Monday, November 16, 2015

ငြိမ်းချမ်းခြင်းသို့ ပေးစာများ


 
ဖိုးထူးရေ ..
ငါတို့ အိမ်ပြောင်းရတော့မယ်။ နင့်ကို နှုတ်ဆက်ချိန်တောင် မရလိုက်တော့ဘူး။ ငါတို့ကို ရွာကနေ အမြန်ဆုံးခွာဖို့ ငါတို့ရွာလူကြီးက လော်နဲ့ အော်နေပြီ။ ဒါနဲ့ ငါလည်း ဒီစာကို ကောက်ရေး လိုက်တာပဲ။ အစ်မက အဖေနဲ့ အစ်ကို မပါဘဲ မသွားဘူး လုပ်နေတယ်။ အမေတို့ကတော့ အထုတ်တွေ သယ်နိုင်သလောက်သယ်ဖို့ ပြင်နေကြတယ်။ ဒီညဆိုရင် ငါတို့ရွာကို မီးရှို့ကြတော့မှာတဲ့။ နင်တို့ရော အဆင်ပြေပါ့မလား ငါစိတ်ပူတယ်။ နင်စာပြန်မထည့်ပေးနဲ့တော့။ ဒီစာကိုတောင် ဗိုလ်ကြီးတစ်ယောက်က နင်တို့ရွာဘက်ကို သူသွားရမယ်ဆိုလို့ ငါထည့်ပေးလိုက်နိုင်တာ။ နင် ပြန်စာရေးလိုက်ရင် ငါဘယ်ရောက်နေမလဲ မသိဘူး။
ငါလေ လုံးလုံးနဲ့ မြီးကောက် နှစ်ကောင်ကို ထားခဲ့ရတယ်။ သိပ်ငိုချင်တာပဲ။
အေးမူ

ဖိုးထူးရေ…
နင်တို့ အဒေါ်ရှိတဲ့ မြို့မှာ နင်တို့ မိသားစု ရောက်နေတယ်လို့ ငါ့ကို ဘထွေးပြောလို့ ငါ စာရေးလိုက်တယ်။ နင်ရေးတဲ့စာတိုင်းကို ငါမရဘူး။ ငါတို့ရောက်တဲ့ဘက်တိုင်းက မငြိမ်းချမ်းဘူးတဲ့။ အမေတို့ပြောတာ။ ငါလည်း ဘယ်မှမသွားရဘူး။ သိပ်ပျင်းတာပဲ။ လုံးလုံးနဲ့ မြီးကောက်ကို လွမ်းလို့လည်း နေ့တိုင်း ငိုရတယ်။ အစ်မက ပြောတယ်။ သူတို့ သေသွားလောက်ပြီတဲ့။ ငါတို့ရွာကို မီးရှိုမယ်ဆိုတော့ သူတို့လည်း မီးကင်ပြီးသား ဖြစ်သွားမှာတဲ့။ ငါတော့ အစ်မကို စိတ်တိုလွန်းလို့ စကားကို မပြောဘူး။
ငါတို့စခန်းဆီကို အဖေနဲ့အစ်ကို လိုက်လာနိုင်အောင် ငါလမ်းမှာ ပဲစေ့တွေချခဲ့တယ်။ ငါ အဲဒီပဲစေ့တွေ သိပ်ကြိုက်တာ အဖေသိတယ်။ ဒီတော့ ဒီပဲစေ့တွေ့ရင် ငါချခဲ့တာဆိုတာ သိမှာ။ ဒါဆို ငါတို့ ဘယ်သွားလဲဆိုတာ သူတို့သိပြီး လိုက်လာနိုင်မှာ။ နင်အဆင်ပြေရင် စာရေးပါဦး။
အေးမူ

