Tin Nyunt
အမေရိကန် သမ္မတတွေက အိမ်ဖြူတော်ကနေ ဘဲကျိုးတွေအဖြစ် ထွက်ရတော့မယ့်
အချိန်ရောက်ရင် နောက်ပြောင် ကျီစယ်မှုလေးတွေ လုပ်တတ်ကြတယ်ဗျ။ သူတို့ဓလေ့နဲ့
သူတို့ပေါ့လေ။ ကလင်တန်ရဲ့ အုပ်ချုပ်ရေးအဖွဲ့က လူတွေက နောက်တက်လာမယ့်
သမ္မတအသစ် ဂျော့ ဒဗလျူ ဘုရှ်ရဲ့ အဖွဲ့က လူတွေ ဒုက္ခရောက်အောင် လုပ်ဖို့
ဆုံးဖြတ်ခဲ့ကြပါတယ်။
တယ်လီဖုန်းကြိုးတွေကို နံရံဆက်သွယ်ပေါက်က
ဖြုတ်ထားတာမျိုး၊ တယ်လီဖုန်းအဝင် အသံတွေမှာ ညစ်ညမ်းတဲ့ စကားတွေ
ပြောခဲ့တာမျိုး၊ စားပွဲကို အပေါ်က အဝတ်နဲ့ အုပ်ပြီး ကော်သုတ်ခဲ့တာမျိုးတွေ
လုပ်ကာ နောက်ပြောင်ခဲ့ကြတယ်။
နောက်တက်မယ့် သမ္မတအသစ်က Gorge W. Bush
ဆိုတော့ သူ့အလယ်စာလုံးမှာပါတဲ့ W စာလုံးကို အစွဲပြုပြီး ကွန်ပျူတာ
ကီးဘုတ်တွေက W စာလုံးမှန်သမျှ ဖြုတ်ယူသွားကြတယ်။
ပိုပြီးဆိုးတဲ့
နောက်ပြောင်မှုတွေကတော့ ဘီရိုတွေမှာ “Get Out” ဆိုတဲ့ စာတွေနဲ့ “သူခိုးကို
ကြိုဆိုပါတယ်” ဆိုတဲ့ စာတွေ ကပ်သွားကြတာပဲ။ တချို့ စတစ်ကာတွေဆိုရင်
ဘုရှ်ကို မျောက်တစ်ကောင်လို ပုံစံနဲ့တောင် ပါသေးတယ်။ သမ္မတအသစ် လက်ထက်မှာ
အဲဒီလို နောက်ပြောင်မှုတွေကို ပြန်ပြီး ပြင်ဆင်ရတာ ဒေါ်လာ ၁၅၀၀၀ လောက်
ကုန်သွားတယ်လို့ဆိုပါတယ်။
ကလင်တန်ကတော့ လူပြောင်တစ်ယောက်လို
နောက်သမ္မတအဆက်ဆက် သူ့လို နောက်ပြောင်ခဲ့ ကြဖို့ စည်းရုံးပါတယ်။
အစဉ်အလာတစ်ခုအနေနဲ့ လုပ်ကြဖို့ပေါ့လေ။
နောက်တက်တဲ့ ဘုရှ်ကလည်း
အိုဘားမားကို အာဏာလွှဲပြောင်းပေးချိန်မှာ ဒီလို နောက်ပြောင်တယ် လို့တော့
မကြားမိပါဘူး။ ဒါပေမဲ့ သူ့ဇနီး ကွန်ပျူတာထဲကို မတော်မလျော်
ဝတ်လစ်စားလစ်ပုံတွေပို့ပြီး နောက်ခဲ့လို့ သမ္မတကတော်ကြီး
စိတ်အနှောက်အယှက်ဖြစ်ခဲ့ရတယ်လို့တော့ သိရပါတယ်။
ဒီနိုင်ငံမှာ
အဲဒီလို လုပ်ဖို့ လမ်းပြသလို ဖြစ်နေရင်တော့ ခွင့်လွှတ်ကြပါဗျာ။ ဘာကြောင့်လဲ
ဆိုတော့ လမ်းမပြဘဲနဲ့တောင် ဘယ်လို ယုတ်မာပြီး မဟုတ်တာ လုပ်ရမယ်ဆိုတာ
သိနေကြလို့ပါ။
ဦးသိန်းစိန် အာဏာလွှဲပြောင်းဖို့ သုံးရက်လောက်ပဲ
လိုတော့သဗျ။ ပြည်သူ့ သမ္မတအသစ် ဦထင်ကျော်ကို ဒီလိုနောက်ပြောင်တာတွေတော့
မလုပ်လောက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက နောက်ပြောင် ရှေ့ပြောင်
အားလုံးပြောင်ပြီးသားဖြစ်နေလို့ပါ။
၂၇.၃.၂၀၁၆
No comments:
Post a Comment