Saturday, December 12, 2015

သခွပ်ပင်စောင့်နတ်များသို့

Tin Nyunt

ဒီနေ့မနက် သတင်းတွေဖတ်ရတာ မင်္ဂလာရှိသဗျ။ လွတ်တော်သစ်ခေါ်ယူနိုင်ရေးအတွက် မနေ့က ညှိနှိုင်း အစည်းအဝေးလုပ်ကြတယ်ဆိုတဲ့ သတင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးသန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ တယ်ဆိုတဲ့အကြောင်း ပြောဆိုချက် သတင်းတွေကို ဖတ်လိုက်ရလို့ပါ။
ကျွန်တော်တို့နိုင်ငံမှာ သတင်းအမှောင်ထဲနေခဲ့ရတာ နှစ်ပေါင်းကြာခဲ့ပါတယ်။ အမှောင်ထဲအနေကြာတော့ ဘာဖြစ်လာသလဲဆိုရင် အလင်းကြည့်ရမှာ ကြောက် လာကြတယ်။ ပွင့်လင်းထင်သာမြင်သာဆိုတဲ့စကားကို ခေတ်အဆက်ဆက်လည်း မလုပ်နိုင်ခဲ့ကြဘူး။ နောက်တက်မယ့် အစိုးရမှာ မျှော်လင့်သပေါ့။

ကျွန်တော်တို့ ပြည်သူတွေဟာ မကြာမီ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး မောင်းမယ့် NLD ကားကြီးကိုစီးပြီး အနာဂတ်ခရီးကို ဆိုးတူကောင်းဖက်မျှဝေခံစား သွားကြရတော့မှာပါ။ အရှင်းဆုံးပြောရရင် NLD ဆိုတဲ့ကားကြီးကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မောင်းမယ်ဆိုလို့ ယုံကြည်ပြီး တက်လိုက်ခဲ့ကြတာ မမေ့စေချင်ပါဘူး။
ဒီကြားထဲမှာ သတင်းမှန်တွေမရတော့ ဒေါ်အောင်ဆန်းစုကြည်ကပဲ ငါးထောင်တန်ပေါ် လက်မှတ်ထိုးပြီး တရားဥပဒေမဲ့ လုပ်ရပ်ကို လုပ်သလိုလို၊ သမ္မတကြီးကပဲ ပြစ်မှုကျူးလွန် သလိုလိုတွေ သို့လော သို့လော ဖြစ်လာ ရပါတယ်။ ခုတော့ သမ္မတရုံးကပါ သတင်းထုတ်ပြန်လိုက်တော့ မျောက်လောင်းနဲ့ ခြောက်စောင်းတို့ရဲ့ မရိုးသားတဲ့ လုပ်ကြံဇာတ်လမ်း ပွဲသိမ်းသွားတာပေါ့။ သတင်းမှားတွေကို အမှန်ထုတ်ပြန် တာကလွဲပြီး ဖြေရှင်းဖို့ အခြားနည်း မရှိပါဘူး။
၁၀ ရက်နေ့က RFA နဲ့ တွေ့ဆုံခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က
“အစ်မကတော့ အတိတ်ကို ပြန်ပြီးတော့ နောက်ကြောင်းလှန်ပြီး ဘာကြောင့်၊ ဘယ်တုန်းက ဘယ်လို မလုပ်ခဲ့ရတာလဲ။ ဒါတွေကို သိပ်ပြီးစဉ်းစားရမယ့် အချိန်မဟုတ်ဘူးထင်တယ်။ အခုဟာက ပစ္စုပ္ပာန်ကို အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ ဘယ်လိုပိုပြီး ကောင်း အောင်လုပ်မလဲ။ ဒီပစ္စုပ္ပာန်ကနေ အနာဂတ်ကို ဘယ်လို ဦးတည်သွားမလဲ။ ဒါတွေကို အစ်မတို့က အဓိကထားပြီး စဉ်းစားရမယ်” လို့ ပြောသွားတာ အမြော်အမြင်ရှိစွာနဲ့ ပြောထားတာပဲဗျာ။
ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ခေါင်းဆောင်၊ အနာဂတ် မြန်မာနိုင်ငံရဲ့ ခေါင်း ဆောင်ပဲဗျာ။ ခေါင်းဆောင် ပြောတာလေးတွေကို နားထောင်စေ့ချင်ပါတယ်။
ကြော်ငြာထဲကလို
“ဟိုလို လုပ်ပါလား … သည်လို လုပ်ပါလား … ငါလည်း မလုပ်တတ်ဘူး” ဆိုသလိုတော့ မဖြစ်စေချင်ဘူးဗျာ။
၁၁.၁၂.၂၀၁၅

No comments:

Post a Comment