Thanlay Ko
1. Purely Vegetarian
---------------------------
ပင်နင်ဆူလာပလာဇာ မြေညီိထပ်ကနေ ဖူနန်ဖက်လှမ်းကြည့်လိုက်ရင် Nalan ဆိုတဲ့ သားသတ်လွတ် စားသောက်ဆိုင်ကို လှမ်းမြင်ရတယ်။
အဲဒီဆိုင်ရဲ့ ဆိုင်းဘုတ်က အင်္ဂလိပ်စာကိုမြင်တိုင်း စိတ်ထဲ ဘဝင်မကျဖြစ်မိတယ်။

NALAN Restaurant
Purely Vegetarian ... တဲ့။
အဲဒီထဲက Purely Vegetarian ဆိုတာကြီးကို ဘဝင်မကျတာ။
နီးစပ်ရာအဘိဓာန်တွေ လှန်ကြည့်ရင်း ကိုယ်သိသလောက်နဲ့ ဆင်ခြင်ကြည့်မိတော့... ...
Purely က Adverb (ကြိယာဝိသေသန) ဖြစ်တယ်။
ကြိယာကိုပဲ အထူးပြုရတာ။
Vegetarian ဆိုတာ Noun (နာမ်) သို့မဟုတ် Adjective (နာမဝိသေသန) ဖြစ်တယ်။
ဒီတော့...
ဒီ Adverb ကြီးက Noun or Adjective ကို အထူးပြုလို့မရ။
"Purely နဲ့ Vegetarian ကို တွဲလို့မရလို့"... အဖြေထွက်တယ်။
ဒါဆို ဒီဆိုင်ရှင်က ဘာလို့ အဲလိုရေးတာလဲ စဉ်းစားစရာ။
ကိုယ်မသိသေးတဲ့ တခြား အင်္ဂလိပ်သဒ္ဒါစည်းမျဉ်းတွေများ သုံးထားတာလား
လား လား လား...
သိတဲ့လူများ အလင်းပြပေးကြပါအုံး။
.
2. Lately Dinner
---------------------
တခါတုံးကလည်း ဖေ့စဘုတ်က မိတ်ဆွေတစ်ယောက် ပို့စ်တင်ထားတာ တွေ့တယ်။
သူ ညစာစားနေရင်းဓာတ်ပုံမှာ Caption တပ်ထားတာက... ...
Lately Dinner တဲ့။
အဲ့တုံးကလည်း ကျနော် စဉ်းစားတယ်... ...
Lately က Adverb
Dinner က Noun
ဒါဆို ဘာလို့ Late Dinner လို့ မရေးဘဲ Lately Dinner လို့ ရေးရတာလဲ...?
ကြိယာဝိသေသန က နာမ်ကို အထူးပြုလို့ မရဘူးမလား။
သူ အမှုမဲ့အမှတ်မဲ့ ရေးမိတာ နေမှာပါလို့ပဲ တွေးလိုက်တယ်။
.
3. Anniversary
-------------------
နောက် တော်တော်များများ မှားရေးနေကြတာက Anniversary ဆိုတဲ့ စကားလုံးအသုံး။
ဒီစကားလုံးနဲ့ ပတ်သက်ပြီး...
ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်မှာ 100 years Anniversary လို့ ရေးလို့ မှားနေကြောင်း ထောက်ပြခဲ့ဖူးတယ်။
တချို့ကလေးတွေလည်း ဖေ့စဘုတ်မှာ ရေးနေတင်နေတာ တွေ့တွေ့နေပါတယ်။
6 months Anniversary (မှား)
90 Days Anniversary (မှား)
1 and Half years Anniversary (မှား)
အဲလိုတွေရေးရင် မှားပါတယ်။
Anniversary ရဲ့ အဓိပ္ပယ်က တစ်နှစ်မှာ တစ်ကြိမ် ပြန်လည်ကျရောက်တဲ့ 'နှစ်ပတ်လည်နေ့' ပါ။
Month တွေနဲ့ Anniversary လို့ မရပါဘူး။
Day တွေ နဲ့ Anniversary လို့ မရပါဘူး။
Half Year တွေ ထည့်ပြီး Anniversary လို့ မရပါဘူး။
နောက်ပြီး...
Anniversary ကို သုံးရင် Years တွေ မပါရပါဘူး။
1st anniversary
2nd anniversary
30th anniversary
50th anniversary စသဖြင့်သာ ရေးရပါတယ်။
1st year anniversary လို့ မရှိပါ
2nd years anniversary လို့ မရှိပါ။
50th years anniversary လို့ မရှိပါ။
.
4. ကျနော့်ရည်မှန်းချက်
--------------------------
ကျနော်ဝါသနာပါတာက ကျောင်းဆရာ နဲ့ ရှေ့နေ။
အကျိုးသင့်အကြောင်းသင့်နဲ့ ကိုးကားပြီး စကားအခြေအတင်ပြောရတာကို သဘောကျတယ်။
ဒ့ါကြောင့် ရှေ့နေဖြစ်ချင်ခဲ့တယ်။
ကိုယ်သိထားတာလေးတွေကို သူများကိုပြန်လည် သင်ပြချင်တယ်။ ပြန်လည်မျှဝေချင်တယ်။
ဒ့ါကြောင့် ကျောင်းဆရာဖြစ်ချင် ခဲ့တာ။
ခုလည်း...
အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ ဝေဖန်ထောက်ပြတာဟာ ကျနော် အရမ်ကြီးတတ်နေလို့ တော်နေလို့ ဆရာကြီးလုပ်တာ မဟုတ်ရပါဘဲ
ကိုယ်သိထားတဲ့ အကြောင်းအရာလေးတွေကို ဒီစာဖတ်မိတဲ့သူတို့ မှားဖူးခဲ့တာရှိရင် နောင် မမှားအောင် ဆိုတဲ့ စေတနာနဲ့ ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါကြောင်း။
အထက်မှာ ကျနော်ရေးခဲ့သည်ထဲက မှားနေတာရှိပါကလည်း ထောက်ပြအလင်းဆောင်ပေးကြပါလို့။
.
.
.
လေးစားစွာဖြင့် - သန်၎ကို

No comments:
Post a Comment