Win Ko
ဖြစ်စဉ် (၁)
မန်းလေးက အိမ်တက်အလှူပေါ့..။ ဘေးအိမ်က မွတ်ဆလင် မိသားစုက ဒံပေါက် ချက်ဖို့ အကူအညီလိုရင် ပြောပါလို့ ပြောတယ်...။
အလှူမနက်ကျတော့ တက်တက်ကြွကြွပဲ အိမ်ရှေ့ ချက်ပြုတ်ပြင်ဆင် တဲ့နေရာကနေ
တက်တက်ကြွကြွ လုပ်ကိုင်ပေးတယ်.။ မနက်ခင်း ဘုန်းကြီးငါးပါး ကို
ကားနဲ့ပင့်လာတယ်..။ ကားရပ်ပြီး ဘုန်းကြီးတွေ အိမ်ထဲ ဝင်တော့ တတိယမြောက်
ကိုယ်တော်လေးရဲ့ လက်ကိုင် ပဝါလေးက ကျသွားတယ်.။ ဒံပေါက်တွေ အုပ်ထားနေရင်း
တရားနာပြီး အကျွေးအမွေးကို ပန်းကန်တွေနဲ့ ပြင်ဆင်ပေးဖို့ စောင့်နေတဲ့
မွတ်ဆလင် ဒံပေါက်ဆရာက လက်ကိုင်ပဝါလေးကို ကောက်ပြီး.။ “ ဘုန်းဘုန်း ..
လက်ကိုင်ပဝါ ကျခဲ့ပြီ ဘုရား ” တဲ့..။ ကိုယ်တော်တွေ လှည့်ကြည့်ပြီး
လက်ကိုင်ပဝါ ပိုင်ရှင် ဦးဇင်းလေးက လက်ကိုင်ပဝါလေး ပြန်ယူတယ်.။
လက်နှစ်ဖက်နဲ့ ရိုရိုသေသေ ကမ်းပေးနေတဲ့ ဘာသာခြား ပုဂ္ဂိုလ်ရဲ့ မျက်နှာက
ဟန်ဆောင်မှု မရှိ ကြည်နူးစွာ ပြုံးလို့...။
ဖြစ်စဉ် (၂)
သီတဂူဆရာတော်ကြီးက နိုင်ငံတကာကို ကြွတဲ့အခါတိုင်းမှာ ..ထုံးစံအတိုင်း
ဘန်ကောက်လေဆိပ်ကနေ Transit လုပ်ရတယ်.။ အဲဒီအခါ ရန်ကုန်နဲ့ ဘန်ကောက်ကို
ကူးချည်သန်းချည်လုပ်ပြီး စီးပွားရေးလုပ်နေတဲ့ ရွှေဘုံသာလမ်းထဲက
မွတ်ဆလင်ကောင်လေး တစ်ယောက်နဲ့ မကြာမကြာ ဆုံ ဖြစ်ကြတယ်.။ ဆုံ ဖြစ်တဲ့
အခါတိုင်း အဲဒီမွတ်ဆလင် ကောင်လေးက ဆရာတော်ကြီးကို ဒေါ်လာ ၁၀၀၊ ၁၀၀
အမြဲတမ်းလှူလေ့ရှိတယ်..။ အဲဒီတော့ ဆရာတော်ကြီးက “မင်း ဘာဖြစ်လို့ ငါ့ကို
ဒီလို လှူသလဲ ” လို့မေးတယ်.။ အထက်ပါ လူငယ်လေးက ပြန်ဖြေသတဲ့.။ “ တပည့်တော်
မြန်မာပြည်မှာ လူဖြစ်ရတာ အင်မတန် ကံကောင်းတာ ဘုရား..။ မနက်ခင်းတိုင်း
လမ်းထိပ် ဓမ္မာရုံက အရပ်ဆယ်မျက်နှာ မေတ္တာပို့တဲ့အခါ . အရှေ့အရပ်၌ ရှိသော
အနန္တ စကြဝဠာ၊ အနန္တ သတ္တဝါတို့.. ဆိုပြီး ပို့တာ တပည့်တော်တို့လည်း
ပါတာကိုး..၊ အမြဲတမ်းလိုလို ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ နှလုံးစိတ်ဝမ်း
အေးချမ်းကြပါစေ. ဆိုပြီး ဆုတောင်းခံနေရလို့ပါ..” လို့ ပြန်ဖြေသတဲ့..။
