Sunday, January 3, 2016

ပြည်သူ့ဘဏ္ဍာ ရထိုက်ပါစေ...



 
ရွေးကောက်ပွဲပြီးကာလ မြန်မာ့နိုင်ငံရေးရပ်ဝန်းထဲက ထွက်ပေါ်လာတဲ့ သတင်းစကားတိုင်းက အများပြည်သူအတွက် စိတ်ဝင်စားစရာတွေချည်း ဖြစ်နေပါတယ်။ အဲဒီသတင်းစကားတွေထဲက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းထွက်ပေါ်ခဲ့တဲ့ နိုင်ငံရေးပင်စင်ကိစ္စဟာလည်း အများပြည်သူကြား စိတ်ဝင်တစားရှိခဲ့ရုံမက ပြစ်တင်ဝေဖန်မှုများစွာနဲ့လည်း ကြုံတွေ့ခဲ့ကြရပါတယ်။ အခုပြစ်တင်ဝေဖန်ခံနေရတယ်ဆိုတာကလည်း လွှတ်တော်တွင်းနဲ့ အစိုးရအဖွဲ့အတွင်းမှာ ပြည်သူ့အကျိုးအတွက် စွမ်းဆောင်ခဲ့ကြသူတွေရှိသလို ပြည်သူ့အကျိုးထက် မိမိတို့ကိုယ်ကျိုးကိုသာ စွမ်းနိုင်ဆောင်ခဲ့သူတွေရှိနေလို့ဖြစ်ပါတယ်။ အများပြည်သူက ပြစ်တင် ဝေဖန်ခြင်းကို ပြုတယ်ဆိုကတည်းက အဲဒီကိစ္စဟာ ပြည်သူ့အကျိုး မျက်ကွယ်ပြုခြင်း၊ ပြည်သူကို ကိုယ်စားမပြုခြင်းတွေနဲ့ တစ်နည်းမဟုတ်တစ်နည်း ဆက်နွှယ်နေလို့ပဲ ဖြစ်ပါတယ်။
အဲဒီအတွက် သက်သေသာဓကများစွာလည်း လက်ရှိအစိုးရလက်ထက်မှာ ပေါ်ပေါ်တင်တင်ရှိနေခဲ့ပါတယ်။ ပြည်သူ့အကျိုးအတွက် အသုံးပြုရမယ့် ငွေပမာဏ၊ ပစ္စည်းပမာဏကို အပြည့်အဝအသုံးမပြုတာ။ အဆင့်ဆင့် ကိုယ့်အိတ်ထဲ ကိုယ်ဖိတ်စဉ်ပြီးခါမှ အောက်ခြေကိုရောက်လာခဲ့တာတွေဟာ ပြည်သူကြားမှာ ပြောစမှတ်တွင်လောက်အောင်ကို ဖြစ်ခဲ့ပါတယ်။ ပြည်သူ့အကျိုးပြုဖို့ဆိုတာထက် ထမင်းတစ်နပ်လျှော့စားဖို့၊ လျှပ်စစ်မီးမရရင် ဖယောင်းတိုင် ထွန်းနေဖို့ဆိုတဲ့စကားရပ်တွေနဲ့ ပြည်သူကို မညှာမတာပြောဆိုခဲ့ကြသလို ပါးရိုက်မယ်ဆိုတာတစ်မျိုး၊ ပုဆိုးလှန်ပြတာတစ်ဖုံနဲ့ ပြည်သူကို မထီမဲ့မြင်ပြုမူခဲ့ကြတဲ့ သူတွေတောင် ရှိနေပါသေးတယ်။ ဆီးသီးဗန်းမှောက်တယ်ဆိုတဲ့ကိစ္စဟာလည်း အစိုးရအဖွဲ့အတွင်းက ခြစားမှုကို ထင်ပေါ်စေခဲ့တဲ့ ပုံရိပ်တစ်ခုဖြစ်ပါတယ်။ ငါးနှစ်တာကာလ လွှတ်တော်တွင်းက အခြေအနေကို ပြန်လည်စေ့ငုကြည့်မယ်ဆိုရင်လည်း အိပ်ငိုက်တဲ့အမတ်တွေရှိနေတဲ့အကြောင်း၊ ပြည်သူ့အကျိုးထက် မိမိကိုယ်ကျိုးကိုသာ ရှေးရှုတဲ့အမတ်တွေရှိနေတယ် ဆိုတဲ့အကြောင်း၊ ရွေးကောက်ပွဲပြီးကတည်းက မိမိ ကိုယ်စားပြုတဲ့ဒေသကို ခြေဦးမလှည့်ခဲ့တဲ့အမတ်တွေ ရှိနေခဲ့တယ်ဆိုတဲ့အကြောင်းတွေက ဖုံးကွယ်ထားလို့မရအောင် အများပြည်သူကြား ရေပန်းစားခဲ့တဲ့ဖြစ်ရပ်များပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက် နေ့ထုတ် ဆဲဗင်းဒေးသတင်းစာမှာ အဲဒီတစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေနဲ့ပတ်သက်ပြီး တွေ့ဆုံမေးမြန်း ရေးသားထားတဲ့ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ အဲဒီသတင်းထဲမှာ လွှတ်တော်အမတ်တစ်ဦး ဖြစ်တဲ့ ဒေါ်တင်နွယ်ဦးပြောဆိုထားတဲ့စကားကို ပြန်လည်ကောက်နုတ်ဖော်ပြချင်ပါတယ်။ ‘‘ပါတီမန်ခေတ်က လွှတ်တော်သက်တမ်းငါးနှစ်မှာ တစ်ရက်လျော့ရင် ပင်စင်က တစ်ပြားမှ မရဘူး။ ဥပဒေကိုပါ ပြင်ရမယ်။ ပေးမလား၊ မပေးဘူးလားဆိုတာတော့ သူတို့အပေါ်မှာပဲ မူတည်တယ်။ လွှတ်တော်ကိုယ်စားလှယ် ၆၀၀ ကျော်မှာ တကယ်အလုပ်လုပ်တာက ၆၀ လောက်ပဲရှိတယ်။ လစာကိစ္စကတည်းက ကျွန်မက သဘောမတူဘူး ပြောထားပြီးသား’’ သိပ်ကို ထိမိမှန်ကန်တဲ့ပြောဆိုချက်လို့ ဆိုရမှာ ဖြစ်ပါတယ်။ လွှတ်တော်သက်တမ်းငါးနှစ်အတွင်းမှာ ပြည်သူ့အကျိုးကို မျက်ကွယ်ပြုပြီး မိမိတို့ကိုယ်ရေးကိုယ်တာအတွက် ခွင့်ရက်များကို အလွန်အကျွံရယူခဲ့၊ ပျက်ကွက်ခဲ့ကြတဲ့ အမတ်တွေရှိနေသလို ပြည်သူ့ကိုယ် စားလှယ်ဆိုတဲ့ နာမကိုသာခံယူပြီး ပြည်သူ့အကျိုးကို မသယ်ပိုးခဲ့တဲ့ အမတ်တွေလည်း များစွာရှိနေခဲ့ပါတယ်။ ဒေါ်တင်နွယ်ဦးပြောဆိုခဲ့တဲ့ စကားအတိုင်းဆိုရင်တော့ ပြည်သူ့အကျိုးအတွက် တကယ်အလုပ်လုပ်တဲ့အမတ်ဟာ ၁၀ ရာခိုင်နှုန်းပဲ ရှိနေပါတယ်။ အဲဒီအချက်နဲ့ပတ်သက်လို့ ၂၀၁၄ ခုနှစ် စက်တင်ဘာလတုန်းက ထုတ်ပြန်ခဲ့တဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်ရဲ့ စစ်တမ်းတစ်ခုမှာလည်း အခုလိုဖော်ပြထားတာကို တွေ့ရပါတယ်။ ‘‘ပြည်သူ့လွှတ်တော်သို့ ရွေးကောက်တင်မြှောက်ခန့်အပ်ခံရဖူး သူ ၅၀၈ ဦးရှိရာ ပထမပုံမှန်အစည်းအဝေးမှ နဝမပုံမှန်အစည်းအဝေးအထိ မေးခွန်းမေးမြန်းမှု၊ အဆို တင်သွင်းဆွေးနွေးမှု မတွေ့ရသည့် လွှတ်တော်ကိုယ်စားလှယ် ၂၁၇ ဦးရှိခဲ့ကြောင်း၊ အမျိုးသားလွှတ် တော်သို့ ရွေးကောက်တင်မြှောက်ခန့်အပ်ခံရဖူးသူ ၂၃၅ ဦးရှိရာ ပထမပုံမှန်အစည်းအဝေးမှ နဝမပုံမှန်အစည်းအဝေးအထိ မေးခွန်းမေးမြန်းမှု၊ အဆိုတင်သွင်းဆွေးနွေးမှု မတွေ့ရသည့်လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦးရှိခဲ့ကြောင်း တွေ့ရသည်။’’ လွှတ်တော်တွင်းမှာရှိတဲ့ အမတ်တွေထဲမှာ ပြည်သူ့အကျိုးအတွက် မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်း မပြုသူတွေရှိနေတယ်ဆိုတာကို