ဟားဗတ်ဆေးတက္ကသိုလ် သုတေသီတွေက နိုင်ငံတော် သမ္မတနဲ့ ဝန်ကြီးချုပ်ရာထူးတွေကို ထမ်းဆောင်နေရတဲ့ သူတွေဟာ ပုံမှန်ထက် သက်တမ်း သုံးနှစ်စောပြီး သေကြရတယ်လို့ သူတို့သုတေသန ပြုလုပ်ထားချက်တွေကို ထုတ်ပြန်သွားပါတယ်။
တိုင်းပြည်အတွက် အရေးကြီးတဲ့ တာဝန်တွေကို ထမ်းဆောင်နေကြရတဲ့
အမေရိကန်သမ္မတတွေဟာ ပိုပြီးတော့ အိုမင်းရင့်ရော်မှုများတယ်လို့ဆိုတယ်။
အိုဘားမားကိုပဲကြည့်။ သမ္မတ စဖြစ်ကာစနဲ့ နောက်ပိုင်းကာလ သိသိသာသာ
အသက်တွေကြီးလာသလို ဖြစ်တာကို သတိထားမိတယ်။ ထူးခြားတာက အိုဘားမားဟာ ဆံပင်တွေ
ဖြူလာတာကို ဖြူလာတဲ့အတိုင်း ဒီအတိုင်းနေတဲ့ ဆေးမဆိုးတဲ့သမ္မတအဖြစ်
နာမည်ကျော်တယ်။ သူက သဘာဝသမားဆိုတော့ အလှအပတွေလည်း သိပ်ဂရုထားတာ မတွေ့ရဘူး။
နိုင်ငံခေါင်းဆောင်တွေ ဘာကြောင့် အသက်တိုပြီး အိုစာကျရသလဲဆိုတော့ အလုပ်ကို အရမ်းလုပ်၊ အများကြီး တွေး၊ အိပ်ချိန် စားချိန်တွေမမှန်ကြလို့ပဲ။ ကလင်တန်ဆိုရင် အသင့်စား အစားအစာတွေပဲ သမ္မတသက်တမ်းမှာ စားခဲ့တာများလို့ အနားယူချိန်မှာ မနည်းကြိုးစားဖြတ်ရတယ်လို့တောင်ဆိုတယ်။
သမ္မတတွေအများစု၊ ဝန်ကြီးချုပ်တွေအများစု အိုစာကျလာတာဟာ တိုင်းပြည်အတွက် ဦးနှောက်ခြောက်အောင် စဉ်းစားနေကြရလို့ဆိုတာ ထင်ရှားတယ်။ ကျွန်တော်တို့နိုင်ငံက သမ္မတကြီးကတော့ သိပ်ပြီး ပြောင်းလဲတာ မတွေ့ရပါဘူး။ ဒါကလည်း ဘေးနားနဲ့ အထက်က ဝိုင်းစဉ်းစားပံ့ပိုးမှုအားတွေ ကောင်းလို့နေမှာပဲ။ သူ့မှာ သနား ပါတယ်။ နှလုံးစက်လေးနဲ့ လုပ်နေရတာဆိုတော့ ကိုယ်ပိုင်အတွေးအခေါ် သိပ်မလုပ်ရအောင် အနားမှာ သမ္မတ အကြံပေးတွေနဲ့ တိုင်းပြည်ကို ၅ နှစ်လောက်အုပ်ချုပ်ခဲ့ရတာနေမှာပေါ့။
လေ့လာဆန်းစစ်ချက်တွေအရဆိုရင် နိုင်ငံရေးလုပ်ရတာ အမြင့်ပိုင်းရောက်လေ အသက်တိုလေပဲ။ ကျွန်တော်တို့နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၇၀ အရွယ်ပိုင်းရောက်လာပြီ။ အမျိုးသမီး တစ်ယောက်ရဲ့ ဇွဲနဲ့မာန်ကတော့ အံ့သြလောက်အောင်ပဲ။ စုတ်ပြတ်နေတဲ့ နိုင်ငံကြီးကို အကောင်းဆုံး ဦးဆောင်ပြီး၊ သူ့ရည်မှန်းချက်အတိုင်း အမြင့်ဆုံးတွန်းတင်ပေးဖို့ဆိုတာ အရွယ်နဲ့ လုပ်ဆောင်ရမှာ မမျှလောက်အောင်ပဲ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ စိတ်ဖိစီးမှုများလေ အသက်တိုလေလို့ပြောရင်လည်း သူကနှစ်ဆလောက် တိုးပြီးလုပ်မှာ သေချာတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ဖခင်တောင် သေလိမ့်မယ်နော်လို့ သတိပေးထားတဲ့အထဲက ဘာကိုမှ ဂရုမစိုက်ဘဲ နိုင်ငံ့အတွက်ပဲလုပ်ရင်း အသက်စွန့်သွားသေးတာ။ သူလည်း အဖေတူသမီးပဲ။
ခုအချိန်မှ “ပြိုင်တူတွန်းကြရမယ့်ခေတ်” ရောက်လာပြီဗျ။ တစ်ချိန်တုန်းက ကိုယ်တွန်းတာဟာ ကိုယ့်အတွက် မဟုတ်ဘူး။ သူများအတွက်ဖြစ်နေလို့ သံသယဝင်ကောင်း ဝင်ကြမယ်။ ခုအချိန်က ၇၀ အရွယ် နိုင်ငံခေါင်း ဆောင်တစ်ယောက်အတွက် တကယ့်ကို ဝိုင်းကူတွန်းကြရမယ့်အချိန်ပါ။ ကျွန်တော်တို့ လက်သန်းလေးတွေနဲ့ တစ်ယောက်တစ်အား ဝိုင်းပြီးတော့ အထက်ကို တင်ပေးခဲ့ကြပြီးပြီ။ အထက်ရောက်ရုံနဲ့ မပြီးသေးဘူးဗျ။ အဆုံး ရောက်အောင် ရွေ့သွားဖို့ ဆက်တွန်းကြရလိမ့်ဦးမယ်ထင်ပါရဲ့။
၁၆.၁၂.၂၀၁၅

No comments:
Post a Comment