Tuesday, November 24, 2015

ပြည်သူ့အမိန့်

Tin Nyunt


တွေ့မယ် … တွေ့မယ် … ခုတွေ့မယ် … နောင်တွေ့မယ် … တွေ့ချင်မှလည်းတွေ့မယ် ဆိုသလို ဖြစ်နေပြီဗျ။ အရပ်ထဲက ကားသမားစကား ငှားပြောရတော့မှာပဲ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ကျွန်မကို အာဏာမလွှဲပါနဲ့ တာဝန်သာလွှဲပါလို့ တရားဝင်တောင်းဆိုလိုက်ပြီဗျ။ ဒါဟာ အာဏာကို ဆုပ်ကိုင်ထားပြီး “ပေးဘူး” “ပြောင်းဘူး” လို့ပြောနေသူတွေအတွက် နောက်ထပ် ခေါင်းစားစရာ ကိစ္စတစ်ခုဖြစ်သွားတယ်။
ဟုတ်တာပေါ့ဗျာ … ပြည်သူ ၈၀ ရာခိုင်နှုန်းလောက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီကို တာဝန်ပေးထားပြီးပြီ လေ။ အဲဒီတာဝန် တရားဝင်ထမ်းဆောင်ခွင့်အတွက် လုပ်ပိုင်ခွင့်၊ စီမံခန့်ခွဲပိုင်ခွင့်၊ ဆောင်ရွက်ပိုင်ခွင့်တွေကို လွှဲအပ်ချိန် နီးလာပြီ။ ယုံကြည်စွာနဲ့ လွှဲအပ်ဖို့လိုလာပြီပေါ့။
ဒီကြားထဲမှာ အစိုးရဟောင်းနဲ့ အစိုးရသစ် အလွဲအပြောင်းအတွက် တွေ့ဆုံဆွေးနွေးကြ ရမယ့်ကိစ္စတွေကို ဘာကြောင့်များ နေ့ရွှေ့ညရွှေ့ လုပ်နေကြရသလဲဗျာ။
ဟုတ်ကဲ့ အစိုးရဟောင်း၊ သမ္မတဟောင်းနဲ့ ကာချုပ်အပေါင်း သူတော်ကောင်းတို့ အနေနဲ့ ပြည်သူ ၈၀ ရာခိုင် နှုန်းက ယုံကြည်သလို ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်စွာနဲ့ လွှဲလိုက်ပါဗျာ၊ ဆွေးနွေးတိုင်ပင်လိုက်ကြပါဗျာ။ တိုင်းပြည်ကောင်းစားရေးပါ။
နှစ်ပေါင်းများစွာ တိုင်းပြည်ကောင်းစားရေးဆိုပြီး ကောင်းစားရေး ရေစီးကြောင်းဟာ ဘယ်သူတွေဆီကို ပြောင်း သွားခဲ့သလဲဆိုတာ သိကြပြီးသားပါ။
ပြည်သူအတွက်လို့ ဦးထိပ်ထားပြီး ဆောင်ရွက်မယ့်သူတွေက တာဝန်ကို ပခုံးပြောင်းပြီး ထမ်းဖို့ အသင့်ပဲလို့ ပြောနေချိန်မှာ အမိန့်ရမှ လုပ်တတ်တဲ့ လူစားတွေအနေနဲ့ အမိန့်မရသေးသလို မလုပ်လိုက်ပါနဲ့
ပြည်သူသာအမိ၊ ပြည်သူသာအဖဆိုရင် ယခု ပြည်သူက အမိန့်ပေးနေပါပြီ
“တွေ့လိုက်ပါ … ဆွေးနွေးလိုက်ပါ … ကောင်းအောင်ပိုပြီး လက်တွဲလိုက်ပါ … အားလုံးဟာ တိုင်းပြည် အတွက်ပါ”
၂၄.၁၁.၂၀၁၅

No comments:

Post a Comment