စစ်တမ်းကဖော်ထုတ်ထောက်ပြထားတာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်ကတော့ လစာ ၁၀ သိန်းပေးစဉ်တုန်းကလည်း ကန့်ကွက်ခဲ့ကြောင်း၊ အခုကိစ္စမှာလည်း တကယ်ပေးလို့ ရလာခဲ့မယ်ဆိုရင်လည်း လှူပစ်မယ်ဆိုပြီး နိုင်ငံရေးပင်စင် (သို့မဟုတ်) တစ် လုံးတစ်ခဲတည်း ချီးမြှင့်ငွေကိစ္စနဲ့ ပတ်သက်ပြီး ဆဲဗင်းဒေးရဲ့ မေးမြန်းချက်မှာ ပြောဆိုထားတာ ဖတ်လိုက်ရပါတယ်။ အခုခံစားခွင့်ကို ရရှိခံစားကြရမယ်ဆိုရင် လွှတ်တော်အမတ် (တပ်မတော်သားမပါ) စုစုပေါင်း ၄၅၇ ဦးရှိပြီး တစ်ဦးကို ကျပ်သိန်း ၅၀ နဲ့တွက်မယ်ဆိုရင် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေကနေ ကျပ်သန်းပေါင်း ၂,၂၀၀ ကျော် ကုန်ကျမှာ ဖြစ်ပြီး အဲဒီအထဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အမတ်တွေကိုပေးမယ့် ချီးမြှင့်ငွေမပါသေးဘူးလို့ ဆဲဗင်းဒေးက နိုင်ငံရေးပင်စင်နဲ့ပတ်သက်တဲ့သတင်းမှာ တွက်ချက်ပြထားပါတယ်။ အဲဒီအထဲမှာ အစိုးရအဖွဲ့ဝင်တွေလည်း မပါသေးပါဘူး။ အဲဒီငွေပမာဏဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာ ရင်းဝင်နေတဲ့ နိုင်ငံတစ်ခုအတွက် မပြောပလောက်ပါဘူးလို့ ငြင်း ချက်ထုတ်မရနိုင်တဲ့အခြေအနေပါ။
ဒီနေရာမှာ အဓိကထား စဉ်းစားရမှာက နိုင်ငံရေးပင်စင် (သို့ မဟုတ်) တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေကို ရယူခံစားကြမယ့်သူ တွေထဲမှာ ပြည်သူ့အကျိုးထက် မိမိတို့အကျိုးကိုသာ ရှေးရှုခဲ့ကြသူတွေပါနေလို့သာ ပြည်သူက ပြစ်တင်ဝေဖန်နေကြတာဖြစ်ပြီး အဲဒီပုဂ္ဂိုလ်များအနေနဲ့ မိမိတို့ဟာ ပြည်သူ့အကျိုးကို မမျှော်ကိုးခဲ့ဘဲ အဲဒီခံစားခွင့်ကို ရယူသင့်၊ ရယူထိုက်သလားဆိုတာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အခုရယူခံစားကြမယ့် ငွေကြေးများဟာ ပြည်သူက ချွေးနဲ့ရင်းပြီး ရှာဖွေထားရတဲ့ငွေကြေးတွေထဲက တိုင်းပြည်အခွန် ဘဏ္ဍာအဖြစ် တချို့တစ်ဝက်ခွဲဝေ ထည့်ဝင်ပေးထားကြရလို့ပါ။ အဲဒီပြည်သူ့ဘဏ္ဍာထဲကနေ ထုတ်နုတ်ပေးရမှာဖြစ်လို့ ထိုက်တန်သူသာ ခံစားစေလိုကြပါတယ်။ အဲဒီတော့ အခုနိုင်ငံရေးပင်စင် (သို့မဟုတ်) တစ်လုံးတစ်ခဲတည်းချီးမြှင့်ငွေကို ခံစားကြမယ့် လွှတ်တော်အမတ်နဲ့ အစိုးရအဖွဲ့ဝင်တွေကို ပြောလိုတာကတော့ မိမိသည် အများပြည်သူအကျိုးအတွက် ဘယ်လောက်စွမ်းဆောင်ပေးခဲ့သလဲ၊ ဘယ်လောက်ထိစွမ်း ဆောင်ပေးနိုင်မှုကို