Thursday, February 25, 2016

ဒေါ်အောင်ဆန်းစုကြည်နှင့် မီဒီယာဆက်ဆံရေး


သတင်းမီဒီယာသမားသည် ကြားနေရမည်၊ ဘက်မလိုက်ရ၊ မျှတရမည်၊ တစ်ဖက်သတ်သတင်း မဟုတ်ရ ဆိုသည်မှာ သတင်းမီဒီယာသမားကောင်းတစ်ယောက်၏ ကျင့်ဝတ်ထဲတွင် ပါရှိပြီးဖြစ်သည်။ သို့သော် ကျင့်ဝတ်သည် ဥပဒေမဟုတ်၊ အငြင်းပွားဖွယ်ရာများနှင့် ပြည့်နှက်နေသည်။ ဥပဒေသည်ပင်လျှင် စစ်အစိုးရအဆက်ဆက်လက်ထက် ပြဋ္ဌာန်းထားသည်များသည် ဥပဒေဖျစ်ဖျစ်မည် မဟုတ်ဘဲ စစ်အစိုးရအကျိုးငှာ ပြဋ္ဌာန်းထားချက်များဖြစ်သည်။ ဥပဒေအရဆိုပြီး မှန်ကန်သူများ ခံစားလိုက်ရသည်များ ဒုနှင့်ဒေးရှိသည်။ ဥပဒေကိုယ်၌က အများပြည်သူအကျိုးအတွက် မဟုတ်ဘဲ လူတစ်စုအကျိုးစီးပွား (၀ါ) စစ်အာဏာရှင် အကျိုးစီးပွားအတွက် ပြဋ္ဌာန်းထားခဲ့သည်များ မြန်မာတွင် အသင်္ချေအနန္တရှိနေသည်ကို တစ်ချက်လှည့် လေ့လာလိုက်ရုံနှင့် အလွယ်တကူ တွေ့မြင်နိုင်မည်ဖြစ်သည်။ ဥပဒေကိုယ်၌က ထိုမျှဆိုးရွား စုတ်ပဲ့နေသည်ဆိုလျှင် ကျင့်ဝတ်ကိစ္စသည် သေးမွှားသော အရေးအရာဖြစ်သည်။ သို့တိုင် ကျင့်ဝတ်သည် ပယ်အပ်သည့်အရာမျိုးကား မဟုတ်ပြန်ချေ။ ဆရာဝန်တွင် ဆရာဝန်ကျင့်ဝတ်ရှိသကဲ့သို့  ရှေ့နေ တွင် ရှေ့နေကျင့်ဝတ်ရှိသည်၊
ထို့အတူ အင်ဂျင်နီယာတွင် အင်ဂျင်နီယာကျင့်ဝတ်ရှိသကဲ့သို့ သတင်းသမားတွင် သတင်းသမားကျင့်ဝတ်ရှိအပ်သည်။ သတင်းတစ်ပုဒ်သည် မျှတရမည်၊ ဘက်စုံရမည်၊ မတိမ်းရမယိမ်းရ၊ စွပ်စွဲခံရသူ သို့မဟုတ် နစ်နာသူကို ဖြေရှင်းခွင့် (၀ါ) တုံ့ပြန်ခွင့် ပေးရမည်၊ သတင်းထောက် ဒါမှမဟုတ် အယ်ဒီတာ၏ ကောင်းမွန်သော မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြင့် တည်းဖြတ်ထားပြီး ဖြစ်ရမည် စသည်ဖြင့် ကျင့်ဝတ်အရ လိုက်နာရမည်များ ရှိသည်။ သတင်းသမားအများစုကလည်း လိုက်နာကြပါသည်။ မလိုက်နာလို့လည်း မဖြစ်ပါ၊ သတင်းဖတ်သူ (၀ါ) သတင်းကြည့်သူ (၀ါ) သတင်းစားသုံးသူများတွင် သတင်းသမားများထက် တော်၊ တတ်၊ ထက်မြက်သူများ များစွာရှိနိုင်သည်ဖြစ်ရာ သတင်းသမားကောင်း ဟုတ်မဟုတ်နှင့် ကျင့်ဝတ်ညီသတင်းသမားကောင်း ဖြစ်မဖြစ်ကို ကောင်းစွာ စောကြော