၁၉၄၆ ခုနှစ် မေလ ၃၁ ရက်နေ့က ရွှေဂုံတိုင်လမ်း ဘုရားကြီးကျောင်းတိုက်မှာ ဂိုဏ်းပေါင်းစုံ သံဃနာယက အဖွဲ့ချုပ်ကြီးအစည်းအဝေးကျင်းပတော့ မြို့နယ်စုံက သံဃနာယက ဆရာတော်ကြီးတွေ ကြွရောက်လာကြ တယ်။ နိုင်ငံရေးသမားတွေ ဆရာတော်ကြီးထံကို ရောက်လာပြီး ကိုယ်ကျိုးအတွက် မဲဆွယ်စည်းရုံးတာတွေ လုပ်၊ ဝတ္ထုပစ္စည်းတွေအပြိုင်ကပ်ကြသပေါ့။ သူတို့က ဖဆပလ အဖွဲ့ချုပ်ကြီးကို ကွန်မြူနစ်တွေဖြစ်တယ်။ အဖွဲ့ချုပ်ကြီးသာ နိုင်သွားရင် ကွန်မြူနစ်တွေ ကြီးစိုး ကုန်လိမ့်မယ်လို့လည်း တွန်းတွန်းတိုက်တိုက် ဆရာတော် ကြီးတွေကို လျှောက်ကြတယ်။
ဒီအရေးဟာ
ပေါ့သေးသေးလုပ်လို့ မဖြစ်တော့ဘူးဆိုတာ ဗိုလ်ချုပ်အောင်ဆန်းကသိတော့ တစ်နေ့
ဆရာတော် ကြီးတွေထံကို အရပ်ဝတ်အရပ်စားနဲ့ ကုပ်ကုပ်လေးရောက် လာတယ်။
ဗိုလ်ချုပ်ကို မမြင်ဖူးကြတဲ့ ဆရာတော်ကြီး တွေက ဗိုလ်ချုပ်ကိုလည်းမြင်ရော
“ငယ်ငယ်လေးပါလား” ဆိုပြီး အံ့အားသင့်ကြတယ်။
ဆရာတော်ကြီးတွေက ဗိုလ်ချုပ်ကို အဘယ်ကြောင့် ရောက်လာသလဲမေးတော့ ဗိုလ်ချုပ်က
- ဗမာပြည်လွတ်လပ်ရေးအတွက် ဆောင်ရွက်ရာမှာ ဆရာတော်ကြီးတွေထံကို မဲဆွယ်ဖို့လာတာမဟုတ်
- အခြား နိုင်ငံရေးခေါင်းဆောင်တွေလို မဲရဖို့ ရည်ရွယ်ပြီး ဆွမ်း သင်္ကန်းလည်း မကပ်နိုင်
- လှူဒါန်းဖို့ ပိုက်ဆံလည်းမရှိ အလွန်ဆင်းရဲပါတယ်
- လှူချင်ရင်တောင် နိုင်ငံရေး မျှော်မှန်းချက်ကြောင့်မဟုတ်ဘဲ စေတာသန့်သန့်နဲ့ လှူပါ့မယ်
- ခုတော့ မတတ်နိုင်သေးလို့ မလှူနိုင်သေးပါ
ဗိုလ်ချုပ်ရဲ့ ပြတ်သားတဲ့စကားကို ဆရာတော်ကြီးတွေ ကြားတော့ အရမ်းသဘော ကျသွားတယ်။ ဘယ်နိုင်ငံရေး သမားနဲ့မှ မတူတဲ့ နိုင်ငံရေးသမားလို့လည်း သတ်မှတ်လိုက်ကြတယ်။ ဗိုလ်ချုပ်က ဆက်ပြောတယ်
“တပည့်တော် လျှောက်ထားပါရစေ။ တပည့်တော်တို့ ဗမာပြည် လွတ်လပ်ရေးအတွက် မီးကုန်ယမ်းကုန် ဆောင်ရွက်နေကြပါတယ်။ ဒီနိုင်ငံရေးကိစ္စထဲကို တပည့်တော်အနေနဲ့ ဆရာတော်ကြီးများကို ဆွဲမသွင်းလိုပါ။ ဒုက္ခမပေးလိုပါ။ လူထုအားနဲ့ ကိုယ့်အားကိုယ်ကိုးပြီး ဆောင်ရွက်သွားပါ့မယ်ဘုရား။ သာသနာတော်ကို အလွဲသုံး စားမပြုလိုပါဘုရား” လို့လျှောက်ထားလိုက်တော့ ဆရာတော်ကြီးတွေကလည်း
“အေး … လွတ်လပ်ရေးရအောင် ကြိုးစားကွဲ့ ဆရာတော်တို့အနေနဲ့ ဘယ်သူ့ရောင်းအစားမှ မခံဘူး။ မင်းစိတ်ချ သွားပေတော့” လို့ ပြောလိုက်ပါတယ်။
နိုင်ငံရေးမှာ ဘာသာရေးကို ဘယ်လောက်ပဲ ခုတုံးလုပ်သည်ဖြစ်စေ နောက်ဆုံး အချိန်အထိ လူထုအားကို ယုံကြည်ပြီး လူထုကို အားကိုးတဲ့သူတွေဟာ အနိုင်ရတတ်ပါတယ်။ နိုင်ငံရေးမှာ ဘုရားကု ကုလို့လည်းမရ၊ သံဃာကု ကုလို့လည်းမရတာကို ဗိုလ်ချုပ်က ကောင်းကောင်းပြခဲ့တယ်။ သူ့သမီးကလည်း ရိုးသားစွာ ဒီလမ်းစဉ်အတိုင်း လိုက်ခဲ့လို့ အောင်မြင်တယ်လို့ ယူဆပါတယ်။
၆.၁၂.၂၀၁၅

No comments:
Post a Comment