဟာ ဒီတိုင်းပြည်ထဲမှာအပြည့်ပါ။ အဲဒီပြည်သူတွေရဲ့ မျက်ရည်တွေတောင် မခြောက်သေးပါ။ ခုလိုအချိန်မှာ သူတို့မို့ ပြည်သူတွေရဲ့ဘဏ္ဍာငွေကို မတန်မရာ မတန်တဆ ဆင်းရဲတဲ့တိုင်းပြည်နဲ့ ပြည်သူတွေကိုမှ မထောက်မညှာနဲ့ ရယူခံစားနေကြတာဟာ သူတို့မို့ မြိုရက်တယ်ဟုသာ ပြည်သူတွေမှာ မချိတင်ကဲပြောရတော့မှာ။
ဒါကြောင့် အဲဒီပုဂ္ဂိုလ်ကြီးအတွက်ကော ဘယ်လိုစီစဉ်ထားသလဲလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို မေးရမှာပါ။
__________________________________
လေးစားစွာဖြင့် (9.4.2016)
Soe Win

No comments:

Post a Comment