ဆုံးဖြတ်နိုင်ကြပေသည်။ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများသည် ရာစုနှစ်ဝက်ကျော်ကြာအောင် စစ်အာဏာရှင် အဆက်ဆက်နှင့် ၎င်းတို့၏ တပည့်သားမြေး အကြွင်းအကျန်များအောက် ပိပြား၊ ငြိမ်ဝပ်ပြီး ဆိုးရွားစွာ ရှင်သန်နေထိုင်ခဲ့ကြသည်ဖြစ်ရာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နှင့် အဖွဲ့အစည်း၊ အသင်းအပင်းတစ်ခုခု၏ ကောင်းမကောင်းကို ကောင်းစွာ ဆုံးဖြတ်နိုင်စွမ်းရှိကြပါသည်။ ရှင်းရှင်းပြောရသော် မြန်မာများကို အလွယ်တကူ ပင်း၊ သွင်း၊ သပ်လျှို လုပ်မရနိုင်ပါ။ ရှင်ကြီးဝမ်းရှင်ငယ်ဝမ်း စုံတကာစေ့အောင် ၀င်ခဲ့၊ ဖြတ်ခဲ့သူများ ဖြစ်သည့်အားလျော်စွာ မပြောချင်၍သာ နေရမည်၊ အဆိုးအကောင်းကိုကား ကောင်းစွာ ခွဲခြား နှံ့စပ်ပြီးသူများ ဖြစ်ပါသည်။ သို့တိုင် ပညာမပြည့်ဝသော နှလုံးမလှသော အရိုးအရင်းကိုက် စားရသည်ကိုပင် ၀လှပြီထင်ကြသော လူ့အန္ဓအချို့ကား အခြားနိုင်ငံများနည်းတူ မြန်မာတွင်လည်း ခေတ်အဆက်ဆက် ရှိခဲ့သည်သာဖြစ်သည်။ အင်္ဂလိပ်ခေတ်တွင် အင်္ဂလိပ်အလိုတော်ရိရှိသကဲ့သို့ ဂျပန်ခေတ်တွင်လည်း ဂျပန်ကင်ပေတိုင်၏ တပည့်ကျော်များ ရှိခဲ့ကြသည်။ ထို့အတူပင် စစ်အာဏာရှင်ခေတ်တွင်လည်း အာဏာရှင်နောက်မြီးဆွဲများနှင့် ပုလင်းတူဗူးဆို့ ခရိုနီရောင်စုံများကား ရှိခဲ့သည်သာဖြစ်သည်။ အဘခေါ်နိုင်လျှင် သူဌေးဖြစ်သောခေတ်တွင် ပေါင်းစားညာစား နာမည်ပျက်လူချမ်းသာများ များပြားခဲ့သည်။ ကျောင်းသားလူငယ်တချို့ကား သမိုင်းညစ်သမိုင်းလိမ်နှင့် လူဖြစ်ခဲ့ကြရသည်ဖြစ်ရာ လူဆိုးကိုလူကောင်းထင်သည်၊ လူကောင်းကို ဂျပိုးသူခိုးထင်သည်၊ ဘက်မလိုက်ဘဲ နေသူကို လူတုံးလူအဟု မှတ်ထင်တော့သည်။ မြန်မာ့သမိုင်းသည် အာဏာရှင်အဆက်ဆက်ရေးသော သမိုင်းတုသမိုင်းယောင်ဖြစ်သဖြင့် လူကောင်းများ လူဆိုးဖြစ်ရသည်၊ တိုင်းပြည်အတွက် အနစ်နာခံရသူများ သူပုန်သူကန်ဖြစ်ရသည်။ မီဒီယာကိုလက်ထဲကိုင် ထင်တိုင်းကြဲပြီး မီဒီယာသမားများကို အမျိုးမျိုးအဖုံဖုံ ညှင်းဆဲသတ်ဖြတ်ခဲ့သူတို့က ယနေ့တိုင်မှ ကျင့်ဝတ်ကို အထပ်ထပ်အော်နေကြသည်မှာ ရှက်ဖွယ်လည်း