Sunday, January 10, 2016

မိတ်ဆွေအသစ်လေးဘာလေးလည်း ရှာဦးမှ

Kyaw Ba Thit

"အင်း...ငါ့ဘဝ... အွန်လိုင်းပေါ်က ရှိတဲ့မိတ်ဆွေလေးနဲ့တင် ကျေနပ်နေလို့ မဖြစ်သေးပါဘူးလေ၊ အပြင်လောကက တကယ်ထိလို့ကိုင်လို့ရမယ့် မိတ်ဆွေအသစ်လေးဘာလေးလည်း ရှာဦးမှပါ" လို့ တွေးမိတဲ့နေ့က... ကျွန်တော်ဟာ စားပွဲပေါ်က ကွန်ပြူတာကို ပိတ်၊ လိုအပ်ရာရာယူပြီး လူထူထူလမ်းမပေါ် ဖရင်းဒ်ရှာ ထွက်လာခဲ့ပါတယ်။
ကျွန်တော့်အနေနဲ့ ဖေ့ဘွခ်လောကမှာ နှစ်အတော်ကြာ ကျင်လည်ရင်း ဖရင်းဒ်အနည်းအပါး ရခဲ့တာကို နမူနာယူပြီး လမ်းမပေါ် တက်လာတော့လည်း ဖေ့စ်ဘွခ်မှာ အထာကျနေခဲ့ဖူးတဲ့ ဗျူဟာတွေနဲ့ပဲ စရတာပါပဲ။
လမ်းပေါ် ရောက်တယ်ဆိုရင်ပဲ ဖြတ်သွားဖြတ်လာ လူတချို့ကို ကျွန်တော်က လိုက်ပြောတယ်၊ "ဒီမနက်တော့ ကျွန်တော် ရိုးရှင်းသော မနက်စာအဖြစ် အာလူးပူရီနဲ့ ကျဆိမ့်လေးပဲ ဆွဲလိုက်တယ်ဗျ" လို့။ တချို့ကိုတော့ ပါလာတဲ့ ဓာတ်ပုံလေး ထုတ်ပြပြီး "အာ့ပေါ့၊သားငယ်ငယ်က ပုံလေ၊ လှလားအင်" လို့ ပြောတယ်။ တချို့ကိုတော့ "မြန်မာ၊ ဗုဒ္ဓဘာသာမှန်ရင် ဒါလေးကို ကြိုက်သွား" ဆိုပြီး ဂဏန်းသုံးလုံးပုံပါတဲ့ တံဆိပ်ကလေးတစ်ခုကို ထောင်ပြလိုက်တယ်။ တချို့ကိုတော့ ကျွန်တော် မွေးထားတဲ့ ခွေး၊ ကြောင်၊ ကြွက်လေးတွေနဲ့ တွဲရိုက်ထားတဲ့ပုံလေးတွေ ထုတ်ပြတယ်။ တချို့ကိုကျတော့ သူတို့ပြောနေတဲ့ စကားဝိုင်းနား သွားနားထောင်ပြီး "အို... မှန်တယ်၊ သိပ်မှန်တာပဲ" လို့ ဝင်ထောက်ခံလိုက်တယ်။ အဲ...ရှေ့တည့်တည့်မှာ ကောင်မလေးချောချောတစ်ယောက် လျှောက်လာတာ တွေ့ရင်တော့ လက်မထောင် ပြုံးပြရင်းက "ဗဲရီး ခရု" လို့ အော်ပြောလိုက်တယ်။
ဘာပဲဖြစ်ဖြစ်... ကျွန်တော့်ရဲ့ မိတ္တဗလဗျူဟာ ဖေ့ဘွခ်မှာတုန်းကလိုပဲ အောင်မြင်တယ် ဆိုရမှာပါပဲ။ လမ်းမပေါ်ရောက်ပြီး ၃ နာရီအတွင်းမှာ ကျွန်တော့်ကို ၃ ယောက်တိတိ ဖော်လိုလုပ်လာတယ်။ တစ်ယောက်က ရဲ၊ တစ်ယောက်က စသုံးလုံးက...တဲ့၊ နောက်ဆုံးတစ်ယောက်ကတော့ ရန်ကုန်စိတ်ရောဂါအထူးကုဌာနကတာဝန်ရှိသူဆိုလားပဲ။ ။
-------------------
ခွက်ဒစ် တူ မူရင်းရေးသူ

No comments:

Post a Comment