Soon Rit
ရှေးတုန်းက ရုရှားပြည်ရဲ့ ပင်လယ်ကမ်းစပ်အနီးက ကျွန်းလေးတစ်ကျွန်းပေါ်မှာ
တရားကျင့်ကြံ အားထုတ်နေတဲ့ ရသေ့ကြီးသုံးပါး ရှိသတဲ့။ သူတို့ဟာ တစ်ပါးနဲ့တပါး
စကားမပြောကြပဲ ဝစီပိတ်နေထိုင်ကြတယ်။ အရေးကိစ္စပေါ်တဲ့အခါ
မျက်နှာရိပ်မျက်နှာကဲနဲ့ပဲ တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်နားလည်ကြတယ်။
တစ်နေ့တော့ ခရစ်ယာန်ဂိုဏ်းအုပ် ဘုန်းတော်ကြီးတစ်ပါး လိုက်ပါစီးနင်းလာတဲ့
သင်္ဘောတစ်စီ်း အဲဒီကျွန်းနားက အဖြတ်မှာ ရသေ့ကြီးသုံးပါးအကြောင်းကို
ကြားလိုက်မိတဲ့ ဂိုဏ်းအုပ်ကြီးက သဘောင်္ကို ကျောက်ချရပ်တန့်စေတယ်။ ပြီးတော့
လှေတစ်စီးနဲ့ ကျွန်းပေါ်ကူးသွားတယ်။ ကျွန်းပေါ်ရောက်တော့
ရသေ့ကြီးသုံးပါးနဲ့တွေ့ပြီး 'ဘယ်လိုတရားမျိုး ကျင့်ကြံအားထုတ်သလဲ'
စူးစမ်းတယ်။ ရသေ့တွေက သူတို့ အားထုတ်ပုံကို ပြောပြတယ်။ ဂိုဏ်းချုပ်ကြီးက
'အားထုတ်ပုံ မှားယွင်းနေတယ်။ ဓမ္မကျမ်းဂန်နဲ့အညီ သင်ပြပေးမယ်' ဆိုပြီး
ကျမ်းဂန်လာ တရားအားထုတ်နည်းကို သင်ကြားပြသပေးပြီး သင်္ဘောဆီပြန်ကာ ခရီးဆက်
ထွက်ခွာသွားတယ်။
ညဥ့်လယ်လောက်ရောက်တော့ သင်္ဘောဆီကို ရွေ့လျားလာတဲ့ ထိန်လင်းတောက်ပတဲ့ အလင်းတန်းသုံးခုကို မြင်တော့ ဂိုဏ်းအုပ်ကြီး ဘုရားတ, လိုက်တယ်။
''ဘုရားသခင်ကယ်ပါ။ ရသေ့ကြီးသုံးပါးဟာ ရေပေါ်မှာလမ်းလျှောက်ပြီး လိုက်လာကြပါလား'' လို့ ဟစ်အော်လိုက်တယ်။
ရသေ့ကြီးသုံးပါး သင်္ဘောပေါ်ကို ရောက်လာတဲ့အခါ 'ကိုယ်တော်တို့ ဘာကိစ္စရှိလို့ လိုက်လာပါသလဲ' လို့ ဂိုဏ်းအုပ်ကြီးက မေးမြန်းတယ်။ ရသေ့ကြီးသုံးပါးက 'ဂိုဏ်းအုပ်ကြီး သင်ပေးခဲ့တဲ့ တရားအားထုတ်နည်းကို မေ့သွားလို့ ထပ်သင်ပေးပါဦး' လို့ ရိုသေစွာ တင်လျှောက်ကြတယ်။
နည်းမှန်လမ်းမှန် မဟုတ်သော်ငြား သူတို့ဘာသာ ကျင့်ကြံအားထုတ်မှုကြောင့် ကိုယ်ရောင်ကိုယ်ဝါ ထိန်လင်းတောက်ပစွာနဲ့ ရေပြင်ပေါ်မှာ ခြေထောက်ရေမစိုဘဲ လမ်းလျှောက်လိုက်လာတဲ့ ရသေ့ကြီးသုံးပါးရဲ့ ဣဒ္ဓိဝီဓ သီလဝိသုဒ္ဓိ တန်ခိုးအစွမ်းဂုဏ်များကို တွေ့မြင်ဆင်ခြင်မိတဲ့ ဂိုဏ်းအုပ်ကြီးက
'ကိုယ်တော်တို့ ကျင့်ကြံနေတဲ့နည်းအတိုင်းသာ ဆက်လက် ကျင့်ကြံပါ။ ကောင်းကင်ဘုံရှိ ဘုရားသခင်ထံ မသွေမလွဲ ရောက်ပါလိမ့်မယ်။ တပည့်တော်က ထပ်မံသင်ကြားပေးဖို့ အကြောင်းမရှိတော့ပါ။ တပည့်တော်တို့အတွက်လည်း ဆုတောင်းပေးကြပါ' လို့ ပြောပြီး ဂါရဝပြုလိုက်တယ်။
ရသေ့ကြီးသုံးပါးလည်း ဂိုဏ်းအုပ်ကြီးကို ဦးညွတ်နှုတ်ဆက်ပြီး သူတို့တရားအားထုတ်ရာ ကျွန်းဆီကို ရေပြင်ပေါ်က လမ်းလျှောက်ပြီး ပြန်သွားကြတယ်။ ။
Leo Tolstoy ရဲ့ Three Hermits

No comments:
Post a Comment