ကောင်း၊ ရယ်ဖွယ်လည်း ကောင်းတော့သည်။ သတင်းမီဒီယာသမားများကို ဒေါ်အောင်ဆန်းစုကြည်ပင်းသူများ အင်န်အယ်လ်ဒီသင်းသူများဟု ယိုးစွပ်ကြသည်။ အစိုးရက ကောင်းရာမွန်ရာလုပ်ဆောင်သော်လည်း ချီးကျူးခြင်း မပြုဘဲ ဒေါ်အောင်ဆန်းစုကြည်ကိုသာ ချီးပကြသည်ဟု ပြောကြဆိုကြသည်။ ဒေါ်အောင်ဆန်းစုကြည်သတင်း၊ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ လှိုင်လှိုင်သုံး၊ မြိုင်မြိုင်ရေး၊ ကြိုင်ကြိုင်သတင်းတင်ဆက်နေကြသည်တို့ကို မျက်စိဆံပင်မွေးစူးသဖြင့် ပြောကြဆိုကြခြင်းဖြစ်သည်။ ဤတွင် စစ်အာဏာရှင်အဆက်ဆက်တို့၏ အောက်ဆွဲများနှင့် ခရိုနီရောင်စုံများကား အဆိုးဆုံးဖြစ်သည်။ ပညာမတတ်တတတ်များကား မီဒီယာကျင့်ဝတ်ကို လက်ကိုင်တုတ်အဖြစ် အသုံးပြုရင်း ဝေဖန်ဟောပြောသဖြင့် ဟုတ်သလိုလိုပင် ရှိနှင့်ချေတော့သည်။ အမှန်မှာ မီဒီယာသမားသည် စစ်အာဏာရှင်ဖြစ်ဖြစ်၊ သူ၏အကြွင်းအကျန်ဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ဖြစ်၊ သူ၏တပည့်သားမြေး နောက်လိုက်နောက်ပါဖြစ်ဖြစ် မဟုတ်တာ မမှန်တာ တစ်ခုခု လုပ်သည်နှင့် ရေးမည်သားမည် ထောက်ပြဝေဖန်မည်သာဖြစ်သည်။ မည်သူ့ကိုမျှ ပစားပေးခြင်း မရှိပါ၊ သို့တိုင် မီဒီယာသမားစစ်စစ်မှန်မှန်များတွင် ဝေဖန်စောကြောသည့်ဥာဉ် အပြည့်ရှိသည်၊ ဟုတ်သလား မှန်သလား စစ်ဆေးကြသည်၊ ပြောဆိုဝေဖန် ထိုက်သလား မထိုက်ဘူးလား ကြည့်တတ်ကြသည်။ သတင်းမီဒီယာသမားစစ်မှန်လျှင် အခွင့်အရေးကို မကြည့်ဘဲ တိုင်းပြည်နှင့်လူထုအကျိုးကိုသာ ကြည့်ပြီး ပြောကြဆိုကြ ရေးကြသားကြသည်သာဖြစ်သည်။ အခွင့်အရေးကြည့်သော သတင်းသမားများကား ခေတ်တိုင်းတွင် ရှိခဲ့သည်သာဖြစ်သည်။ ထိုသူများကို သတင်းသမားချင်းကလည်း မလေးစားပါ၊ စာဖတ်သူ (၀ါ) သတင်းစားသုံးသူများကလည်း မလေးစားကြပါ။ မသိသေးလျှင်သာ လုပ်စားကိုင်စားသာမည်ဖြစ်သော်လည်း သတင်းဆိုးထွက်၊ နာမည်ပျက်သည်နှင့် လောကတွင်းတွင်ရော ပြင်ပတွင်ပါ ဒုက္ခများမည်သာဖြစ်သည်။ သတင်းသမားအလုပ်သည်လည်း အခြားသော အလုပ်အကိုင်များနည်းတူ ဖြစ်သဖြင့် အကြံဆိုးဥာဏ်ဆိုးရှိသူများ၊ အခွင့်အရေးသမားများ၊ အကျိုးမျှော်လုပ်ကိုင်ကြသည်များ ရှိနိုင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်စပ်၍ သတင်းမီဒီယာသမားများအကြောင်းကို ချိတ်ဆက်ရေးပြနေသော်လည်း စစ်အာဏာရှင်များနှင့်ယှဉ်ယှဉ်၊ ၎င်းတို့၏ နောက်မြီးဆွဲ အကြွင်းအကျန်များနှင့်ယှဉ်ယှဉ်၊ အခြားသော နိုင်ငံရေးသမားများနှင့် အင်အားစုများနှင့်ယှဉ်ယှဉ် မည်သူနှင့်ယှဉ်သည်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်ကို ဖက်ပြိုင်ယှဉ်နိုင်သူတစ်ဦးတစ်ယောက်ကိုမျှ စာရေးသူအနေနှင့် မတွေ့မမြင်မိပါ။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများအတွက် ၎င်းကိုယ်ကျိုးကို စွန့်လွှတ်ထားသူဖြစ်သည်။ သို့တိုင် ထိုသို့စွန့်လွှတ်ထားပါကြောင်းကို သူ့နှုတ်က တစ်ကြိမ်တစ်ခါမျှ ထုတ်ဖော်မပြောဘူးပါ၊ သူ၏ ရွေးချယ်မှုသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွက် လူထုအတွက် ကိုယ်ကျိုးစွန့်ဆောင်ရွက် လုပ်ကိုင်နေသည်ဆိုသော်လည်း နိုင်ငံရေးသမားအချို့ကဲ့သို့ ခါတော်မီနိုင်ငံရေးလုပ်စားသည်မျိုးလည်း မဟုတ်ပြန်ပါ။ အခွင့်အရေးပေါ်မှ အကျိုးမျှော် လုပ်ကိုင်ခဲ့ခြင်း မဟုတ်ဘဲ အချိန်ကျ၍ တိုင်းပြည်နှင့်လူထုက လိုအပ်လာလျှင် မြန်မာ့နိုင်ငံရေးထဲ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နိုင်ရန် သူသည် ငယ်ကတည်းကမှစပြီး သင်ယူ လေ့ကျင့် ပြင်ဆင်ထားခဲ့သူဖြစ်သည်။ အောက်စဖို့တက္ကသိုလ် စိန့်ဟုဂ်ျကောလိပ်တွင် ကျောင်းတက်စဉ်က နိုင်ငံရေးသိပ္ပံ၊ ဘောဂဗေဒနှင့် ဒဿနိကဘာသာရပ်များကို လေ့လာလိုက်စားပြီး ပထမဘွဲ့ရယူခဲ့သူဖြစ်သည်။ ၈၈၈၈ လူထုလှုပ်ရှားမှု ဒီမိုကရေစီအရေးတော်ပုံကြီးနောက် မြန်မာ့နိုင်ငံရေးလောကတွင် ထိန်လင်းသော ကြယ်တစ်ပွင့်ဖြစ်လာခဲ့ပြီးနောက်တွင် ၎င်းကိုယ်တိုင် စုဆောင်း ပြုစု ပြင်ဆင်ခဲ့သော အရည်အသွေးများကို ရှင်းရှင်းလင်းလင်း မြင်လာခဲ့ရသည်။ အထူးသဖြင့် စွဲငြိဖွယ် နိုင်ငံရေးဟောပြောမှုများနှင့် သွက်လက် ထိမိသော မီဒီယာဆက်ဆံရေးတွင် သူ၏အရည်အချင်းမှာ ပွင့်ပွင့်လင်းလင်းနှင့် မြင်သာနေပေသည်။ ထိုအရည်အချင်းနှင့် အရည်အသွေးများသည် နေ့ချင်းညချင်း ဥုံဖွနှင့် လုပ်မရပါ၊ ဖတ်၊ မှတ်၊ လေ့လာ၊ စု၊ တု၊ ပြုပြီးမှ လုပ်ကိုင်နိုင်ခြင်းဖြစ်သည်။ ယနေ့တိုင် အသက် ၇၀ ကျော် အရွယ်တွင်လည်း သူမတူသော စိတ်ဓာတ်၊ အင်အား၊ လုပ်ရပ်တို့ဖြင့် မှတ်ကျောက်တင်ခံဆဲဖြစ်သည်။ ဘီဘီစီသတင်းထောက်ဘ၀က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတစ်ခုကို စာရေးသူ တက်ရောက်ခဲ့သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်အပွဲအပြီး ရက်ပိုင်းအတွင်းတွင် ကျင်းပသော ယင်းသတင်းစာရှင်းလင်းပွဲ မစတင်မီ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တွင်း ၀င်ရောက်မည်/မရောက်မည်ကိစ္စကို (ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ရွေးကောက်ခံအမတ်သစ်များ လွှတ်တော်တွင်း ကျမ်းကျိန်ဆိုရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ``ထိန်းသိမ်းစောင့်ရှောက်ပါမည်`` နှင့် ``လေးစားလိုက်နာပါမည်`` စကားရပ်နှစ်ခုနှင့် စကားလုံး အငြင်းပွားချိန်ဖြစ်သည်) မမေးမြန်းရန် ကြိုတင် မေတ္တာရပ်ခံသည်၊ သို့သော် စာရေးသူက မေးခွင့်ရသည်နှင့် မေးသည့် မေးခွန်းမှာ ထိုကိစ္စသာဖြစ်သည်။ နိုင်ငံရေးသမားတစ်ယောက် သို့မဟုတ် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်က သတင်းသမားတစ်ယောက်ကို ဘာလုပ်ရန် သို့မဟုတ် ဘာမလုပ်ရန် ပြောဆိုခွင့် မရှိပါ (မေတ္တာရပ်ခံစရာလည်း မလိုပါ)၊ သူ့တွင် အခွင့်ရှိသည်က ဖြေရန် သို့မဟုတ် မဖြေရန်သာ ရှိပါသည်၊ သို့တည်းမဟုတ် ယခုဖြေဆိုရန် အကြောင်းမညီညွတ်သေးပါဟု ပြောလိုက ပြောနိုင်ပါသည်။ မီဒီယာသမားကို ကျော်ခြင်း၊ ညွန့်ခြင်းကား မလုပ်စကောင်းပါ။ ဒေါ်အောင်ဆန်းစုကြည်၏အမြင်တွင် သတင်းမီဒီယာသမားများကို သားအရွယ်၊ မြေးသဖွယ် ထင်မြင်နိုင်မည်ဖြစ်သော်လည်း မီဒီယာသမားကား ငယ်သည်ကြီးသည်မဟူ ပေါ့သေးသေးကား မဟုတ်တန်ရာ။ သို့သော် မီဒီယာသမားသည် ထိုက်သင့်သော ကုံလုံနေရမည့် အရည်အချင်းများကို မချို့မယွင်း ဖြည့်ဆည်းထားရမည်မှာ အမှန်ဖြစ်သည်။

No comments:

Post a Comment