လူတစ်ယောက်ရဲ့ ကြီးမြတ်တဲ့စိတ်ထားဆိုတာ ကြီးမြတ်ကြောင်း ပြတဲ့အနေနဲ့ အမြင့်ဆုံးမှာ ထိုင်ပြနေဖို့ မလိုဘူးဗျ။
မနေ့က ဦးသန်းရွှေရဲ့မြေးဖြစ်တဲ့ ဖိုးလပြည့်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်း လို့ ဒေါ်အောင်ဆန်း စုကြည်က လက်ခံတွေ့ဆုံပေးတဲ့ ဆိုတဲ့သတင်းကို ဖတ်လိုက်ရတယ်။
ဒေါ်အောင်ဆန်းစုကြည် စိတ်ထဲမှာ အမုန်းတရားတွေ၊ အာဃာတတွေ ဘာမှ
မရှိဘူးဆိုတာကို ပွင့်လင်းစွာ ထုတ်ဖော်ပြလိုက်တဲ့အပြင်
ခေါင်းဆောင်တစ်ယောက်ဆိုတာ အားလုံးကို ညီတူ ပြည်သူလို သဘောထားပါ တယ်ဆိုတာကို
ပွင့်လင်းစွာ ထုတ်ဖော်ကြေညာလိုက်သလိုပါပဲ။
ခင်ဗျားတို့ အဘတွေလက်ထက်က သာမန်လူတစ်ယောက် တွေ့ချင်ပါတယ်ပြောရင် လက်ခံသလား။ ခုတောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတနဲ့တွေ့ပါရစေ၊ ကာချုပ်နဲ့တွေ့ပါရစေလို့ ပြောထားတာကို ကြားထဲကနေ အနားပြာတွေက ဟိုလိုပူးပေါင်းမှ၊ သည်လိုလက်တွဲမှတွေပြောပြီး နေ့ရွှေ့ ညရွှေ့ လုပ်နေတာပါ။
မြန်မာ့အရေးဟာ နေ့ရွှေ့ညရွှေ့ ဟိုဆိုင်းသည်ဆိုင်း လုပ်နေရမယ့် အချိန်မဟုတ်ဘူးဗျ။ အကောင်းဆုံးဖြစ် ချင်ရင် အမြန်ဆုံး လက်တွဲပြီး ပူးပေါင်းဆောင်ရွက်ရမယ့်အချိန်။
ဒီလိုအချိန်မျိုးမှာ ရှုံးမည်း မည်းနေတဲ့သူတွေကတစ်မျိုး၊ မစားရတဲ့အမဲ သဲနဲ့ ပက်တဲ့ကောင်တွေကတစ်ဖုံ၊ တရားစွဲမယ်ချည်း ပြောနေတဲ့သူတွေကတစ်နည်း၊ ရအောင်အရေးယူပြမယ်လို့ ပြောနေသူတွေ၊ သမ္မတ ဘယ်နည်းနဲ့မှ မဖြစ်စေရဘူးလို့ ပြောနေတဲ့ကောင်တွေက တစ်ဘာသာ အလွန်သတိထားနေရတဲ့ အချိန်ပါ။
လူတစ်ဦးတစ်ယောက်နဲ့ အဖွဲ့အစည်းတစ်ဖွဲ့ကောင်းစားရေးကိုကြည့်ပြီး မြန်မာနိုင်ငံ ကို ဇောက်ထိုးမိုးမြော် ဖြစ်အောင်လုပ်ချင်နေတဲ့သူတွေ မြင့်မြတ်တဲ့စိတ်ထားဆိုတာ ဘာလဲဆိုတာ အရင်ဆုံး သင်ယူလိုက်ကြပါဦးဗျာ။ တစ်သက်လုံး သဘောထားကြီးခြင်း ဆိုတာကို နားမလည်ဘဲ ပစ်ရင် တည့်တည့်ပစ်တယ်ဆိုတဲ့လူတွေဟာ ဘယ်အချိန်များမှ နောင်တတွေရမလဲဆိုတာ ပြည်သူတွေ စောင့်ကြည့်နေပါတယ်ဗျာ။
ဒုတိယကမ္ဘာစစ်ပြီးချိန်က “အောင်မြင်စွာ ဆုတ်ခွာခြင်း” ဆိုတဲ့ စကားလေး အရမ်းခေတ်စား ခဲ့ပါတယ်။ ဟုတ်ကဲ့ ဦးသိန်းစိန်နဲ့ နောက်ကွယ်ကကြိုးကိုင်ထားသူတွေအားလုံးခင်ဗျား … ခုချိန်ဟာ အောင်မြင်စွာ ဆုတ်ခွာဖို့သာ မက၊ သိက္ခာရှိစွာ သမိုင်းတွင်အောင် ဆုတ်ခွာဖို့ အကောင်းဆုံးအချိန်လို့ ဆိုပါရစေ။
၂၀.၁၁.၂၀၁၅

No comments:
Post a Comment