Saturday, February 6, 2016

ဟထားသောတံခါးများ

ဇာတ်လမ်းတွေကတော့ စလာပါပြီခင်ဗျာ။ မနေ့က တာမွေမြို့နယ်မှာ စက်နှိုးရပ်ထားတဲ့ ကားတစ်စင်းပေါ်မှာ လူတစ်ယောက်ကို လေဆာပွိုင့်တာပါတဲ့ ပစ္စတိုသေနတ်၊ ကျည် ၇၂ တောင့်နဲ့အတူ ဖမ်းမိပါတယ်တဲ့။ ဟုတ်ကဲ့ ဒီလို တရားမဝင် သေနတ်ကိုင်ထားတဲ့ လူတွေ ရန်ကုန်မှာ ဘယ်လောက်ရှိနေပြီလဲ၊ နေပြည်တော်မှာ ဘယ်လောက်ရှိနေပြီလဲ၊ မြန်မာနိုင်ငံမှာရော ဘယ်လောက်ရှိနေပြီလဲ။ ခုလို အကဲဆတ်နေချိန်မှာ လက်နက်နဲ့ အသက် ၂၆ နှစ်အရွယ် လူငယ်တစ်ယောက်ကို တွေ့တယ်ဆိုတာက မြန်မာနိုင်ငံထဲမှာ လက်နက်ကိုင် ဆောင်ထားနိုင်တဲ့သူတွေ အများကြီးရှိနေတယ်ဆိုတာကို ထင်ဟပ်ဖော်ပြလိုက်တာလား တွေးဆစရာ အများကြီးဖြစ်သွားတယ်။
ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံဖို့အတွက် လက်နက်တွေကို ထုတ်သွားတယ်၊ ပျောက်သွားတယ်ဆိုတဲ့ သတင်း တွေ ဦးစွာထွက်ပေါ်လာတယ်။ လက်နက်တွေကို ဂဠုန်ဦးစော စုဆောင်းထားတယ်၊ လူစုထားတယ်၊ လုပ်ကြံ တယ်ဆိုတာက နောက်မှ စုံစမ်းလို့ ပေါ်ထွက်လာတာ။ ဒါပေမဲ့ အဖိုးတန် အာဇာနည်ကြီးတွေကတော့ ကျဆုံး သွားခဲ့ရပြီ။
ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးပြီးခါမှ ဘယ်သူသတ်သလဲ အဖြေရှာနေတာ ခုထိ မပြီးဆုံးနိုင်သေးဘူး။ ဦးစောနဲ့ အပေါင်းအပါများဆိုပြီးတော့ နိဂုံးချုပ်သွားတယ်။ အလားတူ ဗိုလ်ချုပ်အောင်ဆန်းလို နိုင်ငံနဲ့ ပြည်သူ ကြည်ညို လေးစားပြီး စွမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးကို ကျွန်တော်တို့ လက်လွှတ်ဆုံးရှုံးလိုက်ရတယ်။ ရလဒ် အကျိုးဆက်ကတော့ တိုင်းပြည် မတည်ငြိမ်၊ စစ်တပ်ကစိုးမိုးပြီး သူ့ကျွန်ဘဝက လွတ်မြောက်ခဲ့ပေမယ့် စစ်ကျွန်ဘဝကို နှစ်ပေါင်းများစွာ ကျခဲ့ရတာနဲ့ ပြည်သူတွေ ရင်ဆိုင်ခဲ့ရတယ်။
ခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်က နှစ်ပေါင်းများစွာနဲ့ စိတ်ရှည်သီးခံပြီး လူထုဒီမိုကရေစီ နိုင်ငံတော် ထူထောင် နိုင်ဖို့ ပြင်ဆင်နေတယ်။ ပြည်သူ့အစိုးရ စစ်စစ်ကို ဖြစ်အောင်အားထုတ်နေတယ်။ ပြည်သူ့သမ္မတစစ်စစ် ပေါ် ထွက်လာအောင် ကြိုစားနေတယ်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်သွားရင်ဆိုတဲ့ ကိစ္စဟာ မြန်မာနိုင်ငံမှာရှိတဲ့ သန်း ၅၀ ကျော်ရဲ့ မျှော်လင့် ချက်ပဲ။ အလားတူ မှိုင်းတိုက်ထားခြင်းခံနေရတဲ့ လူတစ်စုအတွက်ကလည်း သမ္မတဖြစ်သွားမှာ စိုးရိမ်ကောင်း စိုးရိမ်နေကြမှာပဲ။ ၂၀၁၅ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ပြည်သူတွေ NLD ပါတီကိုပဲ တွန်းတင်ပေးခဲ့ကြတာ ဒေါ်အောင်ဆန်းစုကြည် မျက်နှာနဲ့ပါ။ အနာဂတ်အတွက် သူကလွဲပြီးတော့လည်း အစားထိုးစရာ ရှိမယ်မထင်ပါ ဘူး။
တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည်သာ တစ်ခုခုဖြစ်သွားရင် မြန်မာနိုင်ငံကို ဦးဆောင်ဦးရွက်ပြုမယ့် ခေါင်းတွဲကြီးတစ်ခုလုံး ပြုတ်သွားသလိုဖြစ်မှာ သေချာပါတယ်။ ဒီမိုကရေစီခရီးကို လူထုမီးရထားကြီးနဲ့ ချီတက်ဖို့ ပြင်ဆင်နေချိန်မှာ လက်နက်နဲ့ လူတွေကိုတွေ့တယ်၊ ဆိုးသွမ်းသောင်းကျန်းနေတဲ့သူတွေကို ရဲတွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးနေရတယ်ဆိုတဲ့ “ဟ” ထားတဲ့ လမ်းကြောင်းတွေဟာ အချိန်မရွေးခေါင်းတွဲကို ဖြုတ်နိုင်တဲ့ အနေအထားတွေဖြစ်ကြောင်း သတိပြုဖို့လိုပါတယ်။
၇.၂.၂၀၁၆

No comments:

Post a Comment