Sunday, January 10, 2016

လမ်းလျှောက်စာကြည့်တိုက်

Tin Nyunt

စာပေ ဝါသနာပါသူချင်းက ရင်ဘတ်ချင်းသိကြတယ်။ လွန်ခဲ့တဲ့ သောကြာနေ့က အစ်ကိုကြီး ဆရာမျိုးက တစ်ကူးတစ်ကချိန်းပြီးတော့ ဝမ်းသာအားရ သူစုဆောင်းထားတဲ့ E-book တွေကို CD ဘူးကြီး နှစ်ဘူးစာ ကျေးဇူးပြုတယ်။ စီဒီတွေနဲ့ထည့်ထားတဲ့ E-book တွေက တစ်သက်စာ သေတဲ့အထိ ဖတ်လို့ကုန်နိုင်ဖွယ်တောင်မရှိဘူး။
သွားလေရာဆောင်ပြီး ဖတ်လို့ရအောင် ပြင်ပ ဟာ့ဒ်ဒစ်တစ်လုံးထဲ ထည့်ရတာပဲ တစ်ညလောက်ကြာ တယ်။ ဘာပြောပြော အိတ်ဆောင် စာကြည့်တိုက်ကြီးတစ်လုံးကို ပိုင်ဆိုင်လိုက်ရပြီပေါ့။
၈ တန်းကျောင်းသားဘဝလောက်ကတည်းက ကျွန်တော် စာအုပ်ရူးတယ်။ မုန့်ဖိုးရသမျှ စာအုပ်ဝယ်ရ တာနဲ့ကုန်တယ်။ တက္ကသိုလ်ကျောင်းသားဘဝကတည်းက အရက်၊ ဆေးလိပ်၊ ကွမ်း ဘာတစ်ခုမှ အပိုကုန်စရာ အကျင့်မလုပ်ဘဲ စာအုပ်အတွက်ပဲ ရင်းနှီးမြှုပ်နှံခဲ့တာ နှစ်ပေါင်းကြာပါပြီ။ အဲဒီစာအုပ် တွေဟာ ကျွန်တော့်ဘဝကို အများကြီး ပြုပြင်ပြောင်းလဲခဲ့တဲ့ ကျေးဇူးရှင်တွေလို့လည်း ပြောနိုင်တယ်။

ကိုယ့်ဝန်းကျင်မှာ စာအုပ်တွေကို စင်တွေနဲ့တင်ထားပြီး နေ့စဉ်ပွတ်သပ်ကိုင်တွယ် ကြည့်နေရတာ ကလည်း အရသာတစ်မျိုးပေါ့။ ရုပ်ဝတ္ထုစာအုပ်တွေက ထားရ သိမ်းရ ဒုက္ခရောက်တယ်ဆိုပေမယ့် ကိုယ် ပြောင်းရွှေ့လေရာ အပါသယ်ရတာကလည်း အလုပ်တစ်ခုပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အခြား လူ့အသုံးအဆောင်တွေ မဝယ်ဖြစ်ရင်တောင် စာအုပ်စင်လေးတစ်စင်ဝယ်ဖြစ်လိုက်ပြီး သူတို့ကို ခမ်းနားစွာ တင်ထားနိုင်လိုက်ရင် စိတ်ချမ်းသာတယ်။
ခေတ်မီတိုးတက်လာပြန်တော့ ရောက်လေရာ ဖတ်နိုင်တဲ့ E-book တွေကို စုဆောင်းသိမ်းဆည်းရတာ နောက်ထပ် အလုပ်တစ်ခုပိုလာတယ်။ အရင်တုန်းက စီဒီတွေနဲ့ သိမ်းတယ်။ စီဒီတွေက ကြာတော့ပျက် ပြန်တယ်။ ဒါကြောင့် 1TB လောက်ပမာဏရှိတဲ့ ပြင်ပဟာ့ဒစ်တစ်လုံး ဝယ်ထားပြီးတော့ စာအုပ်တွေ ထည့်ရင်းနဲ့ စာကြည့်တိုက်ကို ကိုယ်ပိုင်ထူထောင်ထားနိုင်တဲ့ဘဝရောက်လာတယ်။
အပြင်မှာ စာအုပ်ပေါင်း သောင်းချီရှိဖို့လည်း မလွယ်ပါဘူး။ ကိုယ်ပိုင်စာကြည့်တိုက်ကြီး တစ်ခု ဖွင့်ထားနိုင်ဖို့လည်း မလွယ်ပါဘူး။ ဒါပေမဲ့ ခုတော့ ခေတ်မီနည်းပညာတွေကြောင့် လမ်းလျှောက် စာကြည့်တိုက်တစ်ခုကို ကိုယ်တိုင်လုံ့လကြောင့်ရော မိတ်ဆွေအပေါင်းအသင်းတွေရဲ့ ကျေးဇူး ကြောင့်ပါ ပိုင်ဆိုင်နိုင်တဲ့ဘဝကို ရောက်ခဲ့ရတယ်။
ကျွန်တော် လမ်းလျှောက်နေပါတယ်။ ကျွန်တော့်လွယ်အိတ်ထဲမှာ စာအုပ်ပေါင်း သောင်းချီရှိတဲ့ စာအုပ် ဘီရိုကြီးတစ်လုံး ပါလာတယ်ဆိုရင် အလကားပြောတာလို့တော့ မထင်ပါနဲ့။
စာတွေစုဆောင်း စာကောင်းမွေ့ပျော်သူတွေ တိုးပွားလာကြပါစေဗျာ။
၁၁.၁.၂၀၁၆

No comments:

Post a Comment