Tin Nyunt
ခုတစ်လော သတင်းစာတွေရဲ့ မျက်နှာဖုံးကို ကြည့်လိုက်ရင် အလွန် ကျက်သရေ ရှိလှသဗျ။ နိုင်ငံတကာနဲ့ ဆက်သွယ်ရေးတွေမှာ နိုင်ငံတကာကလာတဲ့ ဧည့်သည်တွေကို တို့သမ္မတကြီးကလည်း မော်ကြည့်နေစရာ မလိုတာတွေ့ရတယ်။

ဒီမနက်လည်းကြည့်ဗျာ ကနေဒါနိုင်ငံခြားရေးဝန်ကြီးနဲ့ ကျွန်တော်တို့
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည် ကြားက ဘယ်စကားပြန်တွေမှ မခံဘဲ
တိုက်ရိုက်တန်းတူ ဆက်ဆံပြောဆို နေတဲ့ကြတာ တွေ့လိုက် ရတော့ အနှစ်နှစ်အလလက
မြင်ချင်တွေ့ချင်တဲ့ဆန္ဒ ခုမှပြည့်လိုက်ရလို့ ကျေနပ်မိသဗျ။
ခုတစ်လော နိုင်ငံတကာက ကြိုက်တဲ့သူတွေလာ သတင်းမီဒီယာတွေရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဧည့်သည်တွေ တိုက်ရိုက် စကားပြောစင်မြင့်လေးတွေနဲ့ ပြောဆိုဆွေးနွေးနေကြတာကလည်း အစိုးရသစ်ရဲ့ခေတ် ထူးခြားတဲ့ မြင်ကွင်းတစ်ခုပဲ။
နောက်တစ်ခု မျှော်မှန်းထားတဲ့အတိုင်း ဖြစ်လာတာကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပဲ ကိုင်ထုထားမှု တစ်ခုပါ။
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကြီး ဖြစ်လာပြီးပြီးချင်း “အမှုရင်ဆိုင်နေရတဲ့ ကျောင်းသားတွေကို ဒီလို လွှတ်ရပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ထုတ်လိုက်တဲ့ ကြေညာချက်ပါပဲ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးရဲ့ ကြေညာချက်အမှတ် (၁/၂၀၁၆) နဲ့ကို ပထမဆုံး လုပ်ပိုင်ခွင့်ကို အသုံးချပြီး “ဒုန်း” ဆို ထုထည့်လိုက်တဲ့ နောက်တစ်ချက်ပေါ့။
ဟောဒီမှာ ကြည့်ထားကြကွယ့် အကျဉ်းသားဆိုပြီး မတရားဖမ်းဆီးနှိပ်စက်ထားတဲ့ နိုင်ငံသားတွေနဲ့ ကျောင်းသားတွေကို ဒီလို လွှတ်လို့ရတယ်ဆိုပြီးတော့ သူတို့ထုတ်ထားတဲ့ “ဖွဲ့စည်းပုံစာအုပ်အတိုင်း” ကို တစ်ချက်ချင်း ထောက်ပြထားတယ်။ ပြီးတော့ ဥပဒေအရလည်း ဒီလိုလုပ်လို့ရပါတယ်ကွယ်လို့ ပြောထားပြန်တယ်။
ဝမ်းသာလိုက်တာဗျာ။ ကျောင်းသားလေးတွေအပါအဝင် နိုင်ငံသူ နိုင်ငံသားတွေနဲ့ သူတို့နောက်က မိသားစုအားလုံး၊ ပြည်သူတွေအားလုံး ဒီလိုအချက်တွေနဲ့ စိတ်ချမ်းသာအောင် လုပ်ပေးလို့ ရပါတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် က ထောက်ပြလိုက်တော့ အရမ်းစိတ်မကောင်းဖြစ်ရ ပြန်တယ်။
အရင် အစိုးရအကြောင်း မပြောတော့ပါဘူးလို့ စိတ်ကူးနေမှ ရင်နာစရာဖြစ်ခဲ့ရပြန်တယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အချက်တွေကို ထောက်ပြီးတော့ သမ္မတ (ယခင်) က အားလုံး စိတ်ချမ်းသာရေး လုပ်ပေးနိုင်ပါလျက်နဲ့ လုပ်မပေးခဲ့ဘူးဆိုတာကိုက ဘယ်လောက်စေတနာတွေ နည်းခဲ့သလဲဆိုတာ ထင်ရှားနေတာပဲ။
ယခင် ပါးရိုက်မယ်ဆိုတဲ့ ဝန်ကြီးတစ်ပါး ပြောသွားတာ မှတ်မိသေးသလား။ “ဟေ့ ငါတို့ အစိုးရခေတ် နော် ပြဿနာလာမရှာနဲ့ သွား … ထောင်ထဲပဲ။ နောက်အစိုးရ တက်လာမှ လွှတ်ချင်လွှတ်” ဆိုတဲ့ တာဝန်မဲ့စကားကို ဒေါ်အောင်ဆန်းစုကြည် ကတော့ မိခင်ကြီးတစ်ယောက်ပမာ အားလုံး ရင်ခွင်ထဲ ဆွဲသွင်းပြီး အမေ့သားသမီးတွေကို အမေပစ်မထားပါဘူးကွာလို့ ပြလိုက်တဲ့သဘော ထားကတော့ လေးစားပြီးရင်း လေးစားလျက်ပါခင်ဗျာ။
၈.၄.၂၀၁၆

No comments:
Post a Comment