မပြုခဲ့သလဲဆိုတဲ့ မေးခွန်းအပေါ်မှာ အခြေခံပြီး အခုရရှိလာမယ့် အခွင့်အရေးကိုလည်း ရယူထိုက်သူလား၊ မထိုက်သူလားဆိုတာကို ကိုယ့်ကိုယ်ကိုယ်မလိမ်တမ်း၊ မညာတမ်းမေးခွန်း ထုတ်ကြဖို့လိုမှာ ဖြစ်ပါတယ်။ ဒါကတော့ လက်ရှိလွှတ်တော်တွင်းနဲ့ အစိုးရအဖွဲ့အတွင်းက လူပုဂ္ဂိုလ်များအတွက် မိမိတို့လုပ်ဆောင်ခဲ့မှုအပေါ်မှာ ပြန်လည်ဆင်ခြင်သုံးသပ်ကြဖို့ပါ။ ဆက်လက်ပြီးပြောလိုတာကတော့ မကြာမီကာလအတွင်း လွှတ်တော်တွင်းနဲ့ အစိုးရအဖွဲ့အတွင်းကို ဝင်ရောက်လာ ကြတော့မယ့် လူပုဂ္ဂိုလ်များကိုပဲ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က အနှေးယာဉ်လုပ်သား (ဆိုက်ကားဆရာ)များနဲ့တွေ့ဆုံချိန်မှာ အခုလို ပြောပါတယ်။ ‘‘နိုင်ငံရေးလုပ်တဲ့နေရာမှာ တချို့က ကိုယ့်အတွက်လုပ်တယ်ဆိုတာ ရာထူးရဖို့၊ အာဏာရဖို့။ တချို့ကျတော့လည်း စင်မြင့်ပေါ်ကိုတက်ပြီးတော့ ထင်ပေါ်ကျော်ကြားချင်တဲ့ စိတ်ဓာတ်ကလေးနဲ့ အဲဒီလိုလုပ်တာတွေရှိတယ်။ ကျွန်မတို့ရဲ့ အနှေးယာဉ်အင်အားစုတွေက အဲဒီစိတ်ဓာတ်နဲ့ မဟုတ်ဘူး။ စင်မြင့်ပေါ်တက်ဖို့လည်း မစဉ်းစားဘူး။ ရာထူးအာဏာရဖို့လည်း မစဉ်းစားဘူး။ နိုင်ငံတိုး တက်ရင် ငါတို့တိုးတက်မယ်ဆိုတဲ့ အခြေခံထားသင့်၊ ထားထိုက်တဲ့ စိတ်ထားနဲ့ လုပ်ပေးတဲ့အတွက် ကျွန်မအင်မတန်မှ ကျေးဇူးတင်ပါ တယ်’’ဆိုပြီး ဖြစ်ပါတယ်။ လာမယ့်လွှတ်တော်တွင်းနဲ့ အစိုးရအဖွဲ့အတွင်း ဝင်ရောက်လာမယ့် လူပုဂ္ဂိုလ်တွေအတွက် မှတ်သားစရာစကား ဖြစ်ပါတယ်။ လာမယ့် အစိုးရအဖွဲ့အတွင်းနဲ့ လွှတ်တော်တွင်းကိုရောက်ရှိလာကြမယ့် လူပုဂ္ဂိုလ်များသည်လည်း ထိုက်သင့်တဲ့ လစာငွေများအပြင် တာဝန်ပြီးဆုံးတဲ့အခါ နိုင်ငံရေးပင်စင် (သို့မဟုတ်) တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေကို ရယူခံစားကြရဦးမှာ ဖြစ်တဲ့အတွက် ရှေ့လူများရဲ့ ကောင်းသောလုပ်ဆောင်ချက်၊ မကောင်းသော လုပ်ဆောင်ချက်များကို နမူနာယူပြီး ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ စကားများကို မှတ်သားရင်း ပြည်သူ့ဘဏ္ဍာကို ရယူခံစားထိုက်သူများအဖြစ် ကိုယ့်ကိုယ်ကိုယ် ဖန်တီးတည်ဆောက်သွားကြစေလိုကြောင်းပါ။
(7 Day ဂျာနယ်တွင်ဖော်ပြသောဆောင်းပါးဖြစ်ပါသည်။)
 
7 Day News Journal
On. Thu, 2015-12-31 13:04
မူရင်းလင့် - http://www.7daydaily.com/story/5454...

No comments:

Post a Comment