စင်ကာပူဝန်ကြီးချုပ် ဖော်ဆောင်နေတဲ့ Smart Nation ဆိုတဲ့အကြောင်း နည်းနည်းပြောချင်ပါတယ်။
နည်းပညာကို အကောင်းဆုံး အသုံးချပြီး အထိရောက်ဆုံး ဖော်ဆောင်နိုင် တဲ့ နိုင်ငံတစ်နိုင်ဖြစ်အောင်လုပ်မယ် လို့ နားလည်မိပါတယ်။ စင်ကာပူနိုင်ငံသားတွေ သက်သောင့်သက်သာအဖြစ်ဆုံး၊ အဆင်အပြေဆုံးလည်း နေထိုင်နိုင်ရမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုပြီး ပေါများလာရမယ်။ နိုင်ငံသားတိုင်း အလုပ် အကိုင်တွေရပြီး တိုးတက်ကြီးပွားလာစေရမယ်။ တကယ့်ကို ခိုင်မာတည်တံ့တဲ့ လူ့ဘောင်အဖွဲ့အစည်းကြီး တစ်ခု ဖြစ်လာစေရမယ်ဆိုပြီးတော့ ဝန်ကြီးချုပ် လီဆင်လွန်းက ဦးတည်ပြီးတော့ အကောင်အထည်ဖော်နေတဲ့ စီမံချက်ကို Smart Nation လို့ ပြောတာပါ။
တကယ့်ကို စမတ်ကျတဲ့နိုင်ငံတစ်နိုင်ငံထူထောင်ဖို့ဆိုတာ နည်းပညာကောင်း
တာတွေချည်းသက်သက်နဲ့ မရဘူး။ အစိုးရကိုယ်တိုင်ကလည်း သန့်ရှင်းသော အစိုးရ
ကောင်းမွန်သော အုပ်ချုပ်ရေးဖြစ်ဖို့လိုပါတယ်။
ဒါကြောင့် အစိုးကောင်း တစ်ရပ်ဖြစ်အောင် အားထုတ်ခဲ့တာဟာ သူတို့ရဲ့ ပထမခြေလှမ်း၊ နောက်တစ်ဆင့် တက်လှမ်းတာက Smart Nation လို့လည်းဆိုပါတယ်။
Smart Nation ဖြစ်ဖို့ ဒေတာတွေကို စုဆောင်းထားနိုင်တဲ့ အနေအထားရှိရမယ်။ ကျွမ်းကျင်တဲ့ အိုင်တီ ပညာရှင်တွေရှိရမယ်။ အစိုးရချည်းသက်သက် ရပ်တည်လို့မရဘူး။ အစိုးရရယ် စီးပွားရေးသမားတွေရယ် ပညာရှင်တွေရယ် လက်တွဲထားနိုင်မှ အောင်မြင် မယ်လို့ လီဆင်လွန်းကဆိုပါတယ်။
အားလုံးကို စမတ်ဖြစ်အောင်လုပ်ဖို့ဆိုတာ နှစ်ပေါင်းများစွာကတည်းက စီစဉ်ခဲ့ရပါတယ်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးက စမတ်ဖြစ်နေမှ သူများနိုင်ငံတွေက အထင်ကြီးလေးစားမယ်။ စမတ်ဖြစ်နေတဲ့ ပြည်သူတွေကို စမတ်ကျတဲ့အစိုးရက ဦးဆောင်မှ စမတ် ကျတဲ့ နိုင်ငံဖြစ်မယ်။ အားလုံးမှာ အရေးကြီးတာက ပညာရေးပဲ။ စမတ်ကျတဲ့ ပညာရေး ပြည်သူတွေကို သင်ပေးမထားရင် စမတ်ဦးနှောက်ပိုင်ရှင်တွေ ဖြစ်မလာနိုင် ပါဘူး။
သူတို့နိုင်ငံက ပညာတတ်တွေမှာ နိုင်ငံတကာထွက်ပြီး အိမ်ဖော်လုပ်မယ်၊ ကျွန်ခံမယ်ဆိုတဲ့ စိတ်ဓာတ်တွေ မရှိစေရေးဟာ စမတ်အစိုးရရဲ့ စမတ်နိုင်ငံတော် ထူထောင်ရေးမှာ အဓိကကျတဲ့ အတွေးအမြင်ဖြစ်ပါတယ်။
နိုင်ငံကို အိုင်စီတီလမ်းကြောင်းပြောင်းပြီး စမတ်နိုင်ငံတော်ဖြစ်ရေးဆိုတာ စမတ်ကျတဲ့ နိုင်ငံခေါင်းဆောင် တစ်ယောက်ကပဲ တွေးမြင်ဖော်ဆောင်နိုင်မှာပါ။ ကိုယ်တိုင်က အောက်တန်းကျပြီး ခိုင်းတာလောက်ပဲ လုပ်၊ ပေးတာလောက်ပဲ ဖတ်၊ ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်မဟုတ်ဘဲ ထားရာနေ စေရာသွား ခေါင်းဆောင်မျိုးဟာ ဘယ်တော့မှ ကိုယ်တိုင်လည်း စမတ်မကျ၊ တိုင်းပြည်နဲ့ လူမျိုးကိုလည်း စမတ်နိုင်ငံ စမတ်လူမျိုးဖြစ်အောင် ပြုပြင်ဖော်ဆောင်ပေးနိုင်ဖို့ဆိုတာ အဝေးကြီးပါဗျာ။
၁၇.၂.၂၀၁၆

No comments:
Post a Comment