Tuesday, March 22, 2016

ငါ့ရှိတာ တဝက်ယူ

Thanlay Ko

ကျနော့် ငယ်သူငယ်ချင်း အပျိုကြီးတစ်ယောက်က စင်္ကာပူကို လာလည်ချင်လို့တဲ့ ကျနော့်ဆီ ဖုန်းဆက်တယ်။
ပတ်စပို့တော့ ရှိတယ်တဲ့၊ ကုန်ကျစရိတ်အတွက် ငွေသိပ်မရှိလို့ လာချင်ပေမယ့် မလာနိုင်သေးဘူးဆိုပြီး ညည်းနေတယ်။
အဲဒါ သူကပြောတယ်... ...
"စားဖို့အိပ်ဖို့ အတွက် နင် စရိတ်တဝက်ခံပေး"... တဲ့။


ငယ်သူငယ်ချင်းတွေလေ
ဘယ်ကြည့်နေရက်ပ့ါမလဲ
ဒါနဲ့ ပြောလိုက်တယ်... ...
"အေး... ငါ့ရှိတာ တဝက်ယူ"... လို့။
သူရောက်လာတော့ လေဆိပ်သွားကြိုလိုက်တယ်... ...
MRT ကဒ်လုပ်တာ ၁၅ ဒေါ်လာကျတယ်၊
တဝက်ဖိုး ကျနော် ပေးလိုက်တယ်။
တဝက်ပေးမယ် ပြောထားတာကိုး...။
လမ်းမှာ ထမင်းဝင်စားကြတယ်
သူစားတာအတွက် တဝက်ကျနော် ပေးလိုက်တယ်။
တဝက်ပေးမယ် ပြောထားတာကိုး...။
အိမ်ရောက်တော့ ကော်ဖီတစ်ထုပ်ဖျော်တယ်
သူ့တဝက်တိုက်လိုက်တယ်
တဝက်ပေးမယ် ပြောထားတာကိုး...။
ရေချိုးတော့ တဘက် တစ်ထည်ရှိတာ
ကတ်ကြေးနဲ့ အလယ်က ပိုင်းပေးလိုက်တယ်။
တဝက်ပေးမယ် ပြောထားတာကိုး...။
ဆပ်ပြာ တစ်တုံးရှိတာ ဒါးနဲ့ပိုင်းပြီး ပေးလိုက်တယ်။
တဝက်ပေးမယ် ပြောထားတာကိုး...။
ညနေကျတော့ ခေါက်ဆွဲတစ်ထုပ်ပြုတ်လိုက်တယ်
သူ့တဝက်ခွဲကျွေးလိုက်တယ်
တဝက်ပေးမယ် ပြောထားတာကိုး...။
တနေကုန် တဝက်ကိစ္စက အဆင်ပြေတယ်။
ညလည်းရောက်ရော... တဝက်ပေးတဲ့ ကတိကိစ္စ သူက သဘောမတူတော့ပါဘူး လုပ်ရော။
မိန်းကလေးများ ခက်တယ်။
ပြောထားတာကို... စားဖို့အိပ်ဖို့ တဝက်ပေးပါမယ်ဆိုတာ။
ကျနော့်မှာ ကုတင်က တစ်လုံးပဲ ရှိတာလေ။
တဝက် သူအိပ်ပေါ့။
ကုတင်ကို အလယ်က ဓားနဲ့ပိုင်းလို့မှ မရတာ။
တနေကုန် သဘောတူတယ်
ဒါကျမှ ခါးခါးသီးသီးဖြစ်နေတာ
ဘာလို့မှန်းကို မသိဘူး.
ခက်ဖူးလား
.
.
သန်၎ကို - ကတိတည်ချင်သူ
https://www.facebook.com/thanlayko

No comments:

Post a Comment