ဖြစ်စဉ် (၃)
မေမြို့က အစ္စလာမ် ဆရာဝန်ကြီး တစ်ယောက်ပေါ့..။ ညနေမှာ အိမ်မှာ
တွဲဖွင့်ထားတဲ့ ဆေးခန်း အသေးလေးမှာ ထိုင်တယ်.။ မေမြို့က
အောက်ခြေလူတန်းစားတွေရဲ့ အားကိုးရာပေါ့လေ..။ ဆရာဝန်ကြီးက
သိပ်မချမ်းသာရှာဘူး..။ ငွေကြေးထက် စေတနာနဲ့ ကုသိုလ်ကို အဓိက ထားတာကိုး.။
တစ်ရက်ကျတော့ မေမြို့ရွာက ဂေါ်ရခါးလူမျိုးတစ်ယောက်က တောင်ပေါ်ကျောင်းက
ကိုရင်လေးတစ်ပါးကို ဆိုင်ကယ်ပေါ် တင်ပြီးရောက်လာတယ်.။ ကိုရင်လေးက သံစူးပြီး
အနာရှိန်နဲ့ ဖျားနေတာ.။ ခြေထောက်က တော်တော် ရောင်နေပြီ ပေါ့လေ..။ သံစူးတာက
ပိုးဝင်နိုင်တဲ့ အန္တရာယ်လည်း ရှိနိုင်တာပေါ့။ ဆရာဝန်ကြီးက ကိုရင်လေးကို
သေသေချာချာ ကြည့်လိုက်ပြီး သူ့မှာ ရှိတဲ့ ပစ္စည်းကိရိယာနဲ့
မလုံလောက်မှန်းသိတော့ ဆေးရုံကို သွားခိုင်းလိုက်တယ်.။ တော်တော်ချို့တဲ့တဲ့
ပုံစံနဲ့ မျက်နှာပျက်သွားရှာတဲ့ ကပ္ပိယ ကိုမြင်တော့ ဆေးကုသခ ၁၀၀၀
ဝန်းကျင်ထက်ပိုမယူတဲ့ မွတ်ဆလင် ဆရာဝန်ကြီးက ငွေ ၅၀၀၀ ထုတ်ပြီး
လှူလိုက်တယ်..။
အထက်က ဖြစ်စဉ်တွေက ခုခေတ်မှာ လူတွေ အမှောင်ဖုံးနေတဲ့
မေတ္တာ တရားတွေကို သတိရစေချင်လို့ ပြောပြတာ ဖြစ်တယ်.။
လုပ်ကြံဇာတ်လမ်းဆင်ပြီးရေးထားတာ တစ်ခုမှ မပါဘူး.။
သီတဂူဆရာတော်ကြီးအကြောင်းက ဆရာတော်ကြီးကိုယ်တိုင် ဟောခဲ့တဲ့
အကြောင်းပေါ့..။
မေတ္တာတရားမှာ ဘာသာတူ၊ ဘာသာကွဲမရှိဘူး.။
အားလုံးအပေါ်မှာ တစ်ပြေးညီပဲ သက်ရောက်တယ်.။ ဘယ်သူ့ကိုတော့ ပိုစေ၊
ဘယ်သူ့ကိုတော့ လျော့စေ မရှိဖူးဘူး.။ မေတ္တာတရားမှာ အနီးအဝေးမရှိဘူး၊
လူမျိုးတူ၊ လူမျိုးကွဲမရှိဘူး၊ အသားဖြူ၊ အသားမဲ မခွဲဘူး၊ မိတ်ဆွေ၊ ရန်သူ
မခွဲဘူး၊ အားလုံးက အတူတူပါပဲ.။ အစွန်းရောက်သူတွေကို ဖယ်ထားပြီး Good
Buddhists, Good Muslims, Good Christians, Good Hindus ပေါ့.။
ဘာသာတိုင်းမှာ လူကောင်းရှိသလို လူဆိုးလည်းရှိမှာပါပဲ.။ အပြန်အလှန်
လေးစားချစ်ကြည်မှုနဲ့ နေကြရင်ကမ္ဘာကြီးဘယ်လောက် ငြိမ်းချမ်းမလဲဆိုတာ
တွေးကြည့်စေချင်တယ်...။
No comments:
Post a Comment