ယနေ့ အချိန်မှာ ခေတ်အစားဆုံးဖြစ်နေတဲ့ ယမကာ ကတော့ ဘီယာပါပဲ။ ဒါဆိုရင် ဘီယာကို ဘယ်သူ ထွင်ခဲ့တာလည်း။ ဘယ်အချိန်တုန်းက ထွင်ခဲ့တာလည်းဆိုတာသိဖို့အတွက်နှစ်ပေါင်း ၁၂၀၀၀ လောက်ပြန် သွားရပါလိမ့်မယ်။ အမဲလိုက်သတ်ဖြတ်စားသုံးခဲ့တဲ့ ခေတ်တစ်ခုကိုကျော်လွန်ပြီး စိုက်ပျိုးရေးကို
အခြေခံတဲ့ မြို့ပြဖွံ့ဖြိုးမှု ကာလ ကိုရောက်ကာစမှာ ဂျုံ ၊ ဆန် ၊ မုယောစပါး
နဲ့ ပြောင်းဖူးတို့ကို လူသားတွေက စိုက်ပျိုး လာကြပါတယ်။
အဲဒီနောက်မှာတော့ ကစော်ဖောက်ခြင်း ကို အခြေခံပြီး ဘီယာ ကို စတင်ချက်ခဲ့ကြတယ်လို့ သိရပါတယ်။ သမိုင်းပညာရှင်တွေရဲ့ အဆိုအရလည်း စိုက်ပျိုးရေးဆိုင်ရာ တော်လှန်ရေး လို့ခေါ်တဲ့ Neolithic Revolution နဲ့ အတူ စိုက်ပျိုးရေး နည်းပညာတွေ ကျယ်ပြန့်လာပြီးတဲ့နောက် လူတွေရဲ့ ရေဆာတဲ့ ပြသနာကို ဖြေရှင်းဖို့ ဘီယာ ကိုစတင်ချက်လုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အစောဆုံး ယမကာ ကတော့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀၀ ခန့်က တရုတ်နိုင်ငံမှာ ဆန် ၊ ပျားရည် နဲ့
သစ်သီးတို့ကို အခြေခံ ချက်လုပ်ထားတဲ့ အရာ တစ်မျိုးပဲဖြစ်ပါတယ်။
ဒါပေမယ့်လည်း ကမ္ဘာ့ ပထမဆုံး မုယောစပါးဘီယာ ကို တော့ အရှေ့ အလယ်ပိုင်းဒေသ
မှာ စတင်ခဲ့တယ်လို့ သမိုင်းတွေက ဆိုပါတယ်။ အဲဒီနောက် လွန်ခဲ့တဲ့ နှစ် ၅၀၀၀
ခန့်မှာတော့ ရိုမန်တွေနဲ့ ပါးရှန်းတွေရဲ့ စစ်မြေပြင်ဖြစ်ခဲ့တဲ့ Mesopotamia
ဒေသ မှာ လည်း ဘီယာ နဲ့ ပတ်သက်တဲ့ သမိုင်းအထောက်အထားတွေ ရှိခဲ့တာကို
တွေ့ရမှာပါ။
၁၈၀၀ ဘီစီမှာတော့ အမျိုးသမီးတစ်ယောက်ဘီယာ ချက်ပြုတ်နေပုံကို အခြေခံထားပြီး "Hymn to Ninkasi" လို့ခေါ်တဲ့ ဘီယာ ချက်ပြုတ်နည်း ကျောက်စာ မှတ်တမ်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဘီယာ ချက်တဲ့အခါမှာ တိရိစ္ဆာန်တွေရဲ့ အညစ်အကြေးတွေပါ ပါဝင်နေခဲ့ပါတယ်။
ဘီယာ ကို တွင်ကျယ်စွာ ချက်ပြုတ်လာတာဟာ ၆၁၂ ဘီစီ မှာပေါ်ပေါက်လာခဲ့တဲ့ Babylonian Empire ကြီးစိုးတဲ့ ကာလ လို့ဆိုကြပေမယ့်လည်း သမိုင်းပညာရှင်အချို့ကတော့ အီဂျစ်တွေ စတင်ခဲ့တာလို့ ဆိုကြပြန်ပါတယ်။ နိုင်းမြစ်တစ်လျှောက်က အလုပ်သမားတွေဟာ အရသာရှိပြီး ချိုမြိန်တဲ့ အရက်တွေကို လုပ်အားခ အဖြစ်ရရှိခဲ့ကြပြီး ဖာရိုး ဘုရင်တွေနဲ့ ကလေးငယ်တွေက အစ ဘီယာ နဲ့ အသွင် သဏ္ဍာန် တူတဲ့ ထို ချိုမြိန်တဲ့ အရက်တွေကို နေ့စဉ်အစားအစာ အဖြစ် သုံးဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Middle Age လို့သတ်မှတ်ကြတဲ့ ၅ ရာစု ကနေ ၁၅ ရာစုကြားအချိန်တွေမှာတော့ ခရစ်ယာန် ဘုန်းတော်ကြီးတွေနဲ့ လက်မှု ပညာသည် အချို့ဟာ ဘီယာ ကို အခါးဓါတ်ပါဝင်လာအောင် စတင် ချက်ပြုတ်ပြီး ခေတ်သစ် ဘီယာ သမိုင်းကို စတင်ခဲ့တာပဲဖြစ်ပါတယ်။
Ref : History

No comments:
Post a Comment