ဖိုးထူးရေ..
နင်ရေးတဲ့စာကိုရတယ်။ နင်ကျောင်းပြန်တက်နေရပြီဆိုတာ သိရတော့ ငါဝမ်းသာတယ်သူငယ်ချင်း။ ခုဆို နင် ခုနစ်တန်းကို တက်နေပြီဆိုတော့ ငါ့ထက် သာသွားပြီ။ နင့်ကို သိပ်အားကျတယ်ဟာ။ နင်က မြို့ပေါ်မှာ အမျိုးရှိတော့ ကံကောင်းလိုက်တာ။ ငါက စခန်းမှာပဲ နေနေရတုန်း။ သေနတ်သံတွေလည်း ကြားနေရတုန်းပဲ။ ကြာတော့ ရိုးတောင်နေပါပြီ။ အစ်ကိုနဲ့ အဖေလည်း ဘယ်ရောက်နေပြီလဲ မသိဘူး။ သူတို့ကို မေ့သွားမှာစိုးလို့ ထင်ပါရဲ့ မနေ့ညက အမေက သူတို့ ဓာတ်ပုံထုတ်ကြည့်နေတယ်။ ဓာတ်ပုံကလည်း သေချာတောင် မမြင်ရပါဘူး။ ဒါနဲ့ နင့်ဓာတ်ပုံလေး အဆင်ပြေရင် ငါ့ကို ထည့်ပေးလိုက်ပါဦး။ ငါ့ဓာတ်ပုံပို့ချင်ပေမယ့် မရှိဘူးဟယ်။ ငါတို့စခန်းကို နင်အလည်လာပါဦး။
အေးမူ
မောင်ကျောင်းသားဖိုးထူး
နင့်ကျောင်းဝတ်စုံနဲ့ ဓာတ်ပုံက သိပ်သားနားတာပဲ။ ငါတော့ စခန်းတစ်ခုလုံး ပတ်ကြွား ပစ်လိုက်တယ်။ အရင်က ငါတို့ရွာမှာပဲ ကျောင်းရှိလို့ နင်တို့ရွာကနေ နင် ကျောင်းလာတက်ရင် နင့်အ၀တ်အစားတွေက ဖုန်တွေနဲ့ သိပ်ညစ်ပတ်လို့ ငါအမြဲ နင့်ကို နောက်ခဲ့တာတောင် အားနာမိတယ်။ ခုနင်က မြို့မှာ ကျောင်းတက်နေရတော့ ကျောင်းဝတ်စုံလေးက သိပ်လှတာပဲနော်။ အေးဟယ်။ ငါတို့ကျောင်းကြီးလည်း မီးလောင်သွားပြီလားမသိဘူး နော်။သိပ်သတိရတယ်။ အမေတို့ကိုတော့ မပြောတော့ပါဘူး။ တော်နေကြာ မဖြစ်နိုင်တာကို ပြောနေတယ်ဆိုပြီး အမေက ရိုက်ဦးမယ်။ သူခုတစ်လော သိပ်စိတ်တိုလွယ်နေတာ။
ငါ့အစ်မ ယောင်္ကျားရသွားပြီ။ ငါတို့စခန်းကပါပဲ။ တစ်ရွာတည်းသားတော့မဟုတ်ဘူး။
အေးမူ

ဖိုးထူးရေ
နင့်ဆီကို စာပေးရတာ တစ်ခါထက်တစ်ခါ ခက်တယ်။ ငါတို့ဆီကို လာတဲ့ အလှူရှင်တွေနဲ့ ထည့်ပေးရတာဆိုတော့ သူတို့ ယူသွားပေးချင်မှ ငါက ထည့်ပေးလို့ရတာ။ အရင်က မြို့ကို လာနေကျ ဦးပေါက်က သေသွားတယ်လေ သူ့နေရာမှာ နောက်ထပ် တာဝန်ကျတဲ့ လူက ငါစာသွားပေးတော့ ရှုပ်တယ်တဲ့ မယူသွားပေးနိုင်ဘူးတဲ့။ ဒါနဲ့ ခု အလှူရှင်တွေ ငါတို့စခန်းကိုလာတာနဲ့ ငါ ထည့်ရေးပေးလိုက်တာ။ ရာသီဥတုက သိပ်အေးလာနေပြီ။ ငါအနွေးထည်လေးလည်း ကျပ်နေတယ်။ လာလှူတဲ့အထဲမှာလည်း ငါနဲ့တော်တာ မပါတော့ အမေ့အနွေးထည်အပွကြီး ယူဝတ်ထားရတယ်။ ငါ့အမေကတော့ လာလှူတဲ့အထဲမှာ သူနဲ့တော်တာပါလို့ ယူထားတယ်။ သူပျော်နေတယ်။ သူကြိုက်တဲ့ အနီရောင်လေး ရလို့တဲ့။ ငါကတော့ ပွပွကြီးပေါ့။
အေးမူ

ဖိုးထူးရေ…
အမေဆုံးပြီ။ ငါတို့လည်း ထပ်ရွှေ့ရဦးမယ်ထင်တယ်။ ငါခု အစ်မတို့လင်မယားနဲ့ပဲနေနေတယ်။ အမေဘာလို့ဆုံးလဲ ငါမသိဘူး။ တောထဲသွားရင်း ပြန်မလာတော့ စခန်းက လူတွေက လိုက်ရှာပေးကြတယ်။ ပြန်မတွေ့တော့ သေပြီလို့ ပြောကြတယ်။ အဖေနဲ့ အစ်ကိုလည်း ပြန်မလာသေးဘူး။ ငါလည်း ဘယ်ထပ်ရွှေ့ရမယ်မသိဘူး။ ဒီတစ်ခေါက်ရွှေ့ရင် အဖေနဲ့ အစ်ကို လိုက်လာနိုင်ပါ့မလားမသိဘူးနော်။ ခုဆို နင်ကတော့ အထက်တန်းကျောင်းသားကြီးဖြစ်နေလောက်ရောပေါ့။ စခန်းအသစ်ရောက်လို့ နေသားတကျဖြစ်တာနဲ့ ငါနင့်ဆီကို စာထပ်ရေးလိုက်ပါမယ်။
အေးမူ

မိ
၁၂.၁၁.၂၀၁၅

No comments:

Post a Comment