Thursday, February 25, 2016

သူတို့ပညာရေး ဘယ်လိုပြင်ဆင်ပေးသလဲ

Tin Nyunt

ဂျပန်၊ သြစတြေးလျ၊ အမေရိကန်ပြည်ထောင်စုစတဲ့ နိုင်ငံတွေမှာ ကျောင်းသားတွေဟာ အချိန်ပိုင်း အလုပ်လေး တွေ လုပ်ကိုင်ခွင့်ရကြတယ်။ ကိုယ့်ပြဿနာကိုယ်တာဝန်ယူ တတ်အောင် လေ့ကျင့်ပေးနိုင်တဲ့ အကောင်းဆုံး နည်းတစ်နည်းလို့ ယူဆပါတယ်။
တစ်လောက မိတ်ဆွေတစ်ယောက်နဲ့ တွေ့တယ်။ သူ့သမီးတွေက အမေရိကန် ပြည်ထောင်စုမှာ ကျောင်းတက် နေကြတာ။ သူက သမီးတွေဆီကို လွမ်းလို့ တစ်ခါတစ်လေသွားရင် မြန်မာနိုင်ငံမှာလို သမီးတွေကို အလို လိုက်ပြီး တစ်ခုခု ဝယ်ပေးမယ်လို့ လုပ်တာကို သမီးတွေက အပြစ်တင်တယ်။ ပါပါ .. ဒါ … မြန်မာပြည် မဟုတ် ဘူး။ ပေါပေါရ ပေါပေါ မသုံးပါနဲ့။ ပစ္စည်းတွေလည်း မလိုဘဲ လျှောက်မဝယ်နဲ့။ ပိုက်ဆံကို ဘဏ်ထဲပဲ ထည့်ပေးခဲ့။ သမီးတို့လည်း လိုမှဝယ်မယ်လို့ ပြန်ပြောသတဲ့။

ကလေးတွေက အချိန်ပိုင်း အလုပ်လေးတွေနဲ့ ကိုယ့်ဝင်ငွေ ကိုယ်ရှာပြီး ကျောင်းတက်နေ ကြတော့ ပိုက်ဆံ တန်ဖိုးကို ကောင်းကောင်း သိကြတာပေါ့။
သြစတြေးလျနိုင်ငံမှာ Year 12 လို့ခေါ်တဲ့ ဂျူနီယာကောလိပ်တန်း
တက်နေတဲ့ ကျောင်းသားဦးရေရဲ့ ထက်ဝက် လောက်ဟာ အချိန်ပိုင်း အလုပ်တွေ ဝင်လုပ်နေကြတယ်။ တက္ကသိုလ်ဆက်တက်ဖို့ ငွေရှာတဲ့သူတွေလည်းရှိ တယ်။
အမေရိကန်ပြည်ထောင်စုမှာဆိုရင်လည်း အသက် ၁၅ နှစ်ပြည့်ပြီးတဲ့ လူငယ် သုံးပုံတစ်ပုံလောက်ဟာ လုပ်ငန်း အတွေ့အကြုံတွေ ရှိနေကြပြီ။ ဂျပန်မှာဆိုရင်လည်း အထက်တန်းအဆင့်လောက်ရောက်ရင် အများစုဟာ အချိန်ပိုင်းအလုပ်တွေ ထွက်လုပ်ကြတယ်။
သူတို့နိုင်ငံတွေမှာက အလုပ်လုပ်ရင်း ပညာရှာရတယ်ဆိုတာ ဓလေ့တစ်ခုလိုဖြစ်အောင် ရိုက်သွင်းထားလိုက် တာ။ အပိုဝင်ငွေလည်းရ လုပ်ငန်းအတွေ့အကြုံလည်းရအောင် အလုပ်ထွက်လုပ်ရမယ်ဆိုတဲ့ အသိကို ရိုက်သွင်း လိုက်တော့ မိဘဆီကနေ လက်ဖြန့်တောင်းတာကို ရှက်စရာလို့လည်း မြင်လာကြတယ်။
ငွေကြေးကို ဘယ်လိုရှာရသလဲဆိုတာ နားလည်မှ အသုံးနဲ့ အဖြုန်းကို ခွဲခြားတတ်မှာပေါ့။ ကိုယ့်ကိုယ်ကို အားကိုးလိုစိတ်၊ အချိန်ကို အကျိုးရှိစွာ အသုံးချရမယ်ဆိုတဲ့ စိတ်၊ အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်စိတ်၊ တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်ပြီး လုပ်ဆောင်တတ်စိတ်တွေဟာ ကျောင်းတွေမှာ အခြေခံပေးလိုက်တော့ သူတို့ ဘဝတွေမှာ ရဲရဲကြီးလျှောက်ဝံ့ကြတာ မထူးဆန်းပါဘူး။
နိုင်ငံတကာပညာရေးတွေမှာ ကျောင်းသားတွေကို စာသင်ခန်းထဲ ပိတ်လှောင်ထားမလား၊ ပြင်ပအတွေ့အကြုံနဲ့ ကျောင်းသင်ပညာရေး ပေါင်းစပ်ပေးမလားဆိုတာကို အလေးထားစဉ်းစားနေကြတယ်။ ကျောင်းစာနဲ့ မဖိလိုက် ရရင် စာမတတ်ဘူးလို့ထင်တဲ့ ကျွန်တော်တို့နိုင်ငံက ပညာရှင်တွေ ပြန်လည်ဆင်ခြင်ကြစေ
ချင်ပါတယ်။ သူတို့ နိုင်ငံတွေမှာက ကမ္ဘာ့အဆင့် စာမေးပွဲတွေကို ဖြေနေကြရတာ။ အဲဒီလို ပြင်ပအလုပ်တွေ လျှောက်လုပ်နေလို့ စာမေးပွဲကျတယ်၊ အဆင့်နိမ့်တယ်
ဆိုတာကို လက်မခံကြပါဘူး။
ကျောင်းသားဆိုတာ တစ်ချိန်မှာ လုပ်ငန်းခွင်ထဲ၊ ပြည်သူလူထုထဲ ဝင်ကြရမှာ။ လူတောထဲ မတိုးရဲအောင် “စာကြောင်” တွေဘဝရောက်အောင်
လုပ်ထားကြတာတွေ ပြင်ရဦးမှာ။ ဂုဏ်ထူးတွေအများကြီး ထွက်အောင်လုပ်၊ ဆေးလိုင်းရအောင် လုပ်နိုင်မှ ဂုဏ်ရှိတယ်ဆိုတဲ့ အသိုင်းအဝိုင်းရဲ့ ခံယူချက်အကျင့်တွေကို မပြင်နိုင်သေးသမျှ ကျွန်တော်တို့ ပညာရေး နိမ့်ကျနေဦးမှာပဲဗျ။
၂၂.၂.၂၀၁၆

No comments:

Post a Comment