Sunday, November 22, 2015

လူအကျင့်နဲ့ ခွေးအကြံ

Tin Nyunt


ဗုဒ္ဓခေတ်က ပုဏ္ဏနဲ့ သေနိယဆိုတဲ့ လူနှစ်ယောက်ရှိတယ်။ အဲဒီခေတ်က လူတွေဟာ ကိုယ့်အကျင့်နဲ့ကိုယ် ကောင်းသလိုလုပ်ပြီး ဟုတ်လှပြီထင်နေကြတာ။
ပုဏ္ဏဆိုတဲ့လူက ခွေးလိုကျင့်၊ ခွေးလိုနေ၊ ခွေးလိုစားတယ်။
သေနိယဆိုတဲ့လူက နွားလိုကျင့်၊ နွားလိုနေ၊ နွားလိုစားတယ်။
ပုဏ္ဏက မြေကြီးပေါ်ပစ်ကျွေးတဲ့အစာပဲစားတယ်။ သေနိယက မြက်စားပြီးနေတယ်။
ခွေးကျင့်ခွေးကြံ ကြံတဲ့သူနဲ့ နွားကျင့်နွားကြံ ကြံတဲ့နှစ်ယောက်ဟာ ဗုဒ္ဓထံရောက်လာပြီး သူတို့လို အကျင့်မြတ် တွေနဲ့ နေတဲ့သူတွေ သေရင် ဘယ်ရောက်မလဲလို့ လာမေးတယ်။
ဗုဒ္ဓကမဖြေပါဘူး။ ဒါပေမဲ့ ခွေးကျင့်နဲ့ နွားကြံက မရမက သုံးကြိမ်တိတိမေးမှ ဗုဒ္ဓကလည်း အားနာနာနဲ့
“မှားတဲ့ အယူရှိသူတွေရဲ့ လားရာအရပ်ဟာ နှစ်နေရာပဲရှိတယ်။ အဲဒီနှစ်နေရာကတော့ ငရဲရောက်ရင်ရောက် မရောက်ရင် တိရစ္ဆာန်ဘဝပြန်ရောက်မှာပဲ” လို့ ပြောလိုက်တယ်။
ဗုဒ္ဓပြောတာက ခွေးလိုနေ ခွေးလိုကျင့်သူတွေဟာ ခွေးဖြစ်ချင်လို့။ ခွေးမဖြစ်နိုင်တဲ့အခါ ငရဲပဲရောက်မယ်။ ဒီအတိုင်းပဲ နွားဖြစ်ချင်သူတွေကလည်း နွားဖြစ်ရင်ဖြစ် မဖြစ်ရင် ငရဲရောက်မှာပဲ။ ဖြူစင်စွာ မကျင့်ဘဲ အယူမှား အတွေးမှားပြီး ခွေးလိုနွားလို ကျင့်ကြရင် ခွေးတွေ နွားတွေပဲဖြစ်လာလိမ့်မယ်။ ခွေးစိတ် နွားစိတ်တွေ ရှိနေကြ တော့ ဘယ်တော့မှာ လူဖြစ်လာစရာအကြောင်းလည်းမရှိ၊ နိဗ္ဗာန်ကိုရောက်စရာလည်း အကြောင်းမရှိဘူးပေါ့။
တစ်ခုခုတော့ စဉ်းစားထားဖို့လိုပြီထင်တယ်။ ဆုံးဖြတ်ထားသင့်ပြီလို့လည်း ထင်တယ်။
ခွေးဖြစ်ချင်သလား၊ နွား ဖြစ်ချင်သလား၊ လူစစ်စစ်ဖြစ်အောင် ဖြူစင်စွာ လူလိုကျင့်မလား …
(မဇ္ဈိမ ပဏ္ဏာသပါဠိတော်၊ ဂဟပတိဝဂ်၊ ကုက္ကုရဝတိကသုတ်ကို မှီးပါတယ်)
၂၁.၁၁.၂၀၁၅

No comments:

Post a Comment